
- By CNI
- Category: ဆောင်းပါး
- Hits: 2320
CNI Article
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁
ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်(၂)ဟာ အသက် ၉၆ နှစ်အရွယ်မှာ ကံကုန်သွားခဲ့ပါပြီ။ ဘုရင်မကြီးဟာဆိုရင် ဗြိတိန်မှာ ဘောလုံး အပါအဝင် ယဉ်ကျေးမှု ကဏ္ဍအားလုံးကို ထိထိမိမိ ကိုင်တွယ်ခဲ့ကာ နှစ်ပေါင်း ၇၀ ကြာ စိုးစံမှု ကို အဆုံးသတ်ခဲ့ပါတယ်။
ဘုရင်မကြီးဟာ ဗြိတိန်ဘောလုံးလောကရဲ့ အကြီးမားဆုံး အခိုက်အတန့်တွေမှာ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ တစ်ခုတည်းသော ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဘုရင်မကြီးက ၁၉၆၆ ခုနှစ်မှာ ဆာဘော်ဘီမိုးဆီ ပေးအပ်ခဲ့ပါတယ်။
သူမဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပုံမှန်တက်ရောက်ခဲ့ပြီး ချန်ပီယံဆုရ အသင်းကို ဂုဏ်ပြုခဲ့ပါတယ်။ ဂိုးလ်ကွန်းက ဘုရင်မကြီး အယ်လိဇဘတ်(၂)နဲ့ ဘောလုံးလောကရဲ့ လှပတဲ့ အခိုက်အတန့်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။
၁၉၆၆ ကမ္ဘာ့ဖလားဆုဖလားကို ပေးအပ်ခြင်း
******************************************
နန်းတက်ပြီး ၁၃ နှစ်အကြာမှာ ဘုရင်မကြီး အယ်လိဇဘတ်ဟာ ဂျူလတ်စ်ရီမတ်ဆုဖလားကို ၁၉၆၆ ကမ္ဘာ့ဖလားရ ခဲ့တဲ့ အင်္ဂလန်အသင်းကို ပေးခဲ့ရခြင်းအတွက် အလွန်ကျေနပ် ပျော်ရွှင်နေခဲ့တာပါ။
၂၀၂၀ ဥရောပချန်ပီယံရှစ် ဗိုလ်လုပွဲ မတိုင်ခင်မှာ “လွန်ခဲ့တဲ့ ၅၅ နှစ်က ဘော်ဘီမိုးကို ကမ္ဘာ့ဖလား ဆုဖလားပေးရ တာ ကျမ ကံကောင်းခဲ့ပါတယ်။ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲ ရောက်ရှိပြီး အနိုင်ယူဖို့အတွက် ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေက ဘာကိုဆိုလို သလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
အင်္ဂလန် ၁၉၆၆ ကမ္ဘာ့ဖလားရခဲ့စဉ်က ဘော်ဘီမိုးကို ဆုဖလားပေးအပ်နေစဉ်
ဥရောပ ဗိုလ်လုပွဲကို တက်ခဲ့တဲ့အတွက် ကျမနဲ့အတူ ကျမရဲ့ မိသားစုတွေက ဂုဏ်ယူကြောင်း ပေးပို့ချင်ပါတယ်”လို့ ဘုရင်မကြီးက ရေးသားခဲ့တာပါ။
ဝက်စ်ဟမ်းအသင်း ပရိသတ်
***************************
တခြားတော်ဝင်တွေနဲ့မတူဘဲ အယ်လိဇဘတ်(၂)ဟာ သူမ ဘယ်အသင်းကို အားပေးလဲဆိုတာကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် သူမဟာ ဝက်စ်ဟမ်းအသင်း ပရိသတ်ဆိုတဲ့ ကောလာဟာလ ပျံ့နှံ့နေမှုကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။
ဘုရင်မကြီးရဲ့ အိမ်သားတစ်ဦးက သူမကို မီလ်ဝေါအသင်း အားပေးတဲ့သူဖြစ်ကြောင်း ပြောပြတဲ့အချိန်မှာ ဝက်စ်ဟမ်းအသင်းအတွက် သူမရဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ ယူဆရကြောင်း ၂၀၀၉ ခုနှစ် မှာ မေရာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အရင်ကလည်း ဘုရင်မကြီးဟာ အာဆင်နယ်အသင်း ပရိသတ်ဖြစ် ကြောင်း သိခဲ့ရပါတယ်။
ဘောလုံးသမားတွေကို ဂုဏ်ပြုခြင်း
********************************
အယ်လိဇဘတ်ရဲ့ အရေးကြီးဆုံး ယဉ်ကျေးမှု အခန်းကဏ္ဍတွေထဲက တစ်ခုကတော့ နှစ်သစ်ကူး ဂုဏ်ပြုပွဲနဲ့ ဘုရင်မကြီး မွေးနေ့မှာ ဘောလုံးသမား အသီးသီးကို အသိအမှတ်ပြု ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။
ဆာစတန်လေ မက်သရူးဟာ သူရဲကောင်းဆုရတဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အဲလက်စ်ဖာဂူဆန်နဲ့ ဘော်ဘီရော့ဘ်ဆန်တို့လည်း ဂုဏ်ပြုခံခဲ့ရပါတယ်။
ဘောလုံးသမား အများအပြားဟာ OBEs၊ MBEs၊ CBEs တို့ကို ရရှိခဲ့ပြီး ရွိုင်းဟောဒ့်ဆန်၊ ဒေးဗစ်ဘက်ခမ်းနဲ့ မကြာသေးခင်က ဂါရတ်ဘေးလ်တို့ဟာ ဒီ ဆုတံဆိပ်တွေကို ရရှိခဲ့ကြပါတယ်။
အီးမရိတ်ကွင်းဖွင့်အပြီးမှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံ
*******************************************************
ဘုရင်မကြီးဟာ အာဆင်နယ်အသင်းကြီးကို ဘက်ကင်ဟမ်နန်းတော်ကို ဖိတ်ကြားခဲ့ပါတယ်။ အာဆင်နယ် အသင်း သားတွေနဲ့အတူ လက်ဖက်ရည် သောက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဖိတ်ကြားခံရတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် မှတ်တမ်းရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ ဘုရင်မကြီးတွေ့ဆုံစဉ်
အွန်နရီက “ဒါဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ ဘုရင်မကြီးက ကျနော်တို့ကို ပေးခဲ့တဲ့ အတွေ့အကြုံကို ဖော်ပြဖို့ အတွက် စကားလုံး မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
အက်ဖ်အေဆုဖလား ပေးအပ်ခြင်း
*********************************
နန်းသက် အစောပိုင်းနှစ်တွေမှာ ဘုရင်မကြီးကို အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ မကြာခဏ တွေ့မြင်ခဲ့ရ ပါ တယ်။ သူမဟာ ၁၉၆၆ ခုနှစ်ကလိုပဲ ဝင်ဘာလေမှာ အသင်းခေါင်းဆောင်ကို အောင်ပွဲခံဖို့ ဆုဖလား ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းနဲ့ ဘုရင်မကြီးကိုတွေ့ရစဉ်
ရှုံးနိမ့်ခဲ့တဲ့ အသင်းကို နှစ်သိမ့် စကားပြောဖို့ အတွက်လည်း သူမဟာ ဒီနေရာမှာ ရှိနေခဲ့တာပါ။ ဘုရင်မကြီး အယ်လိဇဘတ်နဲ့ တွေ့ဆုံခြင်းဟာ သူတို့ ကစားသမားဘဝရဲ့ အထင်အရှားဆုံး အရာတွေထဲက တစ်ခုဖြစ်ကြောင်း ကို ဘောလုံးသမားတွေဘက်က ထင်ဟပ်နေကြတာ ဖြစ်ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းကို ဂုဏ်ပြုခြင်း
*****************************************
အင်္ဂလန် အမျိုးသမီးအသင်းဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး နိုင်ငံရဲ့ နှစ်ပေါင်း ၆၀ နီးပါးကြာ ဆုဖလား လက်မဲ့ ဖြစ်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီးအသင်းကို စာရေးသား ကာ ဂုဏ်ပြုခဲ့ပါသေးတယ်။
အင်္ဂလန်အမျိုးသမီးအသင်း ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲစဉ်
“ဥရောပချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ သူတွေအားလုံးကို နွေးထွေးစွာ ဂုဏ်ပြုချင်ပါတယ်။ ဒါဟာ အသင်းတစ်ခုလုံး အတွက် ထင်ရှားတဲ့ အောင်မြင်မှုပါ။ ချန်ပီယံဆုနဲ့အတူ သင်တို့ရဲ့ စွမ်းဆောင်ရည်တွေက မှန်ကန်တဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ဒါက ဒီနေ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက် အတုယူစရာပါ။ သင်တို့ရဲ့ အားကစားအပေါ် မှာ သက်ရောက်မှုရလဒ်က ဒီရလဒ်လိုမျိုးပဲ သင်တို့ ဂုဏ်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်း” ဘုရင်မကြီးက ရေးသား ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဘုရင်မကြီး အယ်လိဇဘတ်ဟာ သူချစ်ခင်မြတ်နိုးတဲ့ ဘောလုံး အပါအဝင် ဗြိတိန်နိုင်ငံက ယဉ်ကျေးမှု အားကစားပွဲတွေနဲ့ သူချစ်တဲ့ ဗြိတိန်နိုင်ငံသူ/သားတွေကို ထားရစ်ခဲ့ပြီး အဝေးဆုံးကို ထွက်ခွာသွားခဲ့ပါပြီ။
Source: Goal
- By CNI News
- Category: ဆောင်းပါး
- Hits: 1392
CNI Article
လန်ဒန်၊ စက်တင်ဘာ ၉
စက်တင်ဘာ ၈ ရက်၌ ဘုရင်မကြီး အယ်လိဇဘတ် (၂) ကွယ်လွန် အနိစ္စရောက်သွားပြီး နောက်ပိုင်း အိမ်ရှေ့စံ မင်းသားဘဝမှ အလိုအလျောက် ဗြိတိန်ထီးနန်း ဆက်ခံလိုက်ပြီဖြစ်သော ဘုရင်ချားလ်စ် (၃)သည် ၎င်း၏ ဘုရင်ဘဝ စတင်သော ပထမဆုံးနေ့တွင် လူထုမိန့်ခွန်း ပြောမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က စက်တင်ဘာ ၉ ရက်၊ ညနေပိုင်းတွင် ရေးသားဖော်ပြသည်။
ဗြိတိန်ထီးနန်း ဆက်ခံပြီဖြစ်သည့် ချားလ်စ်သည် ၎င်း၏မိခင် အယ်လိဇဘတ် ဘုရင်မကြီး ကွယ်လွန်ပြီး နောက် တစ်နေ့တွင် စကော့တလန်ရှိ ဘယ်မော်ရယ် (Balmoral) ရဲတိုက်မှ စက်တင်ဘာ ၉ ရက်တွင် လန်ဒန်မြိုတော်သို့ ပြန်လည်ရောက်ရှိလာမည်ဟု သိရသည်။
ဘုရင်မကြီးသည် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကမ္ဘာ့သက်တမ်း အရှည်ဆုံး ထီးနန်းစံခဲ့ သူလည်း ဖြစ်သည်။
ဘုရင်မကြီး အယ်လိဇဘတ် ကွယ်လွန်ခြင်း ၀မ်းနည်းအထိမ်းအမှတ်
စက်တင်ဘာ ၉ ရက် နှောင်းပိုင်းတွင် ထုတ်လွှင့်မည်ဟု မျှော်လင့်ရသော ချားလ်စ်၏ ရုပ်သံလိုင်းမှတဆင့် မိန့်ခွန်း သည် ဘုရင်မကြီးအတွက် ထူးထူးခြားခြား အောက်မေ့ဖွယ် ဖြစ်နေလိမ့်မည် ဖြစ်သည်။
သို့သော် ဘုရင်သစ်သည် ယခုသီတင်းပတ် အစောပိုင်းက တက်လာသော ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ် (Liz Truss) နှင့် ပရိသတ်ကို လက်ခံတွေ့ဆုံသည့် အခမ်းအနားကိုလည်း ကျင်းပရဦးမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ (စည်းမျဉ်းခံ) ဘုရင်စနစ်တွင် အုပ်ချုပ်မှု ဆက်လက် တည်မြဲမှုကိုလည်း အာရုံစိုက် ရန်ရှိနေသည်။
ဘုရင်မင်းမြတ် ချားလ် မြို့တော်သို့ မရောက်ရှိမီ သေနတ်ဖောက် အလေးပြုသံများသည် ဟိုင်ဒီပန်းခြံနှင့် အခြားနေရာများမှ လန်ဒန်မြို့တစ်မြို့လုံးကြားအောင် ဘုရင်မကြီး၏ သက်တမ်းကို ရည်စူး၍ အကြိမ် ပေါင်း ၉၆ ကြိမ်၊ ဘုရင်သစ်အတွက် တစ်ကြိမ် စသည်ဖြင့် ပစ်ဖောက်၍ ဂါရဝပြုခဲ့သည်။
ဘုရင်မကြီးသည် လန်ဒန်မြို့တော် ပြင်ပရှိ ဘယ်မော်ရယ် ရဲတိုက်တွင် ကွယ်လွန်သွားခဲ့ရာ ချားလ်စ်လည်း လက်ရှိ မိဖုရားတစ်ဖြစ်လဲ ကြင်ယာတော် ကာမီလာနှင့်အတူ အားချင်းလိုက်သွားခဲ့သည်။
ဘုရင်မကြီး အယ်လိဇဘတ်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နန်းစံသက် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ကာလတွင် ဘုရင်မကြီးသည် ချားလ်စ်နှင့် ကာမီလာတို့ကို ဗြိတိန်နိုင်ငံသားများ လိုလားလက်ခံကြစေရန်အတွက် တော်ဝင်မိသားစုဆိုင်ရာ ထုတ်ပြန်ချက် တစ်စောင် ရေးသားဖြန့်ဝေခဲ့သည်။
ယခုကဲ့သို့ ချားလ်စ် နန်းတက်သောအခါ ယခင်က ကာမီလာအပေါ် လူထု မည်သို့ သဘောထားကြမည်ကို မေးခွန်း ထုတ်စရာ ကောင်းနေသည်။ ချားလ်စ်သည် ဝေလမင်းသမီး ဒိုင်ယာနာနှင့် လက်ထပ်ခဲ့စဉ်က ဗြိတိန်လူထုက လိုလားနှစ်ခြိုက်စွာဖြင့် ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို စီးမျောခံစားခဲ့ကြသည်။
နောက်ပိုင်းတွင် ချားလ်စ်သည် ဒိုင်ယာနာနဲ့ ကွာရှင်းခဲ့ပြီး ကာမီလာကို ပြောင်ပြောင်တင်းတင်း လက်ထပ်ခဲ့သည်။ ယခု အခါသမယတွင် ချားလ်စ်သည် ၎င်းနှင့်အတူ ယှဉ်တွဲ၍ ရာဇပလ္လင်ပေါ် တက်မည့် မိဖုရားကို လူထု လိုလားစေ ရန် များစွာ စည်းရုံးဆွဲဆောင်ရဦးမည် ဖြစ်သည်။
ဗြိတိန် ဝန်ကြီးချုပ်အသစ် မစ္စ ထရက်စ် ဘုရင်မကြီး မကွယ်လွန်ခင် တစ်ရက်အလိုက အတည်ပြုချက်ရယူစဉ်
လောလောလတ်လတ် ဝန်ကြီးချုပ် ဖြစ်လာသော မစ္စ ထရက်စ်ကတော့ ရာထူး လက်ခံယူသည့်နေ့တွင် ဘုရင်မ ကြီး မကွယ်လွန်မီ တစ်ရက်အလို နောက်ဆုံး တွေ့ခဲ့ရသူတစ်ဦး ဖြစ်နေခဲ့သည်။
ဘာကင်ဟမ်နန်းတော်တွင် ဘုရင်မကြီးထံမှ အတည်ပြုချက် ရယူပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာသူ ထရက်စ် သည် လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်တွင် မိန့်ခွန်းပြောခဲ့ပြီး ဖြစ်သည်။
ဤသို့ဖြင့် ဘုရင်အသစ်၊ ဝန်ကြီးချုပ်အသစ်ဖြင့် ဗြိတိန်နိုင်ငံ၏ ရှေ့ခရီး ဆက်ကြရဦးမည်ဖြစ်သည်။
Source: New York Times

- By CNI
- Category: ဆောင်းပါး
- Hits: 1183
CNI Article
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄
၂၀၁၈ မှာ အိုင်ဆက်ခ်ဟာ ရှာဖွေရေးမစ်ရှင်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဆွီဒင် လက်ရွေးစင်နဲ့ ထွန်းထောက်လာခဲ့တဲ့ အိုင်ဆက်ခ်ဟာ အရှေ့အာဖရိကရှိ အီရစ်ထရီးယားကို ခရီးထွက်ခဲ့ပါတယ်။
အိုင်ဆက်ခ်ဟာ ဘောလုံးကျောင်းကို သွားရောက်လည်ပတ်ခဲ့ပြီး သူ့ရဲ့ မျိုးရိုးဇစ်မြစ်ကို ပိုပြီးကောင်းမွန်လာအောင် ကြိုးစားခဲ့ပါတယ်။ အစောပိုင်းနှစ်တွေက သူ့ရဲ့ မိခင်ဖြစ်သူနဲ့ ဖခင်တို့ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရှာဖွေဖို့အ တွက် စစ်ဘေးဒဏ်သင့်ခဲ့တဲ့ အီရစ်ထရီးယားကို စွန့်ခွာခဲ့ကြတာပါ။
အီရစ်ထရီးယားနိုင်ငံဖွား အိုင်ဆက်ခ်နဲ့ သူ့ငယ်ဘ၀ နည်းပြဖြစ်သူနဲ့အတူတွေ့ရစဉ် (The Sun)
အိုင်ဆက်ခ် မွေးဖွားရာ စတော့ဟုမ်းမြို့ အပြင်ဘက် ဆင်ခြေဖုံး ရပ်ကွက်ဖြစ်တဲ့ ဆိုလ်နာကို ပြောင်းရွှေ့နေထိုင် ခဲ့ ကြတာ ဖြစ်ပါတယ်။ အိုင်ဆက်ခ်ဟာ နတ်ဘုရားကြီးလို့ လူသိများတဲ့ ဇလာတန် အီဘရာဟီမိုဗစ်နဲ့ နှိုင်းယှဉ်ခံရ နေရပြီး အခုအပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းက သူ့ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်း အသုံးပြုပြီး ဆိုစီဒက်ကနေ ခေါ်ယူခဲ့တာပါ။
လွန်ခဲ့တဲ့ ၄ နှစ်က အိုင်ဆက်ခ်ကို ယှဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာကော်မရှင်နာ သံအမတ်ကြီး တီခလီက အီရစ်ထရီးယားနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ငယ်စဉ်က အီရစ်ထရီးယားနိုင်ငံကို ခဏတာ ပြန်ရောက်ခဲ့ပေမယ့် ပွဲတွေမှာ အောင်မြင်ပြီးနောက် ဒီကို လာရောက်ခြင်း မရှိခဲ့ပါဘူး။ ဆွီဒင်နိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ အရပ် ၆ ပေ ၄ လက်မရှိ တိုက်စစ်မှူးဟာ သူ့ရဲ့ အီရစ်ထရီးယား ယဉ်ကျေးမှုအပေါ်မှာ အမြဲသစ္စာစောင့်သိသူ ဖြစ်ပါတယ်။
သူဟာ အီရစ်ထရီးယားမှာ နေထိုင်ချိန်အတွင်း ဒေသတွင်း အားကစားကွင်း တစ်ခုမှာ ဘောလုံးဝါသနာပါတဲ့ ကလေးတွေရဲ့ ကစားပွဲကို မကြည့်ရှုခင် အက်စ်မာရာရဲ့ အောက်ခြေ ပရော်ဂျက်တစ်ခုမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
အိုင်ဆက်ခ်ဟာ ဒါတွေကို မြင်တွေ့ပြီးနောက် သဘောကျသွားခဲ့ကာ သူ့ရဲ့ ကြီးပြင်းလာမှုကို အမှတ်ရစေခဲ့ပါတယ်။
ဆွီဒင်လက်ရွေးစင်အသင်းမှာ အီဗရာဟီမိုဗစ်နဲ့အတူ တွေ့ရတဲ့ အိုင်ဆက်ခ် (The Sun)
“ကလေးတွေ လေ့ကျင့်ပြီး သူတို့ အနာဂတ် တည်ဆောက်တာ ကျနော်နှစ်သက်ပါတယ်။ ကျနော် ငယ်ငယ်တုန်း ကလည်း ဒီလိုပဲ လုပ်ခဲ့တာပါ။ ကွင်းထဲမှာ ကလေးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါက စိတ်ဝင်စားစရာ ကောင်းတဲ့ ပရော်ဂျက်ဖြစ်ပြီး ကလေးတွေ တိုးတက်လာနိုင်တာ မြင်တွေ့ရတာဟာ ဝမ်းသာဖို့ ကောင်းပါတယ်”လို့ အိုင်ဆက်ခ်က သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။
၁၉၈၀ ခုနှစ်တွေမှာ ကျောင်းဆရာဖြစ်တဲ့ ဖခင်ဖြစ်သူ တီယာမီဟာ သူ့မိသားစုအတွက် ပိုပြီးတောက်ပတဲ့ အနာဂတ်ကို လိုချင်ခဲ့တာ ဖြစ်ပါတယ်။ အီရစ်ထရီးယားဟာ တိုင်းပြည် လွတ်မြောက်ရေးအတွက် အပြိုင်အဆိုင် ရှိနေတဲ့ အဖွဲ့အစည်းတွေကြားမှာ တိုက်ပွဲဝင်ခဲ့ကြပြီး ကာလကြာရှည် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မှာ ပါဝင်ခဲ့ပါတယ်။
တီယာမီနဲ့ ဇနီးသည်တို့ဟာ နိုင်ငံကနေ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာပဲ ဆွီဒင်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အိုင်ဆက်ခ်ဟာ ၁၉၉၉ ခုနှစ် ဆိုလ်နာမှာ မွေးဖွားခဲ့ပြီး ၆ နှစ်သား အရွယ်မှာ ပြည်တွင်း အသင်းဖြစ်တဲ့ AIK နဲ့ လေ့ကျင့်မှု ပြီးမြောက်ခဲ့ပါတယ်။ ဒီနေရာမှာ အိုင်ဆက်ခ်ဟာ အီရစ်ထရီးယား နောက်ခံ သမိုင်းကြောင်းကနေ ဆင်းသက်လာတဲ့ နည်းပြ ဂီဒေးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဂီဒေးက “ကျနော်တို့ နှစ်ဦးစလုံးက အီရစ်ထရီးယား နွယ်ဖွားတွေဖြစ်လို့ အထူးနှောင်ကြိုး ဆက်နွယ်နေပါတယ်။ အီရစ်ထရီးယား လူမျိုးတွေက ဂုဏ်ယူကြတယ်၊ လူတွေဟာ မျိုးချစ်စိတ်ရှိပြီး ထက်မြက်ကြပါတယ်။ ပြီးတော့ နောက်ခံ သမိုင်းကြောင်းကလည်း သြဇာရှိပါတယ်။ သူ့အဖေက ဆရာတစ်ယောက်ဖြစ်ပြီး အိုင်ဆက်ခ်က သူ့ မိသားစုဆီကနေ ထောက်ပံ့မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေ အမြဲတမ်း ရရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
အီရစ်ထရီးယားနိုင်ငံကို အလည်ရောက်ခဲ့စဉ်က အိုင်ဆက်ခ် (The Sun)
အသက် ၁၆ နှစ် အရွယ်သာရှိသေးတဲ့ ဆယ်ကျော်သက် အိုင်ဆက်ခ်ဟာ ၂၀၁၆ က ဆွီဒင်ဖလားပွဲစဉ်မှာ AIK အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ သူဟာ အိုစတာစန့်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး နောက် AIK အတွက် လိဂ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အိုင်ဆက်ခ်ဟာ ၁၇ နှစ်ပြည့် မွေးနေ့မှာ မဟာပြိုင်ဘက် ဂျာဂါးဒန်းစ် အသင်းဘက်ကို ၂ ဂိုး သွင်းနိုင်ခဲ့ပြီး ချီးကျူးမှု တွေကို ရရှိခဲ့တာပါ။ သူက ဆွီဒင်ရဲ့ နောက်ထပ် ဇလာတန်ပဲဆိုပြီး ဖော်ပြခံရကာ ပိုမိုကြီးမားတဲ့ မျှော်လင့်ချက် တွေနဲ့ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
၂၀၀၇ မှာတော့ အိုင်ဆက်ခ်ဟာ ကြယ်ပွင့်တွေကို ပြုစုပျိုးထောင်တာမှာ နာမည်ကြီးတဲ့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိုင်ဆက်ခ်ဟာ ဒေါ့မွန်အသင်းထံ မပြောင်းရွှေ့ခင် ရီးရယ်လ်အသင်းကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
“ကျနော့်မှာ ကမ်းလှမ်းမှု တချို့ရှိခဲ့ပေမယ့် ဒေါ့မွန်က ကျနော့်အတွက်တော့ လူငယ်ကစားသမား တစ်ဦးအနေနဲ့ တိုးတက်ဖို့ သင့်တော်တဲ့ နေရာလို့ ထင်ခဲ့ပါတယ်။ ကျနော်နောက်တစ်ဆင့် တက်ချင်ပါတယ်။ ကစားချိန် အနည်း ငယ်ယူပြီး အသင်းကို အကူအညီ ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း” အိုင်ဆက်ခ်က ပြောပါတယ်။
ဒေါ့မွန်အသင်းမှာ အိုင်ဆက်ခ် ကစားခဲ့စဉ် (The Sun)
ဒါပေမယ့် အိုင်ဆက်ခ်ဟာ ဒေါ့မွန်မှာ နည်းပြတွေရဲ့ မျက်နှာသာပေးခြင်းကို မခံရဘဲ နောက်ပိုင်းမှာ ပုံမှန် ကစားခွင့် ရနိုင်ဖို့အတွက် နယ်သာလန်ကလပ် ဝီလျံ II အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒီကလပ်မှာတော့ အိုင်ဆက်ခ်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရှာဖွေနိုင်ခဲ့ပြီး အသင်းကို ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ် ဒတ်ချ်ဖလား ဗိုလ်လုပွဲ တက်နိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ မှတ်တမ်းအချို့ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီး ဆစ်တာ့ဒ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ ၃ ဂိုးစလုံး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အိုင်ဆက်ခ်ဟာ ပထမဆုံးလိဂ်ပွဲ ၁၂ ပွဲမှာ ၁၂ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး နိုင်ငံခြားသား ကစားသမား လည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၉ မှာတော့ အိုင်ဆက်ခ်ဟာ ဒေါ့မွန်ကနေ ထွက်ခွာပြီး ဆိုစီဒက်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၉ သန်း တစ်ပတ်လုပ်ခ ပေါင် ၁၉,၀၀၀ နဲ့ ၅ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။ လာလီဂါမှာတော့ အိုင်ဆက်ခ်ဟာ အထင်ကြီး လောက်စရာကောင်းတဲ့ ခြေစွမ်းတွေကို ဆက်ပြီး ပြသနေခဲ့တာပါ။
ဆွီဒင်ပရိသတ်များကို နုတ်ဆက်နေတဲ့ အိုင်ဆက်ခ် (The Sun)
သူ့ရဲ့ ပထမရာသီက ရီးရယ်လ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆိုစီဒက်အသင်းအတွက် ၂ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အိုင်ဆက်ခ်ဟာ ဘီလ်ဘာအိုနဲ့ ဒါဘီပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
အိုင်ဆက်ခ်ဟာ ဆိုစီဒက်နဲ့ ပွဲဦးထွက်ရာသီမှာ ကိုပါဒယ်ရေး ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ရာသီမှာတော့ အိုင်ဆက်ခ်ဟာ အဆုံးသတ် အပိုင်းကအစ ပိုပြီးကောင်းမွန်လာခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
သူဟာ နောက်ထပ် စံချိန်တစ်ခုကိုလည်း ချိုးဖျက်နိုင်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ အလာဗတ်စ်ကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ အိုင်ဆက်ခ်က ဟတ်ထရစ် ဂိုးသွင်းယူ ခဲ့တာပါ။ ဒါဟာ ၁၉၄၉ က ကာလ်ဆန်ပြီးနောက် လာလီဂါမှာ ပထမဆုံး ဟတ်ထရစ် ဂိုးသွင်းယူနိုင်တဲ့ ဆွီဒင်ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အိုင်ဆက်ခ်ဟာဆိုရင် အခုဆို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းခဲ့ပြီး ပွဲဦးထွက် လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ထူးချွန်ထက်မြတ်တဲ့ လူငယ် ကစားသမား တစ်ဦးအနေနဲ့ အခုထက်ပိုပြီး စံချိန်တွေ ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI News
- Category: ဆောင်းပါး
- Hits: 2168
CNI Article
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့သည့် ဂယက်ကြောင့် အာရှတိုက်၏ ပထဝီဝင် နိုင်ငံရေးနှင့် အငြင်းပွားစရာ လမ်းကြောင်းများ၊ အသွင်သဏ္ဌာန်များကို အခြေခံကျကျ ပြန်လည်ပုံဖော် အားဖြည့် ပေးခဲ့သော်လည်း ကမ္ဘာ့နိုင်ငံရေးအတွက် ဦးတည်ချက် အသစ်ကတော့ ဝေဝါးနေခဲ့သည်။
အမေရိကန်-တရုတ် ပထဝီဝင်နိုင်ငံရေး မဟာဗျူဟာပြိုင်ဆိုင်မှုနှင့် ပြင်းထန်လာခဲ့သော်လည်း ယခင်ဆယ်စုနှစ် များအထိ နိုင်ငံတကာအစီအစဉ်မှာ အချိုးပြေပြစ်နေခဲ့သည်။
သို့သော် ယိုယွင်းလာသော စနစ်များနှင့်အတူ ခေတ်ရေစီးကြောင်းအရ နိုင်ငံတကာ ပတ်ဝန်းကျင်သည် မကြာမီကပင် မတွေးဝံ့စရာ ယူဆခဲ့သော အကြောင်းအရာများက အမှန်တကယ် အန္တရာယ်ရှိသည့် နယ်မြေအငြင်းပွားမှုဆီသို့ ရောက်ရှိလို့ လာခဲ့သည်။
၎င်း၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော ပူတင်၏ ကျူးကျော်စစ် မတိုင်မီက နိုင်ငံအချင်းချင်းကြားတွင် ရှိနှင့်ပြီးသား ယုံကြည်မှုများသည် အမေရိကန်-တရုတ် ထိပ်တိုက်ရင်ဆိုင်သည့် အခါဝယ် သိသိသာသာ လျှော့ကျ သွားခဲ့သည်။ ယခင်သမ္မတ ဒေါ်နယ်ထရမ့်နှင့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်တို့ လက်ထက်တွင် ဝါရှင်တန်သည် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ပိုမိုချဲ့ထွင်လာခဲ့သည်။
ဘိုင်ဒန်၊ ရှီကျင့်ဖျင်၊ ပူတင်တို့ကိုတွေ့ရစဉ်
တစ်ချိန်တည်းမှာပင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း လွန်စွာ ရည်မှန်းချက်ကြီးမားသည့် Belt & Road စီမံချက် ကို ခင်းကျင်းလာခဲ့သည်။ ၂၀၂၀-၂၀၂၁ ကပ်ရောဂါသည် စူပါပါဝါ နှစ်နိုင်ငံအတွက် ပထဝီဝင် နိုင်ငံရေးဗျူဟာများ တင်းမာနေမှု ပိုဆိုးလာစေခဲ့သည်။ ကပ်ရောဂါကို ပူးပေါင်းတိုက်ဖျက်ရမည့်အစား ကိုယ်ပိုင်နည်းလမ်းများဖြင့် ကာကွယ်ဆေး ဖော်စပ်ကြသည်။ သီးခြားစီ ကာကွယ်ဆေးဖြန့်ဖြူးကြသည်။
ယခုနှစ်အစောပိုင်းတွင် အမေရိကန်သည် ကပ်ရောဂါကြောင့် တုံ့ဆိုင်းခဲ့သော ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ပြန်ဖွင့်ပေးခဲ့သည်။ တရုတ်ကတော့ ၎င်း၏နယ်စပ်တချို့ ကန့်သတ်ထားဆဲဖြစ်ပြီး အချို့နေရာများကို လုံးဝပိတ် ထားသည်။ တရုတ်သည် ပြည်တွင်း ကပ်ရောဂါ အတားဆီးကြောင့် ပြည်ပနှင့် အပြည့်အဝ ပြန်လည် ဆက်ဆံနိုင် သေးခြင်း မရှိသေးပေ။
ထိုစဉ် ထိုင်ဝမ် ရေလက်ကြားကိစ္စက တောင်တရုတ်ပင်လယ်မှ အရှေ့တောင်အာရှအထိ သက်ရောက်လာခဲ့သည်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ပြီးခဲ့သည့်လ တိုင်ပေမြို့တော်သို့ လာရောက်မှုကြောင့် ဘေဂျင်းအစိုးရသည် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ရုတ်တရက် စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့သည်။
ရုရှားတပ်ဖွဲ့များကိုတွေ့ရစဉ်
ထို့အပြင် ယူကရိန်းတွင် ရုရှား၏ရန်လိုမှု၊ အာရှတွင် တရုတ်၏ ဩဇာချဲ့ထွင်မှုတို့သည် ကပ်ရောဂါ အကျပ် အတည်းနှင့်အတူ မော်စကို(ရုရှား)-ဘေဂျင်း(တရုတ်)ဝင်ရိုးကို ချောင်ချောင်ချိချိ မလည်ပတ်နိုင်ခဲ့ပေ။
ကမ္ဘာ့နိုင်ငံရေး အရွေ့သည် အာရှရှိ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား မလွဲမသွေ တန်းစီနေခဲ့ပြီး အခြား တဖက်တွင်လည်း ဥရောပသမဂ္ဂနှင့် နေတိုးတို့က ရှိနေသည်။ တရုတ်၊ ရုရှားနှင့် ၎င်းတို့၏ စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံကတော့ ကျန်သည့် တဖက်တွင် ရှိနေခဲ့သည်။
စူပါပါဝါများ ထိပ်တိုက်ရင်ဆိုင်မှုသည် အာဆီယံ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ အပါအဝင် အခြားဒေသတွင်း နိုင်ငံများအတွက် ကြီးမားစွာ အကျိုးသက်ရောက်ခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသရှိ အလယ်အလတ်နှင့် သေးငယ်သော နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင် အချုပ်အခြာ အာဏာနှင့် အမျိုးသား အကျိုးစီးပွားအတွက် စူပါပါဝါနိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုကို စီမံခန့်ခွဲရန် ရွေးချယ်စရာ ဖိအားများ ရှိလာခဲ့သည်။ သို့ဖြစ်လင့်ကစား အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများအဖို့ နက်ရှိုင်းသော ပိုင်းခြားမှုများကတော့ ရှိနေဆဲ ဖြစ်ပါသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်ကတည်းက တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့သည် ဘေဂျင်းအစိုးရ၏ လူလုပ်ကျွန်းအတုများ၊ ကျွန်းပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အငြင်းပွားရင်း သဘောထား ကွဲလွဲနေခဲ့သည်။
အာဆီယံနဲ့ အမေရိကန် အစည်းအဝေး
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံတွင် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချမှုဖြစ်ပွား ပြီး ပြည်တွင်း စစ်မီးတောက်လာခဲ့ရာ အာဆီယံအဖွဲ့အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူတို့ သဘောထား ကွဲလွဲခဲ့ကြပြီး ကျန်နိုင်ငံများ အစုအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေး လုပ်ငန်းစဉ်ကို ပြန်လည် ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။
လာအိုနှင့်ဗီယက်နမ်တို့က မော်စကိုအပေါ် ရှုတ်ချခြင်း မပြုကြသဖြင့် အာဆီယံ၏ စည်းလုံးမှုနှင့် ဒေသတွင်း ဗဟို ချုပ်ကိုင်မှုတို့ကို ပိုမိုအားနည်းသွားစေခဲ့သည်။ အာဆီယံအတွင်းရှိ ကျန်နိုင်ငံများကတော့ မော်စကိုအပေါ် ရှုတ်ချခဲ့ ကြသည်။
ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့၏ Quad နိုင်ငံအစုအဖွဲ့တွင် ပါဝင်သူ အိန္ဒိယသည်ပင်လျှင် စွမ်းအင် လိုအပ် ချက်ကြောင့် ရုရှားအပေါ် ပိုမိုပျော့ပျောင်းသော သဘောထားကို ခံယူထားခဲ့သည်။
ထိုသို့ အမေရိကန်-ထိပ်တိုက်တွေ့မှု၊ ယူကရိန်းသို့ ရုရှား ကျူးကျော်စစ်တို့ကြောင့် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု များမှသည် ကမ္ဘာ့နိုင်ငံရေးကို ပိုမိုတင်းမာလာစေပြီး ပဋိပက္ခဝဲဂယက်အတွင်းသို့ တွန်းပို့လာသည်။
ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ
လောင်စာဆီနှင့် အထွေထွေ ကုန်ဈေးနှုန်းတို့မှာ တကမ္ဘာလုံး ဆောင့်တက်လာသလို ငွေကြေးဖောင်းပွမှု ဖိအားမှာ နိုင်ငံအများအပြားကို ဒုက္ခပေးခဲ့သည်။
လတ်တလော အန္တရာယ်အများဆုံး အချက်မှာ အမေရိကန်-တရုတ် ထိပ်တိုက်တွေ့ခြင်းသည် စစ်ရေးမဟုတ်သေး ဘဲ ကုန်သွယ်ရေးနှင့် နည်းပညာပိုင်းကိုသာ အာရုံစိုက်ထားလင့်ကစား တိုက်ရိုက် မျက်နှာချင်းဆိုင် အငြင်းပွားမှု အသွင်သို့ ကူးပြောင်းလာခြင်းဖြစ်သည်။
စင်စစ်အားဖြင့် ဝါရှင်တန်ရှိ မဟာဗျူဟာ တွေးခေါ်သူများသည် တရုတ်နှင့်စစ်ဖြစ်လျှင် အမေရိကန် အောင်ပွဲခံနိုင် ခြေများမည့်ပုံကို အထင်ရောက်နေ ကြသည်။
ခြုံငုံကြည့်မည်ဆိုလျှင် ရုရှား၏ ဆုတ်ယုတ်လာမှု၊ တရုတ်၏ ရုန်းကန်နေရမှု၊ အမေရိကန်၏ခိုင်မာမှု၊ ဥရောပသမဂ္ဂ ၏ လွှမ်းမိုးမှုနှင့် အာဆီယံအတွင်း အကွဲအပြဲများနှင့် အာရှအရှေ့မြောက်ဒေသ နိုင်ငံအချင်းချင်း ဆက်ဆံရေး ကြဲလာမှုတို့ကြောင့် ကမ္ဘာ့အရေးမှာ ကမောက်ကမ ဖြစ်နေသည်။
စစ်အေးခေတ်သစ် ဖော်ဆောင်နေခြင်းကို နှစ်ဘက်စလုံးမှ နောက်ပြန်ဆုတ်ပြီး အစွန်အဖျား တစ်ခုဆီမှ ရုန်းမထွက်ခဲ့ပါလျှင် ကျနော်တို့ဘဝ တစ်သက်တာ မဖြစ်နိုင်ဟု ယူဆမိခဲ့သော ကမ္ဘာလုံးဆိုင်ရာ ပဋိက္ခ မျက်ဝါး ထင်ထင် တွေ့လာရမည့် အန္တရာယ်က လက်တကမ်းမှာ ရှိနေပြီဖြစ်သတည်း။ ။
Source: Bangkok Post
(ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် လွှင့်ထားသော မူရင်းဆောင်းပါးရှင် Thitinan Pongsudhirak ၏အတွေးအမြင်ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်လိုက်ပါသည်။ ၎င်းသည် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1886
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၀
အခု ဩဂုတ်လ ၃၁ ရက်မှာဆိုရင် ဝေလမင်းသမီး ဒိုင်ယာနာ ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၂၅ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လုံးဝ ပျက်စီးကြေမွနေတဲ့ မာစီးဒီးကား တစ်စီးထဲကနေ အမျိုးသမီးတစ်ယောက်ကို ဆွဲထုတ်လာကြပါတယ်။ အဲဒီ အမျိုးသမီးဟာ သတိလစ်နေပြီး အသက်ရှူဖို့ မနည်းရုန်းကန်နေရပါတယ်။ ပြင်သစ်ဆရာဝန်ကတော့ သူ့ဆီ ရောက်လာတဲ့ အရေးပေါ်လူနာဟာ ဘယ်သူမှန်းဆိုတာ ဂရုမစိုက်အားဘဲ အသက်ကယ်ဖို့ပဲ အာရုံစိုက် နေခဲ့ပါတယ်။
အခု ၂၅ နှစ် ကြာမြင့်ပြီးတဲ့နောက် ဒေါက်တာ ဖရက်ဒါးရစ်မိုင်လိယက်ဟာ ပါရီမြို့တော်၊ အယ်လ်မာဥမင်လိုဏ် ခေါင်း အတွင်းကနေ ၁၉၉၇ ခုနှစ်၊ ဩဂုတ် ၃၁ ရက်တုန်းက ယာဉ်မတော်တဆမှု ဖြစ်စဉ်နဲ့အတူ ဝေလမင်းသမီး ဒိုင်ယာနာကို အသက်ရှင်လျက်သား နောက်ဆုံး မြင်တွေ့ခဲ့ရသူ ဖြစ်ခဲ့ပါတယ်။
မင်းသမီး ဒိုင်ယာနာကို နောက်ဆုံး ဆေးကုသမှုလုပ်ခဲ့သူ ဒေါက်တာမိုင်လိယက် (AP)
“ဒီလို ဝမ်းနည်းစရာ ကောင်းတဲ့ညမှာ လူတွေက ဒိုင်ယာနာအကြောင်း ပြန်ပြောမိရင်း ကျနော့်နာမည်လည်း တွဲပါ နေမယ်ဆိုတာ ကျနော် နားလည်ပါတယ်” ဟု ဧည့်ခံပွဲတစ်ခုကနေ ညဘက် အပြန်လမ်းမှာ ယာဉ်မတော်တမှုနဲ့ အတူ ရောက်လာတဲ့လူနာကို ကြည့်ခဲ့ရတဲ့ ဒေါက်တာမိုင်လိယက်က ပြောပါတယ်။
“သူ့ရဲ့ နောက်ဆုံးအချိန်တွေအတွက် မကယ်တင်နိုင်ခဲ့လို့ ကျနော့်မှာ တာဝန်မကင်းသလို ခံစားရပါတယ်”လို့ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။
အဲဒီညက တိုက်တိုက်ဆိုင်ဆိုင် ဒေါက်တာမိုင်လိယက်ဟာ အခင်းဖြစ်ပွားရာ ဥမင်လိုဏ်ခေါင်းထဲကို ကြိုတင် သိရှိခြင်း မရှိဘဲ မောင်းဝင်လာခဲ့ရာမှာ တစ်နေရာအရောက် မီးခိုးတွေအူပြီး ပျက်စီးနေတဲ့ မာစီးဒီးကားကို ဘွားခနဲ တွေ့လိုက်ရပါတယ်။
“ကျနော် အပျက်အစီးတွေ ကြားထဲ လျှောက်သွားတယ်။ ကားတံခါးဖွင့်ပြီး အထဲကို လှမ်းကြည့်တယ်။ ကျနော် တွေ့ လိုက်ရတာ လူ ၄ ယောက်။ ၂ ယောက်က မသေသေးဘူး။ အသက်ရှူ မဝသလို ဖြစ်နေတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ အသက်ရှိနေသေးပေမယ့် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ” လို့ ဒေါက်တာမိုင်လိယက်က သူကြုံ တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောင်း ပြောပြလာပါတယ်။
အသက် ၃၀ ကျော် အမျိုးသမီးက မာစီးဒီးကားရဲ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက်သား ခေါင်းငိုက်စိုက်ကျနေတာ မြင်ရပါတယ်။ တော်တော်လေး ခဲခဲယဉ်းယဉ်း အသက်ရှူနေရတဲ့ပုံပါ။ သူ့အတွက် အရေးပေါ် အချိန်ဖြစ်နေပါပြီ။
အဲဒါနဲ့ ဒေါက်တာမိုင်လိယက်ဟာ အရေးပေါ်ဌာနကို အကြောင်းကြားဖို့ သူ့ကားဆီကို ပြေးသွားခဲ့ပြီး အသက်ရှူ အထောက်အကူပြု အိတ်တစ်လုံးကို ဆွဲယူလာခဲ့ပါတယ်။
“သူ သတိလစ်နေတယ်ဗျ။ အသက်ရှူအိတ်ကို တပ်ပေးလိုက်တော့ သူ နည်းနည်းအားပြည့်လာသလို တွေ့ရပေမယ့် ဘာစကားမှ ပြန်မပြောနိုင်တော့ပါဘူး”
အဲဒီလို ကုသပေးခဲ့တဲ့ လူနာအမျိုးသမီးတွေဟာ သန်းနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေ ချစ်ကြတဲ့ ဝေလမင်းသမီး ဒိုင်ယာနာ ဖြစ်တယ်ဆိုတာ နောက်ပိုင်းကျမှ ဒေါက်တာလည်း သိလိုက်ရပါတော့တယ်။
မင်းသမီး ဒိုင်ယာနာ စီးခဲ့တဲ့ မားစီးဒီး တိမ်းမှောက်နေမှု (AP)
မီးသတ်နဲ့ကယ်ဆယ်ရေးသမားတွေ အမြန်ရောက်လာပြီး ဒိုင်ယာနာကို ပါရီမြို့ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် နာရီအနည်းငယ်အတွင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူမနှင့်အတူ လိုက်ပါလာတဲ့ ဒိုဒီဖာယက်နဲ့ ယာဉ်မောင်းတို့လည်း အလားတူ သေဆုံးခဲ့သွားပါတယ်။
ဒိုင်ယာနာ ကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်း ထိုသို့ ကြေကွဲစရာ အမှတ်တရများက တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။ လူတော်တော်များများက အယ်လ်မာဥမင်လိုဏ်ခေါင်းထဲ ကားနဲ့ဖြတ်သန်းမိတိုင်း ဒိုင်ယာနာ အကြောင်းကို ပြောနေကြတုန်းပါ။
ဒိုင်ယာနာရဲ့ ဈာပနအခမ်းအနားကို ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မိသားစုနဲ့ ဘာကင်ဟမ်နန်းတော်က တာဝန်ယူ စီစဉ်ပေးခဲ့ ကြပါတယ်။ ခင်ပွန်းသည်ဟောင်း ချားလ်စ်မင်းသားကြီး၊ သားကြီး ဝီလျံ၊ သားငယ် ဟယ်ရီတို့ကိုလည်း ညှိုးငယ်မျက်ဝန်းတွေနဲ့ ဈာပနအခမ်းအနားမှာ တွေ့ခဲ့ရပါတယ်။
ဈာပန အထိမ်းအမှတ် သီချင်းကိုတော့ အယ်လ်တမ်ဂျွန်က “Candle in the Wind” လို့ ရေးစပ်သီကုံးပြီး သူကိုယ်တိုင် စန္ဒရားတီးရင်း သီဆိုခဲ့တာမှာ နားဆင်ကြည့်ရှုသူတိုင်း မျက်ရည်ဝဲခဲ့ရပါတယ်။ အဲဒီသီချင်းဟာ ဈာပနပြီးတဲ့ နောက်မှာလည်း UK တေးလောကနဲ့ ကမ္ဘာ့အနှံ့အပြားကို ပျံနှံ့ထင်ရှားသွားခဲ့ပါတယ်။
ဒီနှစ်မှာတော့ ဒိုင်ယာနာ ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့အတွက် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက သူ့ရဲ့ ရင်သွေးငယ်လေးတွေ အဘွားဖြစ်သူ မင်းသမီး ဒိုင်ယာနာကို တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းစကားတချို့ ပြောခဲ့ တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
မင်းသမီး ဒိုင်ယာနာနဲ့ သားနှစ်ဦး ဟယ်ရီနဲ့ ဝီလျံ (GETTY IMAGES)
ဒီနှစ် ဒီအချိန် ဒီလိုရက်မှာ အမှတ်တရတွေ၊ ချစ်ခြင်းအောက်မေ့ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ ဖြစ်လိမ့် မယ်လို့လည်း မျှော်လင့်ကြောင်း ဟယ်ရီက ပြောခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒိုင်ယာနာ ၁၉၉၇ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှာ သူ့ရဲ့အဖော် ဒိုဒီဖာယက်နဲ့အတူ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ အယ်လ်မာဥမင်လိုဏ်ခေါင်းထဲ မာစီးဒီးကားမောင်းပြေးပြီး သတင်းမုဆိုးဓာတ်ပုံဆရာ (ပါပါရာဇီ) တွေကို ရှောင်ရင်းတိမ်းရင်း ကားမှောက်၊ ကွယ်လွန်ခဲ့ချိန်မှာတော့ ဟယ်ရီဟာ ၁၂ နှစ်သားအရွယ်ပဲ ရှိပါသေးတယ်။
ချားလ်စ်မင်းသားနဲ့ ကွာရှင်းပြတ်စဲပြီး ဘာကင်ဟမ်နန်းတော်ကို ဒိုင်ယာနာတစ်ယောက် ကျောခိုင်း စွန့်ခွါလာပြီး နောက်မှာ သားနှစ်ယောက်အပေါ် နွေးထွေးမှုတွေ လျော့ပါးသွားခဲ့ပါတယ်။
“နောက်တစ်ပတ်ဆိုရင် မေမေ ဆုံးက ၂၅ နှစ်ပြည့်ပါပြီ။ မေမေ့ကို ဘယ်တော့မှ မေ့လို့မရမှာ သေချာပါတယ်။ ကျနော်ကတော့ မေမေ့ရဲ့ ပရဟိတအလုပ်တွေနဲ့ အမှတ်ရစရာတွေ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ ဖြစ်ချင်ပါတယ်” ဟု ဟယ်ရီက ယခင်သီတင်းပတ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘာကင်ဟမ်နန်းတော်ကို ကျောခိုင်းခဲ့ပြီးနောက် ဝေလမင်းသမီး ဒိုင်ယာနာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ၊ ကလေး သူငယ်တွေနဲ့ HIV, AIDS ဝေဒနာရှင်တွေ အပါအဝင် ပရဟိတလုပ်ငန်းပေါင်းများစွာကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ကြိုးစားလုပ်ကိုင်ပေးခဲ့ပါတယ်။
အခုအချိန်မှာ အသက် ၃၇ နှစ်ရှိပြီတဲ့ သားငယ် ဟယ်ရီဟာ ဇနီးသည် အမေရိကန်လူမျိုး မီဂန်နဲ့အတူ ဘဝမှာ လွတ်လပ်အေးချမ်းစွာ နေထိုင်ဖို့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က အိမ်ကြီးတစ်လုံးမှာ သားငယ် အာချီနဲ့ သမီး လီလီဘတ်တို့နဲ့အတူ ဟယ်ရီ အခြေချခဲ့ပြီဖြစ်ပါတယ်။
မင်းသမီး ဒိုင်ယာနာ ကားမှောက်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က အယ်လ်မာဥမင်လိုဏ်ခေါင်း (AP)
ဒိုင်ယာနာ သေဆုံးခဲ့တဲ့နောက်ပိုင်း ဟယ်ရီဟာ သူ့အစ်ကို မင်းသားဝီလျံနဲ့အတူတူ ရှိနေခဲ့ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို နှစ်ပေါင်းအတန်ကြာအောင် ကုစားခဲ့ရပါတယ်။ သားတော်ကြီး ဝီလျံဟာလည်း အခုဆိုရင် အသက် ၄၀ ထဲ ရောက်နေပါပြီ။
ဖခင်ဖြစ်တဲ့ ချားလ်စ်မင်းသားကြီးကတော့ ဒိုင်ယာနာ သက်ရှိထင်ရှားရှိစဉ်ကတည်းက သူ့အချစ်ဟောင်း ကယ်မီလာနဲ့ပဲ အချိန်ပြည့် ရှိနေခဲ့တာ ဖြစ်ပါတယ်။
“မေမေ့ လုပ်ဆောင်ချက်တွေအတွက် နေ့စဉ်နေ့တိုင်း တွေးမိတိုင်း ဂုဏ်ယူမိတယ်။ HIV, AIDS လူနာတွေကို မမော နိုင်၊ မပန်းနိုင် မေမေ စောင့်ရှောက်အားပေးခဲ့တယ်။ ကျနော်တို့က ဒါမျိုး လိုက်လုပ်ပြီးတော့ မေမေ့ရဲ့ အမွေအနှစ် ကို အမှတ်ရနေမိမှာပါ” ဟု ဟယ်ရီက ပြောကြားခဲ့သည်။
၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒိုင်ယာနာဟာ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ဘဝ ဖြစ်စဉ်ဟာ ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လို ခမ်းနားလှပေမယ့် အဖြစ်ဆိုးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
ချောမောလှပတဲ့ တော်ဝင်မျိုးနွယ် … အဲဒီနောက် ကျော်ကြားမှု၊ ခင်ပွန်းသည် သစ္စာဖောက်မှု၊ နာကြည်းခံပြင်းမှု တပွေ့တပိုက် ရှိခဲ့ပေမယ့်လည်း ဒိုင်ယာနာဟာ သူရဲ့ ဖြူစင်ရှင်းသန့်တဲ့ စေတနာမေတ္တာတွေကို အာဖရိကက ငတ်မွတ်နေတဲ့ ကလေးတွေဆီ အရောက်သွားလို့ နှစ်သိမ့်နွေးထွေးပေးခဲ့ပါတယ်။
သက်ရှိထင်ရှား ရှိမယ်ဆိုတော့ ဒီနေ့မှာဆိုရင် သူဟာ အသက် ၆၁ နှစ်အရွယ် တော်ဝင်ဘွားဘွား ဖြစ်နေလောက် ပါပြီ။
မကြာသေးမီက ထွက်ရှိခဲ့တဲ့ Netflix ရဲ့ The Crown ဇာတ်ကားနဲ့ မနှစ်က ထွက်ရှိခဲ့တဲ့ Spencer ဇာတ်ကားတွေ မှာ ဒိုင်ယာနာရဲ့ ပုံရိပ်တွေကို ပြန်ပြောင်း ခံစားခဲ့ကြပါတယ်။
Source: AP, Reuters, Washington Post

- By CNI News
- Category: ဆောင်းပါး
- Hits: 1192
CNI Article News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၈
ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲသည် ဓာတ်ငွေ့နှင့် ရေနံပြတ်လပ်မှုများကို စွမ်းအင် ဈေးကွက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဓာတ်ဆီနှင့်ဒီဇယ်ဆီ စသည့် ရုပ်ကြွင်းလောင်စာ ဈေးတက်လာ၍ ကမ္ဘာလုံး ဆိုင်ရာ အကျိုးစီးပွားကို ရိုက်ခတ်ခဲ့သည်။
ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံမှ အနောက်ဘက်ရှိ ဂျာမနီ၊ ဗြိတိန် အပါအဝင် အမေရိကန်ပြည်ထောင်စုအထိ နျူကလီးယား စွမ်းအင် ကဏ္ဍဘက်တွင် တစ်ချိန်က ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များသည် ယခုအခါ ဓာတ်အားပေး စက်ရုံအသစ်များ တည်ဆောက်ခြင်း (သို့မဟုတ်) လက်ရှိ စက်ရုံများကို ပိတ်သိမ်းဖို့ ကြံရွယ်မိခြင်းကို နောက်ဆုတ်ရန် စဉ်းစားလာကြသည်။
၂၀၁၁ ခုနှစ် ဂျပန်ရှိ ဖူကူရှီးမား ဓာတ်ပေါင်းဖို သဘာဝဘေးအန္တရာယ်အပြီးတွင် ဂျပန်နှင့် ဂျာမနီ နှစ်နိုင်ငံစလုံး သည် နျူကလီးယားစွမ်းအင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြသည်။ ထိုအပြောင်းအလဲသည် အထူးထင်ရှား သည်။ မျက်မှောက်ကာလတွင်တော့ ယူကရိန်းရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် နောက်ထပ် ဖြစ်နိုင်ချေရှိသော နျူကလီယားဘေးဆိုးတစ်ခု ကျရောက်လာနိုင်သည့် စိုးရိမ်မှုများက တိုးလာခဲ့ သည်။
ယူကရိန်းစစ်ပွဲ၏ ရှေ့တန်းတွင်တည်ရှိသော ဇာပိုရေဇီးယား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အဏုမြူ ထိန်းကျောင်းသူများက သတိထားစောင့်ကြည့်နေကြသည်။ ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ်လ ကတည်းက ထိုဓာတ်အားပေးစက်ရုံကို ထိန်းသိမ်းထားသည်။
ထိုအခြေအနေသည် ပို၍ အန္တရာယ်များလာသည်ဟု နျူကလီးယားအရေး ကျွမ်းကျင်သူများက ပြောသည်။ မကြာ သေးမီ ရက်များအတွင်း စက်ရုံအတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများကို အအေးပေးရန်အတွက် အရန်ဓာတ် အား လိုအပ်ချက် ဖြစ်ပေါ်လာခဲ့သည်။
ယခုလောလောဆယ်တွင် ယူကရိန်း နျူကလီးယား ကပ်ဘေး ခြိမ်းခြောက်မှုသည် ဂျာမန် သို့မဟုတ် ဂျပန် ဆွေးနွေးမှုများအနက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိသော်လည်း နည်းပညာနှင့်ပတ်သက်၍ စိုးရိမ်စရာ များက ရှိနေသည်။
ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်ချက်အရ ယူကရိန်းစစ်ပွဲသည် နျူကလီးယားစွမ်းအင်နှင့် ပတ်သက်၍ ကာလ ကြာရှည် ရပ်တန့်နေခဲ့သော အနေအထားများကို ပြန်လည် ပုံဖော်နေသည့် ထူးခြားသော အတိုင်းအတာကို ပြသ သည်။ ဥရောပသည် သဘာဝဓာတ်ငွေ့ ပြတ်တောက်သွားနိုင်သည့် ဆောင်းရာသီတွင် စွမ်းအင် လိုအပ်ချက် တစ်ခု အတွက် ကြိုတင်ပြင်ဆင်နေရပြီး အကယ်၍ စက်ရုံ၊ အလုပ်ရုံများကို ပိတ်ပစ်ရသော် လုပ်သားအများစု ထိခိုက်စရာ ရှိနေသည်။
ရုရှားနိုင်ငံက ယူကရိန်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်းက ကျူးကျော် ဝင်ရောက်လာချိန်မှစ၍ ရုပ်ကြွင်း လောင်စာဈေးနှုန်းများ တဟုန်ထိုး တက်သွားခဲ့ပြီး ဥရောပ၊ အမေရိကန်နှင့် ကမ္ဘာတဝန်းရှိ အခြားနိုင်ငံအချို့မှ ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့များကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ခဲ့ကြသည်။
၂၀၃၀ ပြည့်လွန်နှစ်များ အရောက်တွင် စီးပွားဖြစ် လည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မျိုးဆက်သစ် နျူကလီးယား ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စဉ်းစားနေကြောင်း ယခုသီတင်းပတ်တွင် ဂျပန်ဝန်ကြီး ချုပ် ဖူမီယိုကီရှီဒါက ကြေညာခဲ့သည်။
ဂျပန်အစိုးရသည် လက်ရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှု သက်တမ်းကိုလည်း တိုးမြှင့်နိုင်သည်။ တစ်ချိန်တည်းတွင် ဂျာမန်နိုင်ငံ၌ မူဝါဒ ချမှတ်သူများသည် ယခုနှစ်ကုန်တွင် အော့ဖ်လိုင်း (offline) အသုံးပြုနိုင်ရန် စီစဉ်ထားသည့် နောက်ဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ (၃) ရုံ၏ သက်တမ်းကို သက်တမ်းတိုးရန် စဉ်းစားနေပြီဖြစ်သည်။
လက်ရှိ စွမ်းအင် အကျပ်အတည်းကို ဖြတ်ကျော်ဖို့က တစ်နှစ် (သို့မဟုတ်) နှစ်နှစ်မျှသာ ယာယီဖြစ်ချင်ဖြစ်မည်။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဂျာမနီနိုင်ငံရေးလောက၌ အဓိကအာရုံစိုက်လာခဲ့သည့် ထင်ရှားသော မူဝါဒ ပြောင်းပြန်လှန်မှုကို စွမ်းအင်အကျပ်အတည်းက ထောက်ပြနေပြီ ဖြစ်သည်။
“နျူကလီးယားစွမ်းအင်သုံးတာ မှားတယ်လို့ ထင်တယ်ဆိုရင် ဘာကြောင့် ထင်ရတာလဲဆိုတဲ့ မေးခွန်းကို ကျနော် ကိုယ်တိုင် ပြန်မေးရပါလိမ့်မယ်။ အင်မတန် ရှုပ်ထွေးပါတယ်” ဟု ဂျာမနီစီးပွားရေးဝန်ကြီး ရောဘတ်ဟာဘတ်က ယခုသီတင်းပတ်ကုန်ပိုင်း ဘာလင်မြို့တွင် အစိုးရရုံးဖွင့်ရက် တစ်ရက်တွင် ပြောကြားခဲ့သည်။
ဂျာမနီတွင် ဟာဘက်ခ်နှင့် ၎င်း၏ (အစိမ်းရောင်)ဂရင်းပါတီတို့သည် နျူကလီးယားစွမ်းအင် ဖျက်သိမ်းရေးတို့ကို အာရုံစိုက်ခဲ့ကြသည်။ ထို့အတွက် ငြင်းချက်များ ရှိလာမည်ကိုတော့ လွန်ခဲ့သော ဆယ်စုနှစ်များက ပါတီကို တည် ထောင်ခဲ့သော ဟာဘတ်တို့ လူတစ်စုက ဝန်ခံရမည်ဖြစ်သည်။
နျူကလီးယားအရေးသည် ပါတီ၏ အဓိကမူဝါဒ ရပ်တည်ချက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ပွဲကို ဆန့်ကျင်ကာ ကရင်မလင်ကို တတ်နိုင်သမျှ ထိုးနှက်လိုသော ဆန္ဒလည်း ဂျာမနီ အာဏာရ အစိုးရထံတွင် ရှိနေသည်။
"ကျနော်တို့အတွက် တကယ့်ကို အရေးကြီးတဲ့ အချိန်အခါပါပဲ" ဟု ဘာလင်အခြေစိုက် ရာသီဥတုဆိုင်ရာပညာရှင်၊ Adelphi အဖွဲ့၏ ဒါရိုက်တာ ဒင်းနစ်တန်ဇလာက ပြောပြသည်။
“အဓိကအချက်ကတော့ ဂျပန်မှာ ဖူကူရှီးမား နျူကလီးယား အကျပ်အတည်းကြုံတုန်းက ဂျာမန်ရာသီဥတုနဲ့ စွမ်းအင်မူဝါဒကို ခြုံငုံပြီး နည်းပညာအန္တရာယ်တွေ၊ လုံခြုံရေးအန္တရာယ်တွေက အင်မတန် ကြီးလွန်းတယ်ဆိုပြီး ကျနော်တို့ဆီမှာ ပါတီပေါင်းစုံ သဘောတူထားတဲ့ သဘောတူညီချက်အရ ပုံဖော်မိခဲ့တာပါ” ဟု ၎င်းက ပြန်ပြောင်း ပြောပြသည်။
ဥရောပရှိ သဘာဝဓာတ်ငွေ့သည် လွန်ခဲ့သည့် နှစ်ကထက် (၁၀) ဆ တိုင်အောင် ဈေးပိုတက်လာခဲ့သဖြင့် ယခုအခါ သဘာဝဓာတ်ငွေ့ရည်များ တင်သွင်းရန်အတွက် ဂျပန်နှင့် အခြား ကမ္ဘာ့ဝယ်လက်များ ပြိုင်ဆိုင်နေရပြီဖြစ်သည်။
ပြင်သစ်၏ နျူကလီးယားစွမ်းအင်သုံး ရေယာဉ်အများစုသည် ဘေးကင်းလုံခြုံရေး လက်မှတ်များကို စောင့်ဆိုင်းနေ ရသည်။ ယခုအခါ ဥရောပတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မှုမှာလည်း အထူးလျော့ပါး ကျဆင်းနေပါသည်။ ယူကရိန်းစစ်ပွဲနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း လျှပ်စစ် လိုအပ်ချက်ကလည်း အလုံးစုံ စွမ်းအင် အကျပ် အတည်းကို ပိုမိုဆိုးရွားစေသည်။
ထင်ရှားသော နျူကလီးယား ဝေဖန်ရေးဆရာအချို့ပင်လျှင် လက်ရှိစက်ရုံများကို ဆက်လက် လည်ပတ်စေဖို့ လိုလားကြသော်လည်း အသစ်တည်ဆောက်ခြင်းကို ဆန့်ကျင်ကြသည်။
“နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တာနဲ့ ရုရှားဓာတ်ငွေ့ မယူတော့လို့ ဖြစ်ပေါ်လာတဲ့ ဈေးတက်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းကြားထဲမှာ ဆက်စပ်မှု မရှိပါဘူး” ဟု လန်ဒန်အခြေစိုက် ရာသီဥတုဆိုင်ရာပညာရှင်၊ E3G အဖွဲ့ ဥက္ကဋ္ဌ တွမ်ဘာ့ခ်က ပြောကြားခဲ့သည်။
သို့သော် လက်ရှိ ဓာတ်ပေါင်းဖိုများကို သက်တမ်းတိုးခြင်းသည် အကျိုးရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“တကယ်လို့ ဘေးကင်းကင်း လုပ်နိုင်ရင်၊ စီးပွားရေးအရ လုပ်ရကျိုးနပ်တယ်ဆိုရင်တော့ နျူကလီးယား ဓာတ် ပေါင်းဖိုတွေရဲ့ သက်တမ်းကို ထပ်မတိုးနိုင်စရာ အကြောင်းပြချက် ကောင်းကောင်း မတွေ့မိပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဂျာမနီသည် ၎င်း၏ နျူကလီးယားစက်ရုံများ ဆက်လက် လည်ပတ်ရန်အလို့ငှာ အိမ်နီးချင်းနိုင်ငံများထံမှ ပြင်းထန် သော ဖိအားပေးမှုကို ခံနေရသည်။ ထိုသို့ နျူကလီယားစက်ရုံ ဆက်လက် လည်ပတ်ပါမှ ရုရှား ရုပ်ကြွင်းလောင်စာ များ ဝယ်ယူမှု ရပ်တန့်ခြင်းကြောင့် ရင်ဆိုင်လာရမည့် စွမ်းအင်အလုံးစုံ ချို့တဲ့လာခြင်းကို ဖြေရှင်းရန် ရည်ရွယ် သည်။
သို့သော် ဂျာမန် နျူကလီးယားစက်ရုံများ၏ သက်တမ်းတိုးနိုင်ခြေကို ဝေဖန်သူများက ၎င်းတို့ကို အပြည့်အဝ လည်ပတ်စေခြင်းမရှိဘဲ ထားရှိခြင်းသည် လက်ရှိ အကျပ်အတည်းကို အမှန်တကယ် ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။
ဂျာမနီသည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ၁၅ ရာခိုင်နှုန်းခန့်ကို ထုတ်ပေး သော်လည်း အများစုမှာ အပူထုတ်လုပ်ရန်အတွက် အသုံးပြုကြနေရသည်။ ထိုနေရာတွင် နျူကလီးယား စက်ရုံများ ဖြင့် အပြည့်အဝ အစားထိုး၍မရပေ။
ဂျာမနီနှင့် ပြင်သစ်ကြားတွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း၏ ကန့်သတ်ချက်များရှိနေသဖြင့် ပြင်သစ်သည် ဂျာမန် နျူကလီးယားစက်ရုံများမှ ပိုလျှံသော လျှပ်စစ်ဓာတ်အား အားလုံးကို ယူငင်သုံးစွဲနိုင်မည် မဟုတ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
ဘာလင်မြို့တော် အခြေစိုက် Agora Energiewende ရာသီဥတုဆိုင်ရာ ပညာရှင်များအဖွဲ့မှ ဒါရိုက်တာ ဆိုင်မွန်မြူလာ၏ ယခုနှစ် အစောပိုင်း ခွဲခြမ်းစိတ်ဖြာချက်တွင် နျူကလီးယားစက်ရုံများ၏ သက်တမ်းတိုးခြင်းသည် ခန့်မှန်းထားသည့် စွမ်းအင်ပြတ်လပ်မှု၏ တစ်ရာခိုင်နှုန်းကိုသာ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ကမ္ဘာ့အရှေ့ဖျားကို ကြည့်လျှင်လည်း ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေး စက်ရုံသည် ၂၀၁၁ ခုနှစ် ငလျင်ဒဏ်နှင့် ဆူနာမီလှိုင်းလုံး ရိုက်ခတ်မှုကြောင့် ဂျပန်အစိုးရသည် နျူကလီယား စက်ရုံသစ်များ နောက်ထပ် တည်ဆောက်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။
မတော်တဆမှု ဖြစ်နိုင်ခြေ ပိုများလှသဖြင့် ဓာတ်ပေါင်းဖိုများ သက်တမ်း အိုမင်းရင့်ရော်လာမှု အန္တရာယ်များကို လျှော့ချရန် ကြိုးပမ်းမှုအနေဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ မည်ရွေ့မည်မျှကြာကြာ လည်ပတ်ရန် ကန့်သတ် ထားခဲ့သည်။
ငလျင် မကြာခဏ လှုပ်လေ့ရှိသည့် ဂျပန်နိုင်ငံသည် ဓာတ်ရောင်ခြည် ထိတွေ့မှုကြောင့် လူပေါင်း ၁၆၅,၀၀၀ ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည့် ဖူကူရှီးမား ကပ်ဘေး နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိသည်။
သို့သော် ယခုအခါ နိုင်ငံ့ခေါင်းဆောင်များသည် ဖူကူရှီးမား ဘေးအန္တရာယ် ကျရောက်ပြီးနောက်ပိုင်း နျူကလီးယား စွမ်းအင်ကဏ္ဍကို ပိုမိုအလေးအနက်ထား၍ သတိကြီးကြီးဖြင့် လုပ်ဆောင်လာကြသည်။
၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးဝေမှု၏ (၆) ရာခိုင်နှုန်းသည် နျူကလီးယား စွမ်းအင်မှ ဓာတ်အား ထုတ်လုပ်ပေးခြင်းဖြစ်သည်ဟု ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ သိရသည်။ ဂျပန် သည် ထိုနှုန်းမှနေ၍ ယခုအခါ ၂၀ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။
၂၀၂၃ ခုနှစ်၊ နွေရာသီရောက်လျှင် နျူကလီးယား ထိန်းကျောင်းမှု အာဏာပိုင်အဖွဲ့ Nuclear ၏ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုကို အောင်မြင်ပြီးသော နျူကလီးယား ဓာတ်အားပေးစက်ရုံ ၁၇ ရုံ ပြန်လည် လည်ပတ်နိုင်မည်ဟု ဝန်ကြီးချုပ် ကီရှီဒါက မျှော်လင့်ထားသည်။
ထိုစက်ရုံများအနက် ၉ ရုံကို ယခုဆောင်းရာသီတွင် လျှပ်စစ်မီး ပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်ရန် ကီရှီဒါ က ညွှန်ကြားထားသည်။ ယခုအချိန်အထိ ၁၇ ရုံအနက် ၆ ရုံကို အသုံးပြုလျက်ရှိသည်။
နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရန်နှင့် ရေရှည်တည်တံ့သော စွမ်းအင်ရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍအပေါ် အများပြည်သူ နားလည်မှုရှိစေရေး ရည်ရွယ်ချက်ဖြင့် ယခုနှစ် အကုန်ပိုင်းတွင် အသေးစိတ် အစီအစဉ်တစ်ခုရေးဆွဲရန် အစိုးရအဖွဲ့ကို ကီရှီဒါက ညွှန်ကြားထားသည်။
ဂျပန်နျူကလီးယားဓာတ်ပေါင်းဖို
ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် မျိုးဆက်သစ် နျူကလီးယား ဓာတ်အားပေးစက်ရုံများ မည်ကဲ့သို့ ဘေးကင်းစွာ တည်ဆောက်ရမည်ကို လေ့လာစူးစမ်းနေပြီဖြစ်သည်။ ကမ္ဘာ့တတိယ အကြီးဆုံး စီးပွားရေး အသိုက်အဝန်းဖြစ်သော ဂျပန်နိုင်ငံသည် သဘာဝဓာတ်ငွေ့ရည် အပါအဝင် သယံဇာတများ တင်သွင်းမှု အပေါ် ကြီးမားစွာ မှီခိုနေဆဲရှိသည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်းပြချက်ဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ နျူကလီး ယား စက်ရုံများ ပိတ်သိမ်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်၌ ဥရောပမှ ရုရှား၏ ရေနံနှင့်သဘာဓာတ်ငွေ့ကို ကျောခိုင်းခဲ့ရသဖြင့် အစားထိုးစရာ စွမ်းအင်ရင်းမြစ် အရေးတကြီး လိုအပ်လာခဲ့သည်။
အထူးသဖြင့် ပြင်းထန်သော ဆောင်းရာသီ အအေးဒဏ်နှင့် နွေရာသီ အပူလှိုင်းများကြောင့် ဒေသခံပြည်သူများအား စွမ်းအင်ချွေတာရန် အစိုးရကို မေတ္တာရပ်ခံ ပန်ကြားခဲ့ရသည်။ သို့သော် ယခုအခါတွင် နျူကလီးယား မဟာဗျူဟာ အပြောင်းအလဲသည် ဂျပန်လူထုအတွက် ပိုမိုအကျိုးရှိစေမည့် လက္ခဏာများ မျှော်လင့်စရာ ရှိပါသည်။
ဖူကူရှီးမားတွင် ငလျင်လှုပ်ခတ်ပြီးနောက် အပူပေးစက်ရုံ ခြောက်ခုကို ရိုက်ခတ်ခဲ့ပြီး တိုကျို အပါအဝင် အိမ်ခြေ သန်းပေါင်းများစွာအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသဖြင့် ဂျပန်အစိုးရက ၎င်း၏ပထမဆုံး "လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုသတိပေးချက်" ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သော ဂျပန်နျူကလီးယားဓာတ်ပေါင်းဖို တစ်ခု
မကြာသေးမီ နှစ်များအတွင်း မြို့တော်တိုကျို၌ ၃၅ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းသွားသည့် အအေး ဒဏ်ကြောင့် အစိုးရက လျှပ်စစ်မီး သုံးစွဲရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ရဖူးသည်။ ဇွန်လတွင် အလားတူ သတိပေးချက် ထပ်မံထွက်ပေါ်လာသည်။ မကြာသေးမီက စစ်တမ်းအချို့တွင် အထူးသဖြင့် ဓာတ်အားရင်းမြစ်များ တည်ငြိမ်စေရန် ကြိုးပမ်းမှုအနေဖြင့် နျူကလီးယားစက်ရုံများ ပြန်လည်လည်ပတ်စေဖို့ လူထု ပိုမိုထောက်ခံ ကြောင်း ပြသလာခဲ့သည်။
ဘေးကင်းရေး သုံးသပ်မှုကို ရှင်းလင်းထားသော နျူကလီးယား ဓာတ်ပေါင်းဖိုများ ပြန်လည် အသက်သွင်းခြင်းနှင့် ပတ်သက်၍ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် လူထုလူတန်းစား အလွှာအသီးသီးရှိ ၅၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး ၃၉ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။ ဂျပန်သတင်းစာ ယိုမီအုရီရှင်ဘွန်းနှင့် ဝါဆီဒါ တက္ကသိုလ်၊ အဆင့်မြင့် လူမှုသိပ္ပံကျောင်းတို့က အဆိုပါစစ်တမ်းများဖြင့် ၅ နှစ်တာအတွင်း လူထု သဘော ထားကို တောင်းခံခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း နျူကလီးယားစွမ်းအင်သည် ဂျပန်နိုင်ငံတွင် သဘောထားကွဲလွဲပြီး နက်ရှိုင်းသော စိတ်ခံစားမှုဆိုင် ရာ ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်။
စွမ်းအင်ဆာလောင်မှုကြောင့် စဉ်းစားလာရသည့် အပြောင်းအလဲသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အသစ် ပြန်လည် ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်။
ဝန်ကြီးချုပ်က ကီရှီဒါ၏ မဟာဗျူဟာကို ဆန့်ကျင်သူများက နိုင်ငံ၏ ကာဗွန်ညစ်ညမ်းမှုကို လျှော့ချနိုင်သည်ဟု ပြောကြားခဲ့သော်လည်း ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေရောင်ခြည်၊ လေ၊ ရေအားလျှပ်စစ်နှင့် ဘူမိအပူ စွမ်းအင် အပါအဝင် သန့်ရှင်းသော စွမ်းအင် အရင်းအမြစ်များအတွက် ရွေးချယ်စရာအားလုံးကို အပြည့်အဝ မစူး စမ်း ရသေးပေ။
Source: Washington Post
(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်သည့် Michael Birnbaum နှင့် Michelle Ye Hee Lee တို့၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)