၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၇

ဧရာ၀တီမတ်ပဲသည် တစ်တင်းလျှင် ကျပ် ၆၇၀၀၀ မှ ၇၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးပြန်လည် ကျဆင်းလာသည့်အတွက် မတ်ပဲဈေး အနည်းငယ် ပြန်လည် ကျဆင်းသွားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနမှ သိရသည်။

မတ်ပဲဈေးသည် အောက်တိုဘာ ၄ ရက် မှစတင်ကာ အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။

လက်ရှိကာလအတွင်းဖြစ်ပေါ်နေသည့် မတ်ပဲနှင့် ပဲမျိုးစုံဈေးအတက်အကျသည် ဒေါ်လာဈေး အတက်အကျ ပေါ်တွင်သာ အဓိကမူတည်နေခြင်းဖြစ်သည့်အတွက် မတ်ပဲ တစ်တင်း ကျပ် ၇၀၀၀၀ ဝန်းကျင် ဈေးပေါက်သည့် ရက်များတွင် ဒေါ်လာပြင်ပပေါက်ဈေး ကျပ် ၂၇၀၀ ၀န်းကျင်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ကျပ် ၂၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားသည့်အတွက် မတ်ပဲဈေးနှုန်းများ လိုက်ပါကျဆင်းသွားခြင်းဖြစ်ကြောင်း သိရ သည်။

မတ်ပဲဈေးနှုန်းများမှာ အောက်တိုဘာ ၁ ရက်တွင် တစ်တင်းလျှင် ကျပ် ၆၁၅၀၀၊ အောက်တိုဘာ၂ ရက်တွင် ကျပ် ၆၄၀၀၀၊ အောက်တိုဘာ ၃ ရက်တွင် ကျပ် ၆၄၅၀၀၊ အောက်တိုဘာ ၄ ရက်တွင် ကျပ် ၆၀၀၀၀၊ အောက်တိုဘာ ၅ ရက်တွင်ကျပ် ၅၂၅၀၀၊ အောက်တိုဘာ ၆ ရက်တွင် ကျပ် ၅၄၅၀၀ နှင့် ယနေ့ အောက်တိုဘာ ၇ ရက်တွင် ၅၆၅၀၀ ကျပ်ရှိကြောင်း သိရသည်။

လွန်ခဲ့သောနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံများ၏ ပဲလိုအပ်ချက်များပြားခဲ့သော ကာလများတွင် မတ်ပဲကို FOB(ပြည်ပပို့ဈေး) ပေါက်ဈေးအမြင့်ဖြင့် တင်သွင်းခဲ့ရပြီး ယခုနှစ်တွင်လည်း FOB ပေါက်ဈေး မြင့်တက် လာနိုင်ခြေရှိသဖြင့် မတ်ပဲဈေး အနည်းငယ်ပြန်လည်တက်လာနိုင်ခြေရှိကြောင်း ဧရာကုန်သွယ်မှုဗဟိုဌာနက ခန့်မှန်းထားသည်။

အိန္ဒိယအစိုးရမှ မတ်ပဲနှင့်ပဲစင်းငုံ တင်သွင်းခွင့်အား ယခင်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုံးထားတင်သွင်းရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သတ်မှတ်ထားသော်လည်း လက်ရှိတွင် ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးကြောင်း ကြေညာထားသည်။