- By CNI
- Category: ဆောင်းပါး
- Hits: 1313
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄
ဒီအကြောင်းအရာက အခုနွေရာသီ အပြောင်းအရွှေ့မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ အရာတွေထဲက တစ်ခုဖြစ်သလို အားလုံး လည်း စိတ်ဝင်စားနေတဲ့ အရာဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်း အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ရော်နယ်ဒို အတွက်တော့ အောင်မြင်မှု ခြေ လှမ်းတွေ ပိုင်ဆိုင်နိုင်မှုအစက ယူနိုက်တက်အသင်းနဲ့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ စွန့်ခွာပြီး ရီးရယ်လ်၊ ဂျူဗင်တပ်စ် အသင်းတွေမှာ သွားရောက်ကစားခဲ့ကာ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ယူနိုက်တက်အသင်းထံ တကျော့ပြန် ရောက်ရှိလာခဲ့ပါတယ်။ ပေါ်တူဂီ ကစားသမားက ယူနိုက်တက်အသင်းနဲ့အတူ နောက်ထပ် အောင်မြင်မှုတွေ ထပ်မံရရှိချင်တာကြောင့် ပြန်လာခဲ့တာလို့ ပြောခဲ့ပါတယ်။
ဆိုးရှားလ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
ဒါပေမယ့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်မြောက် ကစားခဲ့တဲ့ အချိန်မှာ တာထွက် လှခဲ့ပေမယ့် နောက်ပိုင်းမှာ မန်ချက်စတာကလပ်ရဲ့ ရလဒ်ဆိုးတွေနဲ့အတူ သူလည်း အတော်လေး ရုန်းကန်ခဲ့ရပါတယ်။
သို့သော်လည်းပဲ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပါဝင်ခွင့်ရတဲ့ မိနစ်တိုင်းမှာ အကောင်းဆုံး ပေးဆပ်ခဲ့တာတော့ အားလုံး လည်း မြင်တွေ့ရမှာပါ။ ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီး ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင် ရည်၊ ရလဒ်ပိုင်းတွေဟာ ကောင်းမွန်လာခြင်း မရှိခဲ့ပါဘူး။
ဒီလိုနဲ့ ယူနိုက်တက်အသင်းဟာ ၅ ရာသီဆက်တိုက် ဖလားလက်မဲ့ အဖြစ်နဲ့ ဖြတ်သန်းခဲ့ရပြီး ရာသီအကုန်မှာ အဆင့် ၆ နေရာ မှာသာ ရပ်တည်ကာ ရာသီ အဆုံးသတ် သွားခဲ့ပါတယ်။
ရော်နယ်ဒိုလို အောင်မြင်မှုရချင်တဲ့ ကစားသမား တစ်ယောက်အနေနဲ့ ဒီလို အခြေအနေတွေကို မျှော်လင့်ထားခြင်း မရှိဘူးဆို တာ အသေအချာပါပဲ။ အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမား တစ်ယောက်ဟာ ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုးအထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အဖွဲ့အစည်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာတောင် ရော်နယ်ဒို ပါဝင်ခဲ့တာပါ။ ဒီအချိန်မှာ ယူနိုက်တက် အသင်းက အေဂျတ်စ်နည်းပြ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
မန်ယူနည်းပြ အဲရစ်တန်ဟတ် (The Times)
ရော်နယ်ဒိုဟာ နည်းပြသစ်နဲ့ အလုပ် အတူတူ တွဲလုပ်ချင်တယ်လို့ ပြောခဲ့ပေမယ့် ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တာက ရော်နယ်ဒိုရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အားလုံးကလည်း ဒီအချက်ကို စိုးရိမ်မှုရှိခဲ့ပါတယ်။
အကြောင်းရင်းကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ တစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲပဲ ကစားခဲ့ရလို့ပါ။ ဒီလိုနဲ့ အားလပ်ရက် အပန်းဖြေ အနားယူရပြီး အသင်းထံ ပြန်လာဖို့ သတင်းပို့ရမယ့် အချိန်မှာ ရော်နယ်ဒိုဟာ လာရောက်ခြင်း မရှိတော့ပါဘူး။
နည်းပြသစ်နဲ့အတူ လက်တွဲ အလုပ်လုပ်ဖို့ ကစားသမားအားလုံး ပူးပေါင်းခဲ့ပေမယ့် ရော်နယ်ဒိုကတော့ မိသားစုကိစ္စ အကြောင်းပြပြီး လာရောက်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်းရက်တွေမှာလည်း ဒီအကြောင်းပြချက်နဲ့ပဲ လေ့ကျင့်မှုတွေ လာရောက် ပြုလုပ်ခြင်း မရှိခဲ့တာကို ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကလည်း လက်ခံခဲ့ကြတာပါ။
ရော်နယ်ဒို အနေနဲ့ သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းကို တောင်းဆိုလာ ပါတော့တယ်။ ယူနိုက်တက် အသင်းကလည်း ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာချင်တဲ့ အကြောင်းပြချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအချက်တွေကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ ကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို ရယူချင်နေပြီး ယူနိုက်တက် အသင်းဟာ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေမရှိဘူးလို့ ယူဆခဲ့တာပါ။
ဒါ့အပြင် ချန်ပီယံလိဂ် ကစားချင်တာကလည်း ထွက်ခွာချင်တဲ့ အကြောင်းပြချက်တွေထဲမှာ တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မန်ချက်စတာကလည်း ဘယ်လို အကြောင်းပြချက်ပေးပေး ရော်နယ်ဒိုကို ထွက်ခွာခွင့် မပေးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
မန်ယူကစားသမားများ ခြေစွမ်းပွဲ ကစားနေစဉ် (Sports Brief)
ဒီလိုနဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း လာရောက် မပူးပေါင်းခဲ့သလို ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ထိုင်း၊ သြစတြေးလျကို သွားရောက်မယ့် အသင်းရဲ့ လူစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။ နည်ပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒို မပါဝင်တဲ့ ကစားကွက်၊ နည်းစနစ်တွေကို တည်ဆောက်နေခဲ့ပါတယ်။
အေဂျတ်စ်နည်းပြဟောင်း ကိုယ်တိုင်ကလည်း သတင်းစာ ရှင်းလင်းပွဲတွေမှာ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တာ တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေရခဲ့ပြီး တိုက်စစ် အတွဲအဖက် ဖြစ်တဲ့ မာရှယ်၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် တို့ဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းစနစ်အောက်မှာ အတွဲညီစွာ ကစားနိုင်ခဲ့ပါတယ်။
ဒီအချိန်မှာ ရော်နယ်ဒို မရှိလည်း ရပြီဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာ ရော်နယ်ဒို မရှိ တော့ရင် ရပြီလားဆိုတဲ့ အချက်ဟာ စဉ်းစားစရာ ရှိလာခဲ့ပါပြီ။ ဘယ်ကစားသမားကမှ အသင်းရဲ့ အထက်မှာ ရှိမနေရဘူး ဆိုတဲ့ လက်စွဲကို အသင်းတိုင်းက အသုံးပြုကြပါတယ်။
တကယ်လို့ ရော်နယ်ဒို ထွက်သွားရင် စတင်ထိခိုက်မှုက ယူနိုက်တက်အသင်းရဲ့ အကျိုးစီးပွားပါ။ ပြီးခဲ့တဲ့ ရာသီက ရော်နယ်ဒို ရောက်လာချိန်မှာ သူ့ရဲ့ ဂျာစီရောင်းအားနှုန်းကနေ ယူနိုက်တက်အသင်း ဝင်ငွေ အများအပြား ရရှိသွားခဲ့ပါတယ်။ ဒါက ဂျာစီ ရောင်းအားကပဲ ရှိပြီး နောက်ထက် အခြားဝင်ငွေတွေလည်း ရှိနိုင်ပါသေးတယ်။
ရော်နယ်ဒိုကိုတွေ့ရစဉ်(Bleacher Reports)
အခု ရာသီကြို ခြေစမ်းခရီးစဉ်မှာ ရော်နယ်ဒို မပါဝင်တာက ယူနိုက်တက်အတွက် နစ်နာစရာ အချို့ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် လည်း ရော်နယ်ဒိုလို ပုံရိပ်မြှင့် ကစားသမားကို ယူနိုက်တက်အသင်းက လက်မလွှတ်ခံချင်ပဲ ဖြစ်နေခဲ့ပါတယ်။
နည်းပြက လည်း အသင်းရဲ့ အလိုကျ ရော်နယ်ဒိုကို မထွက်ခွာစေချင်ပေမယ့် ရာသီကြိုက စတင်ပြီး သူ့ရဲ့ နည်းစနစ်နဲ့ ကစားသမားတွေ အားလုံးကို အံ့ဝင်မှုရှိအောင် မောင်းနှင်ခဲ့ရတဲ့ သူ့အတွက်တော့ ပေါ်တူဂီကစားသမား မပူးပေါင်းတာကို စိတ်ပျက်နေနိုင် ပါ တယ်။
ရော်နယ်ဒိုလို အတွေ့အကြုံရင့်ပြီး ဘောလွန်းဒီအောဆု ၅ ကြိမ်ရတဲ့ ကစားသမား အတွက်တော့ ဘယ်နည်းပြရဲ့ နည်းစနစ် ပိုင်းမှာမဆို အံ့ဝင်မှုရှိအောင် ကစားနိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ကိစ္စက လက်ရှိသွားနေတဲ့ အသင်းအပေါ်မှာတော့ အနည်းနဲ့အများ သက်ရောက်မှု ရှိနေနိုင်တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်ဒိုရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အရာတွေကို ယူနိုက်တက် အသင်းအနေနဲ့ အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေ တာပါ။ ပရီးမီးယားလိဂ် ရာသီသစ်ကလည်း မကြာခင်မှာ စတင်တော့မှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အသင်းမှာ မနေချင်တော့တဲ့ ကစားသမားကို စာချုပ်ကုန်တဲ့အထိ ဆက်ထားမလား ဒါမှမဟုတ် ရောင်းချမလားဆိုတာ ဆုံးဖြတ်ရတော့ မှာ ဖြစ်ပါတယ်။

- By CNI News
- Category: ဆောင်းပါး
- Hits: 1108
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇
ယခုအခါ ဗြိတိန်နိုင်ငံတွင် အုတ်အော်သောင်းနင်း ဂယက်ထနေသည့် နိုင်ငံရေး ရှုပ်ထွေးမှုများနှင့် ထူးခြား ဖြစ်စဉ်များ အကြောင်း ကမ္ဘာတဝန်း စိတ်ဝင်တစားဖြင့် မေးခွန်းထုတ်လျက် ရှိကြသည်။ ထိုမေးခွန်းများကို ဖြေရှင်းဖို့ ကြိုးစားနေသူများ ထဲတွင် ဗြိတိန်ရုပ်ရှင်မင်းသား ဟက်ဂရန့် (Hugh Grant) လည်း ပါသည်။
“ချစ်လှစွာသော ကမ္ဘာ့ပြည်သူများခင်ဗျား … ဗြိတိန်ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိချင်နေမှာပါ” ဟု ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။
“အဖြေကတော့ အခွန်ကိစ္စအတွက် ဗြိတိန်မှာ အခြေချ နေထိုင်ခြင်းမရှိတဲ့ သတင်းစာတိုက် ပိုင်ရှင် ၃ ဦး ပေါင်းပြီး ကျနော်တို့ ရဲ့ နောက်ထပ် ဝန်ကြီးချုပ် (ဒါမှမဟုတ်) ချစ်စရာကောင်းမယ့် အမွေးပွ ခွေးလေးတစ်ကောင်ကို ရွေးပေးတော့မှာပါ။ ရွေးပြီး ရင် ဘုရင်မကြီးက သူ့ကို သနပ်ခါးလိမ်းပြီး ပန်းပန်ပေးလိမ့်မယ်” ဟု ဟက်ဂရန့်က တွစ်တာတွင် ဆက်လက်ရေးသားခဲ့သည်။
စင်စစ် ဗြိတိန်ပြည်တွင်း ထုတ်ဝေနေသည့် သတင်းစာများ၏ ပရိသတ်တစ်ဦး မဟုတ်သော ဂရန့်သည် Grant—ကွန်ဆာဗေး တစ်ပါတီ ဘက်လိုက်သော သတင်းစာများ၏ ပါဝါနှင့်သြဇာ လွှမ်းမိုးမှုတို့ကို ရည်ညွှန်း၍ အသောအထေ့ ရေးသားခဲ့ခြင်းပဲ ဖြစ်သည်။
သူ(ဂရန့်)၏ တွစ်တာ account တွင် ဗြိတိန်နိုင်ငံရေးအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ထားသော်လည်း ဗြိတိန်၏ နောက်ထပ် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် ရွေးချယ်စရာ အနည်းငယ်သာ ရှိသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဘောရစ်ဂျွန်ဆင်၏ နေရာကို ဆက်ခံမည့်သူကို မည်သို့မည်ပုံ ရွေးချယ်ကြမည်နည်း။
ဗြိတိန်ရုပ်ရှင်မင်းသား ဟက်ဂရန့်နဲ့ ဘောရစ်ဂျွန်ဆင်
ဤတွင် သိမှတ်စရာ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။
ဗြိတိသျှလွှတ်တော်ထဲတွင် ကွန်ဆာဗေးတစ် အမတ်များသည် နောက်ဆုံးတွင် အပြီးသတ် မဲပေးသူနှစ်ဦးကို စုပြုံ မဲပေးကြရ မည် ဖြစ်သည်။ ကွန်ဆာဗေးတစ်များက ၎င်းတို့၏ ပါတီဝင် စာရင်းတွင် လူ နှစ်သိန်းခန့်ရှိကြောင်း၊ ဂျွန်ဆင်၏ ရာထူး သက်တမ်းအတွင်း ပါတီဝင်ဦးရေ များလာသည်ဟု ပြောကြသည်။
အဆိုပါ အရေအတွက်သည်ပင် ဗြိတိန်လူဦးရေနှင့် အချိုးချကြည့်လျှင် စုစုပေါင်းလူဦးရေ (၀ ဒသမ ၃) ရာခိုင်နှုန်းအောက် လျော့နည်း နေသေးသည်။ ထို့ပြင် အွန်လိုင်းမှ မဲပေးကြသူများ၏ မဲအချို့ကိုလည်း သေချာပေါက် ရေတွက်၍ မရသေးပေ။
ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်မည့် ကိုယ်စားလှယ်လောင်း ထက်ဝက်သည် လူနည်းစုဖြစ်ပြီး ၆ ဦးအနက် ၄ ဦးမှာ အမျိုးသမီးများ ဖြစ်သော်လည်း ပါတီကို လူဖြူများက လွှမ်းမိုးထားဆဲ ဖြစ်သည်။ နောက်ဆုံး ဆန်ခါတင် နှစ်ဦးကြားတွင် ၎င်းတို့၏ ရွေးချယ်မှုသည် ကျယ်ပြန့်သော မဲဆန္ဒရှင်များက ဆုံးဖြတ်မည်ဖြစ်ပြီး သူသူငါငါ မီဒီယာနှင့်အဖွဲ့အစည်း တချို့က ကောက်ယူသော စစ်တမ်းများ၏ ရလဒ်များနှင့် ကိုက်ညီလိမ့်မည်တော့ မဟုတ်။
တစ်ခါတရံတွင် ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာကို အမှန်တကယ် ခိုင်ခိုင်မာမာ အပ်နှင်းခြင်း မပြုနိုင်သည့်အခါ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်သည်။
လွှတ်တော်အတွင်း ပထမအကျော့ မဲပေးကြတုန်းက အရှိန်အဟုန်မှာ လျင်မြန်သည်။ အမည်စာရင်း တင်သွင်းမှုများကို ဇူလိုင်လဆန်းပိုင်းတွင် အဆုံးသတ် စေခဲ့ပြီးနောက် ပထမအကျော့ မဲပေးခြင်း အစီအစဉ်ကို တစ်ပတ်အတွင်း ချက်ချင်း ပြုလုပ်ခဲ့သည်။
ဝန်ကြီးချုပ်ရာထူး ယှဉ်ပြိုင်နေသူ ရီရှီဆူနက်
ရုပ်သံလိုင်းများမှ ထုတ်လွှင့်သည့် စကားစစ်ထိုးပွဲများကို ဇူလိုင် ၁၅ ရက်နှင့် ဇူလိုင် ၁၇ ရက်တို့တွင် တစ်ရက်ခြား စီစဉ်ထားပြီး လာမည့် သီတင်းပတ် အစပိုင်း ဇူလိုင် ၁၈ ရက်တွင်တော့ နောက်ထပ် မဲပေးပွဲများကို ထပ်မံကျင်းပ စီစဉ်ထားပြီး ၎င်းနောက် တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲ ပြုလုပ်မည်ဖြစ်သည်။
ဆန်ကာတင်နှစ်ဦးကို ဖော်ထုတ်ပြီးသည်နှင့် ပါတီတွင်း မဲဆွယ်စည်းရုံးမှုများကို ဆက်လက် နားစွင့်နိုင်ရန် လာမည့် နွေရာသီ တွင် ကျန်ရှိသည့် အောက်ခြေ ပါတီဝင်များထံသို့ မဲများ ထုတ်ပေးမည်ဖြစ်သည်။
ဝန်ကြီးချုပ် ရာထူးအတွက် ပါတီ၏ ခေါင်းဆောင်အဖြစ် အရွေးခံသူ ရှစ်ဦးသည် ပထမအကျော့ မဲအတွက် အရည်အချင်း ပြည့်မီပြီး တစ်မဲစီအတွက် တိုရီ -Tory (ကွန်ဆာဗေးတစ်ပါတီ) လုပ်ဖော်ကိုင်ဖက် အယောက် ၂၀ ၏ ကျောထောက်နောက်ခံ ကို ရယူထားသည်။
နိုင်ငံခြားရေး၀န်ကြီး လစ်ဇ်ထရပ်စ်
ဇူလိုင် ၁၃ ရက် မဲပေးပြီးနောက်တွင် ကိုယ်စားလှယ်လောင်း ၆ ဦး ကျန်ရှိခဲ့သလို ဇူလိုင် ၁၄ ရက် ဆက်လက် မဲပေးကြရာ လက်ရှိတွင် ၅ ဦးသာ ကျန်တော့သည်။ သို့ဖြစ်၍ ဇူလိုင် ၁၈ ရက်၌ ထို ၅ ဦးထဲမှ ဆန်ခါတင် ထပ်ရွေးကြ၊ မဲပေးကြရမည် ဖြစ်သည်။
ထိပ်တန်း ပြိုင်ဖက်များတွင် ဘဏ္ဍာရေးအတွင်းဝန်အဖြစ်မှ နုတ်ထွက်ခဲ့သော ရီရှီဆူနက်သည် ဂျွန်ဆင်အား အာဏာရပါတီ အတွင်း ပုန်ကန်မှု စတင်ရန် အကူအညီပေးခဲ့သူ ဖြစ်သည်။ နောက်တစ်ယောက်တော့ ဗြိတိန်၏ ငယ်ငယ်ရွယ်ရွယ်နှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်လာသူ ပဲန်နီမော်ဒန့် ဖြစ်သည်။
သူနှင့်အပြိုင် အမျိုးသမီးဝန်ကြီး တစ်ဦးဖြစ်သည့် လစ်ဇ်ထရပ်စ်လည်း ဇူလိုင် ၁၈ ရက်အတွက် အားကောင်းနေသည်။ လစ်ဇ်ထရပ်စ်သည် ယူကရိန်းစစ်ပွဲအတွင်း သူ့လုပ်ဆောင်ချက်များအတွက် ချီးကျူးခံရသူဖြစ်သည်။ ပဲန်နီမော်ဒန့်ကတော့ အမျိုးသမီး ကုန်သွယ်ရေးဝန်ကြီးအနေဖြင့် ဥရောပသမဂ္ဂထဲမှ ဗြိတိန်နုတ်ထွက်မှု (Brexit) နှင့်ပတ်သက်၍ အတော်လေး တင်းမာသော ရပ်တည်ချက်ရှိ၍ အငြင်းပွားမှုများ ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။
ဝန်ကြီးချုပ်ရာထူး ယှဉ်ပြိုင်နေသူ ပဲန်နီမော်ဒန့်
ကျန်သူနှစ်ဦးကတော့ ယခင် သာတူညီမျှရေးဝန်ကြီးဟောင်း ကီနီဘေးနော့နှင့် လွှတ်တော်အမတ် တွမ်တူဂျန်းဟက်တို့ ဖြစ်ကြသည်။ တွမ်တူဂျန်းဟက်သည် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကို တစ်တစ်ခွခွ ဝေဖန်ခဲ့သော အမတ်တစ်ဦး လည်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက်သည် ကွန်ဆာဗေးတစ် ပါတီဝင်များ၏ မဲဆန္ဒများတွင် ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း ၎င်းအနေဖြင့် သေချာစွာ စဉ်းစားပြီးနောက် ယခုပွဲထဲ ဝင်ရောက် အရွေးမခံရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။
ပဲင်နီမော်ဒန့်သည် ကွန်ဆာဗေးတစ် ပါတီဝင်များ၏ အကြိုစစ်တမ်းများတွင် ထိပ်တန်း ကိုယ်စားလှယ်လောင်းအဖြစ် တစ်ပြေး နေသည်။ ဗြိတိန်လူထု၏ ၁၁ ရာခိုင်နှုန်းကသာ သူ့အမည်နှင့် ဓာတ်ပုံကို တွဲလျက်သိကြသည်။ သို့သော် သူကတော့ ယခုပွဲ တွင် ထိပ်ဆုံးမှ တစ်ပြေးသူ ဖြစ်နေသည်။
ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက်
ထုံးတမ်းစဉ်လာအရ ဗြိတိန်နိုင်ငံ၏ အထိတ်အထိပ်ဖြစ်သူ ဘုရင်မကြီးက ဝန်ကြီးချုပ်အသစ် ရွေးချယ်ခြင်း၏ အဆုံးသတ် အဖြစ် “လက်ဖမိုးနမ်းရှုံ့၍ အသိအမှတ်ပြု” အခမ်းအနား ကျင်းပလေ့ရှိသည်။ (ယခုခေတ် အင်္ဂလန်နိုင်ငံရေးတွင် အမှန် တကယ် နမ်းရှုံ့ခြင်းမျိုး မရှိတော့ပါ)
နုတ်ထွက်သွားသော (သို့မဟုတ်) ရာထူးသက်တမ်း ကုန်ဆုံးသွားသော ဝန်ကြီးချုပ်များသည် ပုံမှန်အားဖြင့် အောက်လွှတ် တော် အစည်းအဝေးသို့ နောက်ဆုံး အကြိမ်အဖြစ် တက်ရောက်လေ့ရှိပြီး ဘက်ကင်ဟမ် နန်းတော်သို့ မော်တော်ယာဉ်ဖြင့် မထွက်ခွာမီ လန်ဒန်မြို့၊ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်အပြင်ဘက်တွင် သဘောထား မှတ်ချက်စကားများ ပြောကြား တတ်သည်။
ဘုရင်မကြီး
သူ့ကို ဘုရင်မကြီး၏ ကိုယ်ရေးအတွင်းဝန်က ကြိုဆိုပြီး နှုတ်ထွက်စာတင်သည့် သီးသန့်အခန်းထဲသို့ ပို့ပေးရသည်။ အနားယူ တော့မည့် ဝန်ကြီးချုပ်နှင့် ဘုရင်မကြီးတို့ ခဏတဖြုတ် စကားစမြည်ပြောကြသည်။ သို့သော် သိပ်မကြာခင်မှာပဲ အစိုးရ အနေ ဖြင့် ဝန်ကြီးချုပ် နုတ်ထွက်တာကို “ကျေနပ်စွာ လက်ခံပါကြောင်း” ကြေညာချက် ထုတ်ပြန်ရန် ဘုရင်မကြီးက နန်းတော်သို့ အမိန့်ပေးရသည်။
ထို့နောက် ဝန်ကြီးချုပ်ဟောင်း၏ မော်တော်ယာဉ် နန်းတွင်းမှ ထွက်ခွာသွားပြီး ချက်ချင်းဆိုသလို ဝန်ကြီးချုပ်အသစ်ကို တင် လာသည့် မော်တော်ယာဉ်က နန်းတော်မုခ်ဝသို့ ဆိုက်ရောက်လာလေသည်။ ၎င်းက အင်္ဂလန် အဆောင်အယောင်များဖြင့် အစိုးရသစ် ဖွဲ့ခွင့်ပြုပါရန် နန်းတော်သို့ ခွင့်ပြုချက် တောင်းခံရသည်။ ဘုရင်မကြီးက ခေါင်းညိတ်မှ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်သည်။
ဘုရင်မကြီး အဲလိဇဘက် (၂) သည် ၎င်း၏ နန်းစံသက်အတွင်း ဝန်ကြီးချုပ် ၁၄ ဦးတိတိ ရှိခဲ့ပြီ ဖြစ်သည်။
ယခု ခန့်အပ်မည့် ဝန်ကြီးချုပ်သစ်သည် ၎င်း၏လက်ထက် ၁၅ ဦးမြောက် ဖြစ်သည်။ ၁၅ ဦးမြောက် ဝန်ကြီးချုပ်တာဝန် စတင် ခြင်း၊ နိုင်ငံရေးယန္တရား ရွေ့လျားခြင်းတို့အတွက် အသက် ၉၆ နှစ်အရွယ်ရှိ ဘုရင်မကြီးကတော့ ဘာကင်ဟမ် နန်းတော်ထဲမှ စောင့်မျှော်နေမည်ဖြစ်သတည်း။ ။
Source: Washington Post
(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်၌ ဇူလိုင် ၁၄ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Marisa Bellack ၏ ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1837
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇
ဆာမိုဖာရာဟာ ဗြိတိန်ရဲ့ အကြီးကျယ်ဆုံး အားကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံ ပစ်ပြိုင်ပွဲမှာ နိုင်ငံ အတွက် ရွှေတံဆိပ် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
နာမည်ကျော် ဗြိတိန် တာဝေး အပြေးသမား မိုဖာရာရဲ့ အံ့သြစရာကောင်းတဲ့ အမှန်တရား တစ်ခုကတော့ သူ့ နာမည်က မိုဖာရာ မဟုတ်တာပါဘဲ။ သူဟာ ဆိုမာလီယာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၉ နှစ်အရွယ်မှာ လူကုန်ကူး သူတွေက ဗြိတိန်နိုင်ငံထဲကို ခိုးသွင်းခဲ့တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ဖြစ်ပါတယ်။
“အမှန်တော့ ကျနော်ဟာ ခင်ဗျားတို့ ထင်နေတဲ့သူ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျနော့်ရဲ့ ဖြစ်ရပ်မှန်ကို ပြောပြပါမယ်”လို့ အသက် ၃၉ နှစ်အရွယ်ရှိ ဆာမိုဖာရာက ပြောခဲ့တာပါ။
၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းမှာ ဆိုမာလီ ပြည်တွင်းစစ်အတွင်း မိုဖာရာရဲ့ ဖခင်ဖြစ်သူ အသတ်ခံခဲ့ရပြီး မိခင်ဖြစ်သူကလည်း ဒီအချိန်မှာ အလွန်စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ မိုနဲ့အတူ သူ့ရဲ့ အမွှာညီအစ်ကို ဟာဆန်တို့ဟာ ဦးလေးဖြစ်သူနဲ့ ဆက်လက် နေထိုင်ဖို့ စေလွှတ် ခံခဲ့ရပါတယ်။ မိုဖာရာရဲ့ အံအားသင့်စရာ ကောင်းတဲ့ အသေးစိတ် အချက်အလက်တွေကို ဘီဘီစီရဲ့ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။
မိုဖာရာ ငယ်ဘ၀ကို ပြောပြနေစဉ် (PA)
မိုဖာရာက “အရင်တုန်းကလည်း ပြောခဲ့ဖူးပေမယ့် ကျနော့် မိဘတွေဟာ ဗြိတိန်မှာ တစ်ခါမှ မနေဖူးပါဘူး။ ကျနော် လေးနှစ် သား အချိန်မှာ အဖေက ပြည်တွင်းစစ်မှာ အသတ်ခံခဲ့ရပါတယ်။ မိသားစုတွေနဲ့ ကွဲကွာခဲ့ရပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြောပြဖို့အတွက် ကျနော့်မှာ အမြဲတမ်း လျှို့ဝှက်ထားသလို ခံစားရတယ်”လို့ ပြောပါတယ်။
အမှန်တရားကို နှစ်ပေါင်း ၃၀ ကျော်ကြာ ဖုံးကွယ်ထားပြီးနောက်မှာ တစ်ခုခုကို ဆုပ်ကိုင်ထားတာထက် ပုံမှန်လိုပဲ မိုဖာရာက အသက်ရှင် နေထိုင်သွားချင်တဲ့ စိတ်ခံစားမှုတွေ ရှိနေပါတယ်။
သူဟာ (မိုဖာရာ) အိမ်အကူလုပ်ဖို့ စာရွက်စာတမ်း အတုတွေသုံးပြီး ဗြိတိန်ကို ခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက်မှာ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ သူ့ကို ခေါ်ဆောင်လာခဲ့တဲ့ အမျိုးသမီးဟာ သူ့မိခင်ဖြစ်သူ ဟန်ဆောင်ခဲ့တာပါ။ လေဆိပ်မှာ တွေ့တဲ့သူ တစ်ယောက်က သူ့သား ဘယ်ရောက် နေလဲဆိုတာကို သိချင်တဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ နေရာကို ယူခဲ့ရတယ်ဆို တာကို သူသဘောပေါက်ခဲ့ပါတယ်။
မိုဖာရတ်က “သူဟာ သူမရဲ့ ခင်ပွန်းဖြစ်ပြီး သူတို့မိသားစု အမည်က ဖာရာပါ။ အဆိုပါ လူဟာ သူမနဲ့ အကြီးဆုံးသားဖြစ်သူ မိုဟာမက်ကို စောင့်နေတာပါ။ သူတို့ အိမ်ကို ရောက်တဲ့အချိန်မှာ အမျိုးသမီးက ဗြိတိန်မှာရှိတဲ့ သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးအတွက် မိုရဲ့ အဆက်အသွယ် အသေးစိတ် အချက်အလက်တွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကျနော် ဒုက္ခ ရောက်ပြီဆိုတာကို သိလိုက်ပါတယ်”လို့ သူအတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်။
ဒီအမျိုးသမီးဟာ အခု မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ဖို့ တောင်းဆိုတာကို တုံ့ပြန်ခြင်းမပြုဘဲ အမှန်အတိုင်း ပြောနေတာတွေကို လည်း ရပ်တန့်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
“ကျနော့်ပါးစပ်ထဲ အစာတွေ ရောက်တာ လိုချင်ရင်တော့ ကျနော့်ရဲ့ အလုပ်က ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့၊ ရေချိုး ပေးဖို့၊ ချက်ပြုတ်ပေးဖို့နဲ့ သူတို့အတွက် သန့်ရှင်းရေး လုပ်ပေးဖို့ပါ။ သူမကတော့ မင်းမိသားစုတွေနဲ့ တွေ့ချင်တယ်ဆိုရင် ဘာမှ မပြောနဲ့လို့ ပြောခဲ့ပါတယ်။ မကြာခဏဆိုသလို ကျနော်ဟာ ရေချိုးခန်းထဲမှာ သော့ပိတ်ပြီး ငိုနေမိပါတယ်”လို့ မိုဖာရာ ဖြစ်သန်းခဲ့ရပုံကို ပြောပါတယ်။
ဗြိတိန်နာမည်ကြီး အားကစားသမားဟာ ၁၁ နှစ် အရွယ်မှာတော့ လန်ဒန် အနောက်တောင်ပိုင်းမှာရှိတဲ့ Feltham Community College ကို တက်ရောက်ခွင့် ရရှိခဲ့ပြီး အင်္ဂလိပ်လို ပြောဖို့ ရုန်းကန်ခဲ့ရ ပါသေးတယ်။
မိုဖာရာဟာ နောက်ဆုံးမှာ သူယုံကြည်လို့ရတဲ့သူကို ရှာတွေ့ခဲ့ပါတယ်။ သူကတော့ PE ဆရာ အလန်ဝက်ကင်ဆန် ဖြစ်ပါ တယ်။
မိုဖာရာနဲ့ သူ၏ မိခင် ပြန်ဆုံတွေ့ခြင်း (PA)
အလန်ဝက်ကင်ဆန်က “ သူဟာ သူနဲ့အတူနေထိုင်တဲ့ သားမဟုတ်ဘူး။ သူ့နာမည်က မိုဟာမက်ဖာရာ မဟုတ်ကြောင်း ကျနော်ကို မိုက ပြောခဲ့ပါတယ်။ သူ့ကို ဒီမှာ အလုပ် ဝေယျာဝစ္စတွေလုပ်ဖို့ အထောက်အထား အသစ်တွေလုပ်ပြီး ခေါ်ဆောင် လာခဲ့တာလို့လည်း ပြောခဲ့ပါတယ်။ ဒါကိုကြားရတာ တော်တော် တုန်လှုပ်သွားခဲ့ပါတယ်”လို့ ပြောပါတယ်။
မိုဖာရာကို ဆိုမာလီကျောင်းသူလေးရဲ့ မိခင်ဖြစ်သူ ကင်ဆီက ခေါ်ဆောင်သွားဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ သူဟာ မိသားစုနဲ့အတူ ၇ နှစ်ကြာ ပျော်ရွှင်စွာ နေထိုင်ခဲ့ရပါတယ်။ ကင်ဆီဟာ မို(မိုဟာမက်ဖာရာ) လေဆိပ်မှာ တွေ့ခဲ့တဲ့ တကယ့် မိုဟာမက်ဖာရာ ဖခင်ဖြစ်သူရဲ့ ညီမ ဖြစ်ပါတယ်။
အသက် ၁၄ နှစ်အရွယ်မှာ မိုဖာရာဟာ လတ်ဗီးယားနိုင်ငံရှိ အင်္ဂလိပ် စာသင်ကျောင်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံ ခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ မိုဖာရာဟာ နိုင်ငံရပ်ခြားကို ခရီးသွားဖို့အတွက် စာရွက်စာတမ်း အထောက်အထား မရှိဘူးဆိုတာ သိသာ ထင်ရှားခဲ့ပါတယ်။
အလန်ဆိုသူက သူ့ကို ဗြိတိန်နိုင်ငံသားဖြစ်ဖို့ စီစဉ်ပေးခဲ့ပြီး အဲ့ဒီကတည်းက သူသိမ်းဆည်းထားတဲ့ စာရွက်စာတမ်းသေတ္တာကို မိုကို ပြသခဲ့ပါတယ်။ ဆာမိုက ဆရာဟောင်းကို ဒုက္ခမပေးချင်ဘူးလို့ ပြောခဲ့ပေမယ့် အလန်ကတော့ သတ္တိရှိခဲ့ပါတယ်။
“လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အချိန်မှာ မိုဟာမက်ဖာရာ အဖြစ် ခင်ဗျားနေခဲ့တယ်။ ကျနော့်ရဲ့ စိတ် ထဲမှာ အဲ့ဒီအချိန်က နိုင်ငံတော်ကလည်း ခင်ဗျားကို မိုဟာမက်ဖာရာလို့ပဲ အသိအမှတ်ပြုတယ်။ ကျနော်နဲ့ ကျောင်းက ဘာမှ အမှားအယွင်း မလုပ်မိဘူးလို့ ထင်ကြောင်း” အလန်က ပြောပါတယ်။
ဒီလိုနဲ့ မိုဟာ ဥပဒေကြောင်းအရ အကြံဉာဏ်ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒီအချိန်မှာပဲ သူ့ရဲ့ ဗြိတိန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုက ဥပဒေပိုင်းဆိုင်ရာအရ ကြည့်လိုက်တဲ့အခါမှာတော့ လိမ်လည်မှု ဒါမှမဟုတ် လွဲမှားစွာ တင်ပြမှု ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ မိုဖာရာ တုန်လှုပ်သွားခဲ့ပါတယ်။
မိုဖာရာ ဟာ ၂၀၁၃ ခုနှစ်က သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ Twin Ambitions မှာ သူဟာ ဆိုမာလီယာ၊ မိုဂါဒစ်ရှူးမှာ မွေးဖွား ခဲ့ပြီး ဖခင်ဖြစ်သူနဲ့အတူ နေထိုင်ဖို့ အမေ၊ ညီမ၊ အစ်ကို နှစ်ယောက်ဖြစ်သူနဲ့အတူ ဗြိတိန်ကို ငယ်ရွယ်တဲ့ အချိန်မှာ ရောက်လာ ခဲ့တယ်လို့ ပြောထားတာပါ။
ကျောင်းမှာတွေ့ခဲ့တဲ့ ဆာမိုရဲ့ဇနီး တာနီရာကတော့ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူမဟာ အမှန်တရားကို အပြည့်အဝ သိခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ တာနီရာက မှတ်တမ်း ရုပ်ရှင်အဆုံးမှာ သူဟာ တကယ် မိုဟာမက် အဖြစ်ကို ဘာကြောင့် ပြောင်းလဲသွားတယ်ဆိုတာကို အဖြေမရသေးပါဘူး။
မို ဟာ သူ့ရဲ့ သားတွေထဲက တစ်ဦးကို သူ့ရဲ့ နာမည်ရင်းဖြစ်တဲ့ ဟူစိန်ဆိုတဲ့ နာမည်ကို ပေးခဲ့ပါတယ်။ မို ဟာ သူ့ရဲ့ မိခင်ရှိတဲ့ ဆိုမာလီယာကို သွားရောက်လည်ပတ်ကာ အဖြေတွေကို ရှာဖွေခဲ့ပါတယ်။
မိုဖာရာ ဆယ်ကျော်သက် အရွယ်တုန်းက မိခင်ဆီကို ဖုန်းနံပါတ် ပေးပို့ခဲ့ပြီးနောက် နှစ်ဦးသား အဆက်အသွယ် ပြန်ရခဲ့ပါ တယ်။ မိခင်ဖြစ်သူဟာ မိုကို ဗြိတိန်မှာ နေထိုင်ဖို့ ခေါ်ဆောင် သွားတယ်ဆိုတာကို နှစ်ပေါင်းများစွာကြာအောင် မသိခဲ့ပါဘူး။
မိုဖာရာ ငယ်ဘ၀ အပြေးသမား ပုံရိပ် (PA)
မိခင်ဖြစ်သူက “ မိုကို ငါတို့အားလုံးက သေပြီလို့ ထင်နေကြတာ။ ဗုံးသံတွေ ငါတို့ ကြားတယ်။ မင်းကို ဗြိတိန် ပို့လိုက်တယ် ဆိုတာ ဘယ်သူမှ ငါ့ကို မပြောဘူး။ ငါတို့မှာ ဖုန်းတွေ မရှိဘူး။ ဒီမှာ ဘာမှမရှိဘူး။ လယ်ယာမြေတွေလည်း ပျက်ဆီးသွား တယ်”လို့ သူ့ရဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။
ဆာမိုဟာ ဂျီဘူတီရှိ ဦးလေးနဲ့အတူ နေထိုင်ခဲ့တဲ့ တဲအိမ်ကို သွားရောက်ကာ “အခက်အခဲဆုံး အရာတစ်ခုက ကျနော့် မိသားစု ထဲက တစ်ယောက်ယောက်က ကျနော့်ကို လူကုန်ကူးတာ ဖြစ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဝန်ခံတာပါပဲ”လို့ ပြောခဲ့တာပါ။
ဗြိတိန်မှာ လူကုန်ကူး ခံရသူပေါင်း ၁ သိန်းလောက် ရှိတယ်ဆိုတာ မိုဖာရာ ကိုယ်တိုင်သိပါတယ်။
မိုဖာရာဟာ ၂၀၁၂ ခုနှစ်က လန်ဒန်အိုလံပစ် ပြိုင်ပွဲရဲ့ မီတာ ၅၀၀၀ နဲ့ မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွေမှာ ရွှေတံဆိပ် နှစ်ခု ရယူခဲ့ပြီး ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ပြိုင်ပွဲမှာလည်း ဒီပြိုင်ပွဲတွေကပဲ ရွှေတံဆိပ် ထပ်မံ ရယူနိုင်ခဲ့တာပါ။
မိုဖာရာ ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သူ့အတိတ်ကို လိမ်ညာခဲ့ပေမယ့် အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ဆိုတာကိုတော့ အခုမှ သဘောပေါက်တယ်လို့လည်း ပြောပါတယ်။
ဘီဘီစီက ကင်ဆီကို ရှာတွေ့တဲ့ အချိန်မှာ သူမဟာ မိုကို ခိုးသွင်းခဲ့တဲ့ အမျိုးသမီးရဲ့ ခယ်မဖြစ်တဲ့အတွက် အသေးစိတ် အချက် အလက်တွေကို ပိုပြီးသိခွင့်ရဖို့ မိုက မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ကင်ဆီက မိုဟာ မိဘမဲ့ဖြစ်တယ်ဆိုပြီး သူမက ပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆာမိုဟာ အစစ်အမှန် မိုဖာရာနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆာမိုက “ ခင်ဗျားကို ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်။ ခင်ဗျားနာမည်ကို ကျနော်သုံးတယ်။ ငယ်ငယ်က ဒီကို လာရတာခက်တယ်”လို့ ပြောခဲ့ပြီး မို အစစ်ကလည်း “ဒါက အဆင်ပြေပါတယ်။ ခင်ဗျားက ကျနော့် ညီအစ်ကိုပါပဲ”လို့ ပြန်ပြောခဲ့ပါတယ်။
ဆာမိုက “ကျနော့် ပခုံးပေါ်မှာရှိတဲ့ တစ်ခုခုကို ရုပ်သိမ်း လိုက်ရတယ်လို့ ခံစားမိပါတယ်”လို့လည်း ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ဗြိတိန် တာဝေးအပြေးသမား မိုဖာရာဟာ ဗြိတိန်ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေ ကနေ ရွှေတံဆိပ် ၁၉ ခု၊ ငွေတံဆိပ် ၉ ခုနဲ့ ကြေးတံဆိပ် ၂ ခု ရယူနိုင်ခဲ့တာအပြင် အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။
Source: Mirror

- By CNI
- Category: ဆောင်းပါး
- Hits: 1496
CNI Article News
ရေးသားသူ -ရဲထွဋ်
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃
၂၀၂၂ ခုနှစ် အစပိုင်းထဲက စတင်လာတဲ့ သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းဟာ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာ သမ္မတ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ နိုင်ငံက ထွက်ပြေးသွား တာနဲ့ အဆုံး သတ်သွားခဲ့တယ်။
ကိုဗစ်၁၉ ကပ်ရောဂါ နဲ့ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့ နေရချိန်မှာ သီရိလင်္ကာ နိုင်ငံကတော့ ကြွေးပြန်မဆပ်နိုင်လို့ ဒေဝါလီခံရတဲ့အဆင့် ရောက်ပြီး နိုင်ငံစီးပွားရေးလည်း ပြိုလဲတဲ့အထိ၊ ပြည်သူ တွေရဲ့ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ရတယ်။
သီရိလင်္ကာနိုင်ငံ အခုလို မွဲပြာကျရတဲ့ အခြေအနေရောက်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ဆွေမျိုးတပည့် ကောင်းစားရေး ဝါဒကြောင့် ဖြစ်တယ်လို့ အကဲခတ်လေ့လာသူ တွေ က သုံးသပ် ကြတယ်။ သူတို့က ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့် အဂတိလိုက်စားမှုတွေပိုများ၊ အရည်အချင်းမရှိတဲ့သူတွေကို အရေးကြီးတာဝန်ပေးတော့ မူဝါဒအလွဲအမှားတွေဖြစ်ပြီး နောက်ဆုံး တိုင်းပြည်စီးပွားရေး ပြိုလဲတဲ့အထိ ဖြစ်ခဲ့ရတာလို့ဆိုတယ်။
၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံရေးကို ရာဂျာပါ့ခ်ဆာ မိသားစုက လက်ဝါးကြီးအုပ်ထား ခဲ့တယ်။ ညီအကို လေး ယောက်မှာ မဟင်ဒါ ရာဂျာပါ့ခ်ဆာက ၂၀၀၄ ခုနှစ် မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သမ္မတ ဖြစ်ခဲ့ တယ်။
မဟင်ဒါက တမီလ်ပြောက်ကျားအဖွဲ့တွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်တာကြောင့် လူကြိုက်များလာတာကို အခွင့် ကောင်းယူပြီး တတိယသက်တမ်း တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အခြေခံဥပဒေကို ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် အဂတိ လိုက်စားမှုတွေကြောင့် နာမည်ပျက်ပြီး ၂၀၁၅ သမ္မတ ရွေးကောက်ပွဲ ရှုံးသွားတယ်။
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ (AP)
၂၀၁၉ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ညီဖြစ်သူ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ ဝင်ပြိုင်ဖို့ ဆုံး ဖြတ်ခဲ့တယ်။ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ဧပြီ ၂၁ ရက်နေ့ အီစတာ ပွဲတော်နေ့မှာ အစ္စလမ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ကိုလံဘို မြို့တော်မှာ ရှိတဲ့ ဟိုတယ်သုံးခု နဲ့ ခရစ်ယန် ဘုရားကျောင်း သုံးကျောင်းကို အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့အတွက် လူ ၂၆၉ ဦးသေဆုံးခဲ့ တယ်။
အဲဒီ တိုက်ခိုက်မှုကို အကြောင်းပြုပြီး ဂိုတာဘာယာက သူ့အစ်ကို လက်ထက်မှာ တမီလ်ပျောက်ကြားတွေကို နှိမ်နင်းခဲ့တာကို ပြန်ထောက်ပြပြီး အမျိုးသားလုံခြုံရေး အထိုင်ပေါ်က မဲဆွယ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတ ဖြစ်လာတယ်။
ရာဂျာပါ့ခ်ဆာ မိသားစုတွေ အာဏာလက်ဝါးကြီးအုပ်ပုံက ရှားမှရှားလို့ ဆိုရမယ်ထင်တယ်။ မဟင်ဒါ သမ္မတဖြစ်ချိန်က သူ့ ညီ ဂိုတာဘာယာက ကာကွယ်ရေးဝန်ကြီး တာဝန်ယူတယ်။ ညီ အငယ်ဆုံး ဘာဆဲလ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တာဝန် ယူခဲ့တယ်။ အစ်ကိုအကြီးဆုံး ချမားလ်က ဆည်မြောင်းနဲ့ ရေအရင်း အမြစ်ဝန်ကြီး တာဝန်ယူတယ်။ ယောက်ဖ ဖြစ်တဲ့ သူကို နိုင်ငံပိုင်လေကြောင်းလိုင်း ဥက္ကဋ္ဌခန့်တယ်။
ဂိုတာဘာယာ သမ္မတဖြစ်တော့ အစ်ကိုဖြစ်တဲ့ မဟင်ဒါက ဝန်ကြီးချုပ်လုပ်တယ်။ ညီအငယ်ဆုံး ဘာဆဲလ်က ဘဏ္ဍာရေး ဝန်ကြီး လုပ်တယ်။ အကိုအကြီးဆုံး ချမားလ်က စိုက်ပျိုးရေးဝန်ကြီး လုပ်တယ်။ မဟင်ဒါရဲ့ သားနှစ်ယောက်မှာ တစ်ယောက် က အားကစားဝန်ကြီးလုပ်တယ်။ တစ်ယောက်က ဝန်ကြီးချုပ်ရုံး ညွှန်ချုပ်လုပ်တယ်။
ဒါက ဝန်ကြီးအဆင့်တွေပဲ ပြောတာပါ။ Indian Express သတင်းစာ အဆိုအရ အစိုးရဌာနတွေ၊ ဘုတ်အဖွဲ့တွေ၊ ကော်ပိုရေး ရှင်းတွေက အရေးကြီးတဲ့ နေရာတွေမှာ ရာဂျာပါ့ခ်ဆာ မိသားစုဝင်နဲ့ ဆွေမျိုး လေးဆယ်ကျော်ရှိတယ်လို့ဆိုတယ်။
အစိုးရအဖွဲ့ထဲမှာ ရာဂျာပါ့ခ်ဆာတွေ ဘယ်လောက်များလဲဆိုရင် သီရိလင်္ကာနိုင်ငံကို ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြား သံတမန် တစ်ယောက်ဟာ ထုံးစံအတိုင်း ဝန်ကြီးတွေ၊ အရေးပါတဲ့ ဌာန အကြီးအကဲတွေကို လိုက်တွေ့တဲ့အခါ ရာဂျာပါ့ခ်ဆာ တွေများလွန်းလို့ “သီရိလင်္ကာနိုင်ငံသားတွေက ရာဂျာပါ့ခ်ဆာ ဆိုတဲ့ နာမည်ကို အရမ်းကြိုက်ပါလား” ဆိုပြီး မှတ်ချက်ချ တယ်ဆိုတဲ့ နိုင်ငံရေးပြက်လုံးတောင် ခေတ်စားခဲ့ဖူးတယ်။
သီရိလင်္ကာဝန်ကြီးချုပ် (AP)
၂၀၂၂ ခုနှစ်၊ ဧပြီလကစပြီး နိုင်ငံရေးစီးပွားရေး အကျပ်အတည်း ပြင်းထန်လာတော့ မဟင်ဒါ ရာဂျာပါ့ခ်ဆာ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးရတယ်။ နောက်တော့ ဘာဆဲလ်နဲ့ ချမားလ် ဝန်ကြီး ရာထူးတွေကနေ နုတ်ထွက်ပေးရတယ်။ သမ္မတ ဂိုတာဘာယာကတော့ နုတ်ထွက်ပေးဖို့ ငြင်းဆန်ပြီး ဝန်ကြီးချုပ် အသစ်ခန့်၊ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ပြီး အသက် ဆက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် စီးပွားရေး အခြေအနေက ကောင်းမလာတဲ့အပြင် လူထုရဲ့ သည်းခံနိုင်စွမ်းကလည်း ကုန်ဆုံး လာတယ်။
နောက်ဆုံးတော့ ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်နဲ့ ဝန်ကြီးချုပ် နေအိမ်တွေကို ဝင်ရောက်စီးနင်းတဲ့အထိ ဖြစ်လာခဲ့တယ်။
အဲဒီနောက်မှာ သမ္မတ ဂိုတာဘာယာ က ဇူလိုင်လ ၁၃ ရက်နေ့မှာ ရာထူးက နုတ်ထွက်ပေးမယ်လို့ ကတိ ပေးထား ခဲ့တယ်။
အခုတော့ ရာထူးက နုတ်ထွက်ကြောင်း ကြေညာမယ့် မနက်စောစောပိုင်းမှာ သမ္မတ ဂိုတာ ဘာယာ နဲ့ ဇနီးဟာ မော်လဒေ့ဗ် နိုင်ငံကို လေယာဉ်နဲ့ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။ ကျန်တဲ့ ရာဂျာပါ့ခ်ဆာ မိသား စုဝင်တွေလည်း သတင်းပျောက်နေ တယ်။ သီရိလင်္ကာ လွှတ်တော်ကတော့ သမ္မတ အသစ်ရွေးချယ်ဖို့ လုပ်နေတယ်။
ကမ္ဘာ့သမိုင်းမှာ ဆွေမျိုးတပည့် ကောင်းစားရေးဝါဒနဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ ရာဂျာပါ့ခ်ဆာတွေက ပထမဆုံး မဟုတ် သလို နောက်ဆုံးလည်းမဟုတ်ဘူး။ အဲဒီလိုပဲ ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး တိုင်းပြည်က ထွက်ပြေးရတဲ့ နိုင်ငံရေးခေါင်းဆောင် တွေထဲမှာ သီရိလင်္ကာသမ္မတ ဂိုတာဘာယာဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး။
(ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးအဖြစ် ဝန်ကြီးဟောင်း ဖြစ်သလို လက်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးလည်း ဖြစ်သည်။)

- By CNI News
- Category: ဆောင်းပါး
- Hits: 1702
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀
ဆယ်စုနှစ် ၃ ခုကြာအောင် တောင်ကိုရီးယားနိုင်ငံရှိ ဂျပန်သံရုံး အပြင်ဘက်တွင် လူအုပ်စုတစ်စုက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စုဝေးနေခဲ့သည်။ ထိုလူစုလူဝေးသည် တစ်ချိန်က ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်စစ်တပ်က ကိုရီးယား အမျိုးသမီး များကို လိင်ကျွန်အဖြစ် အတင်းအကျပ် စေခိုင်းခဲ့ခြင်းကို အသိအမှတ်ပြုရန် တိုကျိုအစိုးရကို တောင်းဆိုနေခဲ့ကြခြင်း ဖြစ် သည်။
ဂျပန်စစ်တပ်များ၏ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှ လွတ်မြောက် လာသူများကို အဆိုပါ လူစုလူဝေးထဲတွင် တစ်ခါတစ်ရံ သက်ကြီးရွယ်အိုများအဖြစ် မြင်တွေ့ရတတ်သည်။ ယင်းသို့ သက်ကြီးရွယ်အို အမျိုးသမီးတချို့၏ အတွေ့အကြုံ များက နောင်လာနောက်သားတွေအတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော် တောင်းဆိုရန် စိတ်အားထက်သန်ဖို့ တွန်းအားပေးခဲ့ သည်။
အထက်ပါ သံရုံးဆန္ဒပြပွဲများသည် တိုကျိုနှင့် ၎င်း၏ အနီးကပ်ဆုံး အိမ်နီးချင်းများကြားတွင် သမိုင်းဝင် အမြင်မကြည်မှုကို အရိပ်အမြွက် ပြသနေပေသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်က နာရာမြို့မှာ အာဘေး မဲဆွယ်နေစဉ်
ဇူလိုင် ၈ ရက်၌ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ပစ်သတ်ခံရပြီးနောက် မရှေးမနှောင်းမှာပင် နိုင်ငံတကာ ခေါင်း ဆောင်များက စာနာထောက်ထားမှု အသီးသီးကို အရှိန်အဟုန်ဖြင့် ပြသခဲ့ကြသည်။ ဂျပန်၏ အနီးကပ်ဆုံး နိုင်ငံတကာ မိတ်ဖက်အချို့က ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၎င်းတို့၏ နိုင်ငံ့အလံကို တစ်ဝက် လွှင့်တင်သွားရန် စီစဉ်ထားကြောင်း ကြေညာခဲ့ကြသည်။
သို့သော် ၂၀ ရာစု၏ အလယ်ပိုင်းတွင် ဖက်ဆစ်(စစ်ဝါဒီ)ဂျပန်၏ ရက်စက် ကြမ်းကြုတ်မှုဒဏ်ကို ခံခဲ့ရသော တရုတ်နှင့် တောင်ကိုရီးယားတို့တွင် တုံ့ပြန်မှုသည် ပိုမိုရှုပ်ထွေးခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် လက်ယာယိမ်း အာဘေးသည် တောင်ကိုရီးယားနှင့် ခိုင်မာသော သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်သည် “ဒုတိယကမ္ဘာစစ်အတွင်း အမျိုးသမီးများ၏ ဂုဏ်သိက္ခာ” ကို အသိအမှတ် ပြုပေးခဲ့သည်။
သို့သော် အာဘေးသည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ဂျပန်စစ်သားများက ကိုရီးယားအမျိုးသမီးများကို အတင်းအဓမ္မ စုဆောင်းခဲ့ခြင်းနှင့် လိင်ကျွန်အဖြစ် ခိုင်းစေခဲ့ခြင်းကို ရံဖန်ရံခါ ငြင်းဆိုခဲ့သေးသည်။ ထိုကိစ္စသည် ဂျပန်နှင့် တောင်ကိုရီးယား တို့အကြား ကာလကြာရှည် အငြင်းပွားစရာ တစ်ခုဖြစ်နေခဲ့သည်။
ထို့ပြင် ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇဝတ်ကောင်များကို ဂုဏ်ပြုခဲ့သည့် ယာဆူကုနီ ဘုရားကျောင်းသို့ အာဘေး၏ ခရီးစဉ်နှင့်အတူ တစ်ချိန်က ဂျပန်၏ ရက်စက် ယုတ်မာမှုများအပေါ် အငြင်းပွားမှုများသည် တောင်ကိုးရီးယားနှင့် တရုတ် နိုင်ငံတို့အဖို့ ဂျပန်နှင့်ပတ်သက်၍ ဆက်ဆံရေးအပေါ် တင်းမာစေခဲ့သည်က အမှန်ပင်ဖြစ်ပါသည်။
အာဘေးကို လုပ်ကြံခဲ့သူကို ဖမ်းဆီးနေစဉ်
တရုတ် အမျိုးသားရေး ဝါဒီများကို ခွဲခြားဆက်ဆံမှုမရှိသော သံတမန်ကျင့်ဝတ် ထိန်းသိမ်းခြင်း၏ သိမ်မွေ့သော ဟန်ချက်ညီ သည့် လုပ်ရပ်ကို ဘေဂျင်းက ရင်ဆိုင်နေရသည်။ အဆိုပါ အမျိုးသားရေး ဝါဒီများကို တရုတ်သမ္မတ ရှီကျင့်ဖျင်အပေါ် အားပေး ထောက်ခံစေရန်အတွက် အနှစ်နှစ်အလလက မွေးမြူထားခဲ့ခြင်းဖြစ်သည်။
ရှင်ဇိုအာဘေးသည် အိုဆာကာမြို့အနီး မဲဆွယ်စည်းရုံးနေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံမှုခံရပြီး နာရီပိုင်း အတွင်းမှာပင် တရုတ်လူမှုကွန်ရက် မီဒီယာသုံးစွဲသူများကြားတွင် ဝမ်းသာအားရဖြစ်သူက ဖြစ်၊ ကဲ့ရဲ့အပြစ်တင်သူက တင်ဖြင့် တုံ့ပြန်ခဲ့ကြကြောင်း တွေ့ရသည်။
ထိုအခါ တရုတ်ပြည်တွင်း၌ ထင်ရှားသော အမျိုးသားရေးဝါဒကို လေးစားကြရန် တိုက်တွန်းနှိုးဆော်သံ ကျယ်လောင်လာခဲ့ သည်။ နိုင်ငံအချင်းချင်း ရန်လိုမုန်းထားမှုကို မှတ်ချက်များ ပေးနေကြသည့် အွန်လိုင်းအုပ်စုကို တရုတ်ပြည်တွင်း၌ ပိတ်ပင် လိုက်ပြီး တရုတ်ပြည်သူများအကြား ဆင်ခြင်တုံ တရားရှိသော မျိုးချစ်စိတ် ရှိကြဖို့ ပညာပေးခဲ့သည်။
စာနာထောက်ထား ဝမ်းနည်းကြောင်း ဇူလိုင် ၉ ရက်၌ နိုင်ငံတကာ မိတ်ဖက်များ ဖော်ပြကြသည့်နည်းတူ တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါထံသို့ အကြောင်းကြားလွှာ တစ်စောင် ရေးသားပေးပို့ခဲ့သည်။ ထို့ပြင် ရှီကျင့်ဖျင်၏ ပုဂ္ဂိုလ်ရေးအရ စာနာထောက်ထားကြောင်း စာလွှာတစ်စောင်ကိုလည်း အာဘေး၏ မိသားစုထံသို့ ပို့ခဲ့သည်။
အာဘေးသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ အပြုသဘောဆောင်ပြီး အထောက်အကူ ပြုခဲ့ကြောင်း၊ တရုတ် လူမှုကွန်ရက်များတွင် အာဘေးအပေါ် ပြက်ရယ်ပြု လှောင်ပြောင်ခြင်းများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ကြောင်း ဘေဂျင်းအစိုးရက ပြတ်ပြတ်သားသား ထုတ်ဖော်ပြသခဲ့သည်။
အွန်လိုင်းပေါ်ရှိ သရော်လှောင်ပြောင်ခဲ့ခြင်းအပေါ် သဘောထား မှတ်ချက်ပေးရန်ကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ငြင်းဆန်ခဲ့သည်။
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျ (Quad)မဟာမိတ်
အာဘေးသည် အတိတ်ဟောင်းက အမွေအနှစ်တစ်ခုကို အကောင်းအဆိုး ရောနှောထားသည့် ခြင်းတောင်း တစ်လုံးထဲတွင် ချန်ထားရစ်ခဲ့ကြောင်း ဘေဂျင်းအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဗစ်တာဂေါင် (Victor Gao) က ပြောကြားခဲ့သည်။ ၎င်းသည် တရုတ်ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန် လက်ထက်က စကားပြန် လုပ်ခဲ့ဖူးသူ ဖြစ်သည်။
ဝန်ကြီးချုပ်ရာထူး လက်ခံပြီးနောက် ဘေဂျင်းသို့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ဝါရှင်တန်၏ ပိုမို လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းအတွက် အာဘေးကို ဗစ်တာဂေါင်က ချီးကျူး ပြောကြား ခဲ့သည်။
သမိုင်းကြောင်းအရ သဘောထား ကွဲလွဲမှုများ ရှိသော်လည်း စီးပွားရေးနှစ်ခုသည် နီးကပ်စွာ ဆက်စပ်နေပြီး ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်လည်း ဖြစ်သည်။
သို့သော် ဂျပန်စစ်တပ်အား ပိုမိုတက်ကြွသော အခန်းကဏ္ဍကို ပေးရန်နှင့် ၎င်း၏ ငြိမ်းချမ်းသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အာဘေး၏ ကြိုးပမ်းမှုသည် ဘေဂျင်းကို အားပြိုင်လာရန် ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံတွင် ၎င်း၏ ပုံရိပ်ကို ထိခိုက်စေကြောင်း ဗစ်တာဂေါင်က မှတ်ချက်ချခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း အာဘေးသည် တရုတ်နိုင်ငံအတွက် တန်ပြန်ရန် အချက်တစ်ချက်ဖြစ်သည့် အမေရိကန် အပါအဝင် ဒေသ တွင်း အင်အားကြီး နိုင်ငံများအဖွဲ့ တစ်ဖွဲ့ဖြစ်သော Quad ၏ ဗိသုကာတစ်ဦးလည်း ဖြစ်သည်။ Quad အဖွဲ့ထဲတွင် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျ စသည့် ၄ နိုင်ငံ ပါဝင်ထားကြသည်။
“သူ့ရဲ့ နောက်ပိုင်းနှစ်တွေမှာ အထူးသဖြင့် ဝန်ကြီးချုပ် ရာထူးကနေ အနားယူပြီးနောက်မှာ ယေဘုယျအားဖြင့် လှုပ်လှုပ်ခတ် ခတ် ဖြစ်စေမယ့် ယူဆရတဲ့ အလုပ်တွေကို သူလုပ်နေခဲ့တာ တွေ့ရပါတယ်” ဟု ဗစ်တာဂေါင်က သုံးသပ်ပြသည်။
ရှင်ဇိုအာဘေး လုပ်ကြံခံရမှု ထိုင်ဝမ် ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်
၂၀၂၀ ပြည့်နှစ်တွင် ရာထူးမှ နုတ်ထွက်ပြီးနောက် အာဘေးသည် အင်ဒို-ပစိဖိတ်ဒေသတွင် ဘေဂျင်း၏ ကြီးထွားလာနေသော ရန်လိုမှုကို အထူးဝေဖန်သူ ဖြစ်လာခဲ့သည်။
ထိုင်ဝမ်အပေါ် မဟာဗျူဟာအရ မရေရာသော မူဝါဒကို စွန့်လွှတ်ရန်နှင့် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ဘေဂျင်းက အခိုင်အမာ ပြောကြားထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အကာအကွယ် ပြုပါမည်ဆိုသည့် ကတိကဝတ်နှင့် ပတ်သက် ၍ အာဘေးက ဝါရှင်တန်ကို တိုက်တွန်းနေခဲ့သည်။
ထိုင်ဝမ်တွင် ကူးစက်ရောဂါ ထူပြောနေချိန်၌ တိုကျိုမှ တိုင်ပေသို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ လွှဲပြောင်းပေးရာတွင် အာဘေးက အကူအညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကူအညီများကြောင့် အာဘေးအပေါ် ၎င်း၏ တစ်သက်တာ ပံ့ပိုးကူညီမှုအတွက် အလွန်ကျေးဇူးတင်ကြောင်း ဇူလိုင် ၉ ရက်၌ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အာဘေးသည် သမ္မတဆိုင်အင်ဝမ် အပါအဝင် ထိုင်ဝမ် နိုင်ငံရေးခေါင်းဆောင်များနှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သူ ဖြစ်သည်။
ဇူလိုင် ၈ ရက် ညပိုင်းတွင် တိုင်ပေမြို့တော်ရှိ ၁၀၁ ထပ်ရှိ မိုးမျှော်တိုက်တွင် အာဘေးကို ဂုဏ်ပြုသောအားဖြင့် မီးထွန်းညှိ ပေးခဲ့ပြီး ၎င်းအပေါ် ကျေးဇူးတင်ကြောင်း သတင်းစကား မက်ဆေ့ချ်ကို အထင်ကရ နေရာများတွင် ပြသခဲ့သည်။
အာဘေးနှင့် တောင်ကိုရီးယား ဆက်ဆံရေးသည် ပို၍ပင် ရှုပ်ထွေးပါသည်။ စစ်ပြီးခေတ် နှောင်းပိုင်းကာလတွင် မွေးဖွားလာသူ အာဘေးက စစ်ပွဲအတွင်း ဂျပန်က ကိုးရီးယားများကို ကျွန်အဖြစ် အသုံးပြုခဲ့သည့် အတိုင်းအတာကို သေးငယ်အောင် ပြောဆို ခဲ့သည်။
ဂျပန်ပြည်သူများ ၀မ်းနည်းခြင်း
ဆယ်စုနှစ်များစွာ ဂျပန်ကိုလိုနီ အုပ်ချုပ်ခဲ့ခြင်းဖြင့် ကိုရီးယားကျွန်းဆွယ်ကို ခေတ်မီအောင် ကူညီပေးခဲ့ကြောင်း အာဘေးက ထောက်ပြခဲ့ခြင်းကြောင့် ဆိုးလ်နှင့် ပြုံယမ်းတို့၏ ခါးသီးသောရှုတ်ချမှုများကို အာဘေးရရှိခဲ့သည်။
သို့သော် ကင်မ်ဂျုံအွန်း၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကတော့ ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုအပေါ် ဂျပန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းမှ ရမည်ဖြစ်သည်။ ထိုနည်းတူ ဆိုးလ်သည် ဘေဂျင်းအပေါ် တိုကျို၏ သတိကြီးကြီးထား နေမှု အချို့ကိုလည်း မျှဝေခံစားပေးရသည်။
သို့ဖြစ်၍ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲက ဂျပန်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် ကတိပြုခဲ့သည်။ ဇူလိုင် ၈ ရက်တွင် ၎င်းသည် အာဘေး ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း စကားပြောကြားခဲ့ပြီး ကျန်ရစ်သူ မိသားစုထံသို့ ပန်းများ ပို့ပေးခဲ့သည်။
ဆိုးလ် အစိုးရသည် ဂျပန်နိုင်ငံရောက် ကိုရီးယားနိုင်ငံသားများအပေါ် အမုန်းပွားစေမည့် ရာဇဝတ်မှုများ လှုံ့ဆော်ပေးလာနိုင် သည့် အာဘေး လုပ်ကြံရမှုအတွက်လည်း အထူးစိုးရိမ်နေသည်။
Source: Washinogton Post
(ဝါရှင်တန်ပို့စ်တွင် ဇူလိုင် ၉ ရက်နေ့စွဲဖြင့် ဖော်ပြထားသော မူရင်းဆောင်းပါးရှင် Amy Cheng နှင့် Andrew Jeong တို့၏ ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

- By CNI
- Category: ဆောင်းပါး
- Hits: 1620
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀
ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီဆိုတဲ့ သတင်းဟာ အားကစားသတင်း စာမျက်နှာတွေမှာ ဖုံးလွှမ်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က နှလုံးရောဂါကြောင့် ကွင်းထဲလဲကျခဲ့တဲ့ ကစားသမား တစ်ယောက်ဟာ အခုဆိုရင် ကမ္ဘာ့ထိပ်တန်း အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာတော့မှာပါ။ အဲရစ်ဆန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအစကို အေဂျတ်စ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အဲရစ်ဆန်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက ဒိန်းမတ် ကစားသမားကို လိုချင်တဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းလည်း အပါအဝင်ပါ။
ဒါပေမယ့် အဲရစ်ဆန်ဟာ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး အီတလီကလပ်ကို စကူဒတ်တိုဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ကစားသမားဘဝ အရှိန်အမြှင့်ဆုံး ရနေတဲ့ အဲရစ်ဆန်ဟာ မမျှော်လင့်ဘဲနဲ့ သူ့ရဲ့အောင်မှု အရှိန်တွေကို ကန့်သတ်ခံရမယ့် အဖြစ်အပျက်ကြီး တစ်ခု ဝင်ရောက်လာခဲ့ပါတယ်။ ဒါကတော့ ဒိန်းမတ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ကစားနေရင်း ဖြစ်ပျက် ခဲ့တာပါ။
ဒိန်းမတ်နဲ့ ဖင်လန်တို့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ ပထမပိုင်းပြီးကာနီးမှာ အဲရစ်ဆန် တစ်ယောက် ကစားနေရင်း ဘယ်သူနဲ့မှ ထိခိုက်ခြင်း မရှိဘဲ ကွင်းထဲ အရုပ်ကြိုးပျက်သလို လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ နှစ်ဖက်အသင်းသားတွေ၊ တာဝန်ရှိသူတွေ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြပါတယ်။
အဲရစ်ဆန် တစ်ယောက် အခန့်မသင့်ရင် အသက် သေဆုံးသွားနိုင်တဲ့ မြင်ကွင်းကို ကမ္ဘာပေါ်မှာရှိတဲ့ ပရိသတ်တွေအားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဒိန်းမတ် အသင်းခေါင်းဆောင် ကေဂျာက ကွင်းထဲ ဆရာဝန် တွေ မရောက်ခင်မှာ ရှေးဦးသူနာပြု နည်းနဲ့ အသင်းဖော်ရဲ့ အသက်ကို ဦးစွာ ကယ်တင်ပေးခဲ့တာပါ။
ကွင်းထဲ လဲကျသွားတဲ့ အဲရစ်ဆန်
ဒီအချိန်မှာ ဒိန်းမတ် ကစားသမားတွေဟာ အဲရစ်ဆန်ကို ဆေးကုသနေတဲ့ အချိန်အတွင်း ဝိုင်းပြီး ပတ်ပတ်လည် ကာထားကြ သလို ငိုကြွေးနေတဲ့ အဲရစ်ဆန်ရဲ့ ဇနီးကို ကေဂျာနဲ့ ကတ်စပါ ရှမိုက်ကယ်တို့က နှစ်သိမ့်ပေးနေခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ အဲရစ်ဆန်ရဲ့ အသက်ကို ကာကွယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အဲရစ်ဆန်ဟာ ဒီနှလုံးရပ်သွားတဲ့ အခြေအနေကြောင့် ဘောလုံးသမားဘဝကို ဆုံးရှုံးရဖို့ နီးစပ်ခဲ့ပါတယ်။ ဆရာဝန်တွေက အဲရစ်ဆန် ဘောလုံးပြန်ကစားနိုင်ဖို့ တော်တော်လေး ခက်ခဲမယ်လို့ သုံးသပ်ခဲ့ကြပြီး ကစားသမားဟာ နှလုံးမှာ စက်ကိရိယာ တပ်ဆင်ခဲ့ရပါတယ်။
အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာခဲ့ပေမယ့် အင်တာမီလန် အသင်းကတော့ သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။ စီးရီးအေက နှလုံးမှာ စက်တပ်ဆင်ထားတဲ့ သူတွေကို ကစားခွင့် မပြုဘူးဆိုတဲ့ စည်းမျဉ်း တွေကြောင့် အင်တာမီလန်အသင်းက ကစားသမားနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ နှလုံးမှာ စက်တပ်ဆင်ထားရတဲ့ အခြေအနေတွေကြောင့် အသင်း တော်တော်များများက ခေါ်ယူဖို့ တွန့်ဆုတ် နေခဲ့တာပါ။ အဲရစ်ဆန်ဟာ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ဒိန်းမတ်လက်ရွေး စင်အသင်းနဲ့ ကမ္ဘာ့ဖလား ကစား ချင်တာကြောင့် လွယ်လွယ်နဲ့ အရှုံးမပေးဘဲ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။
အဲရစ်ဆန်ဟာ ကြံခိုင်မှုပိုင်း ပြန်လည် ကောင်းမွန်ဖို့အတွက် လူငယ်ဘဝက အသင်းဖြစ်တဲ့ အိုဒန့်စ်အသင်းမှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သလို ကစားသမားဘဝ စတင်ခဲ့တဲ့ အေဂျတ်စ်အသင်းမှာလည်း လေ့ကျင့်မှုတွေ သွားရောက် ပြုလုပ်ခဲ့ပါတယ်။
အဲရစ်ဆန်ရဲ့ ကြိုးစားမှုတွေကြောင့် ကစားသမားဘဝ ရောင်နီပြန်သန်းလာမယ့် နေ့ရက်တွေ ရောက်ရှိလာခဲ့ပါတယ်။ ဒါက တော့ ဒိန်းမတ်လက်ရွေးစင်တွေ အများကြီးရှိတဲ့ ပရီးမီးယားလိဂ်ကလပ် ဘရန်ဖို့ဒ် အသင်းက အဲရစ်ဆန်ကို ၆ လ ကာလတို စာချုပ်နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
အဲရစ်ဆန်ရဲ့ အမျိုးသမီးကို နှစ်သိမ့်ပေးနေစဉ်
အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းရဲ့ ကစားသမားဘဝ အစပိုင်းမှာ အရန်အသင်းနဲ့သာ ကစားခဲ့ရပြီး နယူးကာဆယ် အသင်းနဲ့ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ဒါဟာ အဲရစ်ဆန် အတွက်တော့ ၈ လကျော်ကြာ ဘောလုံးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည် ပါဝင်ကစားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဘရန်ဖို့ဒ် အသင်းအတွက် နောက်ပိုင်းပွဲတွေမှာ ပွဲစကတည်းက ပါဝင်ခွင့် ရခဲ့ပါတယ်။ ဘရန်ဖို့ဒ် အသင်းကလည်း အဲရစ်ဆန်ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ရလဒ်ပိုင်း ကောင်းမွန်ခဲ့ပြီး တန်းဆင်း ဇုန်နဲ့ ဝေးရာမှာ ရပ်တည်ကာ ရာသီအကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
အဲရစ်ဆန်ဟာ မနှစ်က ရာသီမှာ ဘရန်ဖို့ဒ် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူကာ ၄ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရန်ဖို့ဒ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အဲရစ်ဆန်ဟာ သူအမျှော်လင့်ဆုံး အရာဖြစ်တဲ့ ဒိန်းမတ် လက်ရွေးစင်အသင်းမှာ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။
အဲရစ်ဆန်ဟာ နယ်သာလန်၊ ဆားဘီးယားတို့နဲ့ ခြေစမ်းတဲ့ ဒိန်းမတ်လက်ရွေးစင်မှာ ပါဝင်ခွင့်ရခဲ့ပြီး ၂ ပွဲစလုံး ဂိုးသွင်းယူနိုင် ကာ သူ့ရဲ့ ခြေစွမ်းတွေကို သက်သေ ပြသသွားခဲ့ပါတယ်။ ဒီနောက်ပိုင်း ဒိန်းမတ်အသင်း ကစားတဲ့ နေးရှင်းလိဂ် ပွဲတွေမှာ လည်း အဲရစ်ဆန် တစ်ယောက် ပုံမှန် ပါဝင်ခွင့်ရခဲ့ပါတယ်။
အဲ့ဒါကြောင့် အဲရစ်ဆန်အတွက် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့်ချက်တွေ ပြည့်ဝဖို့ အခြေအနေ ကောင်းတွေကို ပိုင်ဆိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆန် အနေနဲ့ ဒီလိုမျိုး ခြေစွမ်းတွေ၊ ယုံကြည်တွေ တည်ဆောက်နိုင်ခဲ့တာမှာ ဘရန်ဖို့ဒ် အသင်းက သူ့အတွက် ကျေးဇူးအများကြီးရှိခဲ့ပါတယ်။
အဲရစ်ဆန် လဲကျသွားတာကို အသင်းဖော်တွေ ကာကွယ်ပေးနေစဉ်
အဲရစ်ဆန်ကို လိုချင်ကြပေမယ့် သူ့ရဲ့ ကျန်းမာရေးကြောင့် တချို့အသင်းတွေ မခေါ်ရဲချိန်မှာ ဘရန်ဖို့ဒ် အသင်းက သူ့ကို နေရာ ပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကုန်ဆုံးသွားချိန်မှာတော့ အဲရစ်ဆန်နဲ့ ဘရန်ဖို့ဒ်အသင်းတို့ ချုပ်ဆိုခဲ့တဲ့ ကာလတို စာချုပ်ကလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
အဲရစ်ဆန်ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် စပါး၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က စောင့်ကြည့်လာခဲ့ပြီး ဘရန်ဖို့ဒ် အသင်းကလည်း သူ့ကို ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်လာခဲ့တာပါ။ ဒီအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ သစ် အဲရစ်တန်ဟတ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်တည်ဆောက်နိုင်ဖို့ အဲရစ်ဆန်ကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက အဲရစ်ဆန်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ကစားသမားနဲ့ နှုတ်ဖြင့် သဘောတူညီမှု ရရှိသွားခဲ့ကာ ၃ နှစ် စာချုပ် ချုပ်ဆိုတော့မှာပါ။ အဲရစ်ဆန် အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်က နှလုံးမှာ စက်တပ် ထားတဲ့ အခြေအနေတွေကြောင့် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဒီလိုအခြေအနေထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ၅ မိနစ်ကြာ သေဆုံးတာကနေ ပြန်လာခဲ့တဲ့ အဲရစ်ဆန်ကတော့ လွယ်လွယ်နဲ့ အရှုံးမပေးဘဲ သူလိုချင်တဲ့ ရည်မှန်း ချက်ကို မဖြစ်ဖြစ်အောင် သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေကြောင့် နောက်ဆုံးမှာ အမြင့်ကို ပျံသန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။