၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ချင်းရွှေဟော်ဂိတ်အား ယနေ့(အောက်တိုဘာ ၆ ရက်)မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းမှလွဲ၍ ကျန်ကုန်ပစ္စည်းများတင်သွင်းခွင့်မပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံဒေသအသီးသီးကထွက်ရှိသည့် ဆန်၊ ပြောင်း၊ ကြံ၊ ပဲ စသည့် စိုက်ပျိုးထုတ်ကုန်များအား တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချနေသည့် အတွက် ထိုဂိတ်အား ဒီဇင်ဘာလ (ကြံခုတ်ရာသီ)အထိ ပိတ်မည်ဆိုပါက ကြံစိုက်တောင်သူများအတွက် ဆုံးရှုံးမှုများရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက “အဲ့အချိန်ထိ ပိတ်မယ် ဆိုရင်တော့ ဒီ ပြဿနာက ကြီးသွားပြီ။ ကြံတန်ချိန်ကလည်း သိန်းနဲ့ချီရှိတာကိုး။ ဆုံးရှုံးမှုများမှာပေါ့။ ဆုံးရှုံးမှုများမယ်ဆိုတာက ဒီဘက်က လောက်ကိုင်ဘက်ကဟာဆိုရင် သကြားစက်ကအနီးဆုံးက မိုင်းရယ်ပဲ ရှိတာလေ။ မိုင်းရယ်မှာသယ်ပြီးကြိတ်မယ်ဆိုရင်လည်း သယ်ယူပို့ဆောင်ခစရိတ်တွေနဲ့ လက်ရှိလောင်စာဆီစျေး နဲ့ဆိုရင် တော်တော်လေးတော့ တောင်သူတွေနစ်နာမှုများမှာပေါ့နော်”ဟု CNI သတင်းဌာန သို့ပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် ကြံများအား ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ခြင်းဖြစ်ပြီး တန်ချိန် ၇ သိန်းမှ ၈ သိန်းခန့်တင်ပို့ကြောင်းနှင့် ကြံတစ်တန်အား မြန်မာကျပ်ငွေ ရှစ်သောင်းခွဲဝန်းကျင် ပေးကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် မူဆယ်ကုန်သွယ်ရေးပြီးပါက ဒုတိယအကြီးဆုံး နယ်စပ် စခန်းဖြစ်ကာ တရုတ်နိုင်ငံဘက်မှ စက်ပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်းနှင့် လူသုံးကုန်များ အဓိကတင်သွင်းသည်။

လက်ရှိတွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရုတ်ဘက်မှ ပိတ်ထားသည်မှာ သုံးလနီးပါးခန့် ကြာမြင့်နေကာ ချင်းရွှေဟော်ဂိတ်အား ရေရှည်ပိတ်သွားမည်ကို အားလုံးက စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက “ကျနော်တို့က ကြံက သူ့ရာသီနဲ့သူ မခုတ်မနေ ခုတ်ရတာကိုး။ ဥပမာ ၁၀ လ ၁၂ လဆို ခုတ်ရတာ။ သေချာပေါက်ခုတ်ပြီးတော့ သကြားစက်ကို တင်ပို့ရောင်းချရတာ။ စက်သွင်းကြံဆိုတာက စက်ရုံပဲသွင်းရတာ။ အဲဒီ အချိန်ကာလကျလို့ မဖြစ်မနေခုတ်ရပြီဆို ခုတ်ပြီးတော့ ဟိုဘက်က ဂိတ်ပိတ်ထားရင် ဒါတွေဘယ်သွားပစ်မလဲဆို မီးရှို့ရုံပဲရှိတော့ တာပေါ့” ဟု ‌ပြောသည်။

ကြံများအား အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး နောက်တစ်နှစ် မတ်လခန့်အထိ စိုက်ပျိုး ကြကြောင်းနှင့် ကြံများအား ၁၀ လ၊ ၁၁ လ အကြာမှ ခုတ်၍ရကြောင်းသိရသည်။

လက်ရှိတွင် ကြံစိုက်ရာသီဖြစ်ကာ ကြံစိုက်တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ စျေးများမြင့်တက်နေသည့် အတွက် အခက်အခဲများရှိနေသည်။

လက်ရှိတွင် သကြားတစ်ပိဿာမှာ ငွေကျပ် ၂၀၀၀ ဝန်းကျင်တွင်ရှိကာ မုန့်လုပ်ငန်းရှင်များမှ အဓိက ဝယ်ယူ ကြကြောင်း သိရသည်။