၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၇
သတ်မှတ်အခြေခံရည်ညွှန်းစပါးစျေးအား စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်း ၄ သောင်းနှုန်း သတ်မှတ်ထားသော် လည်း လက်ရှိတွင် ကျပ် ၆ သိန်းကျော် ပေါက်စျေးရှိနေကြောင်း သိရသည်။
ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်နုဝင်းက “အခုလက်ရှိအနေအထားကတော့ ၆ သိန်း ၈ သောင်းနဲ့ ၇ သိန်းကြားလောက်တော့သွားမှာပေါ့၊ ဒါကသူ့စပါးအမျိုးစားလိုက်တော့ နည်းနည်းကွာမယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ ဒီလိုအချိန်ဆိုရင် ၆ သိန်းအောက်မှာရှိတာပဲ။ လောလောဆယ် ဒီနှစ်ကတော့ မြင့်နေတာ ပေါ့”ဟု CNI သို့ ပြော သည်။
တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ် အခြေခံရည်ညွှန်းစပါးစျေးအား တင်း ၁၀၀ ကို ၅ သိန်း ၄ သောင်းသတ်မှတ်ထားကြောင်း အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ထားပြီး ပြီးခဲ့သည့်နှစ် မိုးစပါးရိတ်သိမ်းချိန် စပါးအစိုစျေးမှာ ကျပ် ၄ သိန်းခွဲသာ ပေါက်စျေး ရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စပါးတင်း ၁၀၀ အား ကျပ် ၆ သိန်းကျော်အထိ ပေါက်စျေးရှိနေခြင်းသည် စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းများ၊ ဓာတ်မြေဩဇာစျေးနှုန်းများ၊ အထွေထွေကုန်စျေးနှုန်းများ မြင့်တက်နေသည့်အတွက် စျေးမြင့် နေခြင်းဖြစ်နိုင်ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်နုဝင်း ကရှင်းပြသည်။
“အဲ့ဒါကတော့ မားကတ်ရဲ့ အလိုအတိုင်းအတာရသွားတဲ့သဘောရှိပါတယ်။ သူတို့သတ်မှတ်တာတော့ သတ်မှတ်တဲ့စျေးအတိုင်းရှိမှာပေါ့။ ဒါပေမယ့်လည်း အပြင်မှာ ဝယ်လိုအား ရောင်းလိုအားပေါ်မှာမူတည်ပြီး ဒီတိုင်းသွားနေကြတာလေ။ အဲဒါတွေကတော့ ကျနော်တို့လည်း သေသေချာချာမပြောနိုင်ဘူးပေါ့။ ဝယ်လိုအားရှိလို့ ဝယ်ကြတယ်လို့ပဲ ထင်ကြတာပါ” ဟု ၎င်းက ဆိုသည်။
တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ ထုတ်ပြန်ချက် တွင် အခြေခံရည်ညွှန်းဈေးနှုန်းမှာ အစိုဓာတ် ၁၄ ရာခိုင်းနှုန်းရှိ၍ အဖျင်း အမှော်၊ သဲ၊ ခဲ ကင်းစင်ပြီး တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ အား သတ်မှတ်ခြင်းဖြစ်သည်။
စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါးစျေးနှုန်းအပေါ်တွင်ရှိပါက စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူ ကြရန်နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါးစျေးနှုန်းအောက်တွင်ရှိပါကလည်း အခြေခံ ရည်ညွှန်းစပါးစျေးနှုန်းအတိုင်း ဝယ်ယူရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသတ်မှတ်ထားသည့် အခြေခံရည်ညွှန်းစပါးစျေးသည် ၂၀၂၁ မိုးစပါး နှင့် ၂၀၂၂ နွေစပါးအတွက်သာ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂမှ ဗဟိုဥက္ကဌ ဒေါ်စုစုနွေးက“လယ်သမားတွေက စိုက်တဲ့စပါးရဲ့ စိုက်ဧက ထဲကိုထည့်တဲ့ စိုက်ပျိုးစရိတ်တောင် မကျေဘဲနဲ့ သိန်းတစ်ရာရင်းလို့ရှိရင် သိန်းတစ်ရာပြန်ရှုံးတာတို့ သိန်း ၂၀ ရင်းရင် သိန်း ၂၀ ပြန်ရှုံးတာတို့ အဲ့လိုမျိုးပေ့ါနော်၊ အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်။ အခက်အခဲတွေများစွာရှိတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ခုနှစ်တွင် အခြေခံရည်ညွှန်းစပါးစျေးအား စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်းနှုန်း သတ်မှတ်ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ တွင် ကျပ် ၅ သိန်း ၂သောင်း အထိရှိလာခဲ့ရာ လက်ရှိတွင်ကျပ် ၅ သိန်း ၄ သောင်း အထိ တိုးလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစျေးနှုန်းသတ်မှတ်ချက်အား ၂၀၁၈ ခုနှစ်က စတင်သတ်မှတ် ထုတ်ပြန်ခဲ့သည်။