CNI International Article

၂၀၂၃ ခုနှစ်၊ မတ်လ ၂၆

စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံတွင် ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သံရုံးပြန်ဖွင့်ရန် ဆော်ဒီအစိုးရ က ဆီးရီးယားနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု ဆော်ဒီနိုင်ငံပိုင် သတင်းတွင် ဖော်ပြခဲ့သည်။

ယင်းက အရှေ့အလယ်ပိုင်း ဒေသတွင်း သံရေးတမန်ရေးဆိုင်ရာ ပြောင်းလဲလာမှုလည်း ဖြစ်သည်။

ယခုကိစ္စများ မတိုင်ခင် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အစဉ်အလာ ရန်ဘက် ဆော်ဒီနှင့်အီရန်တို့က နှစ်နိုင်ငံ ကြား ဆက်ဆံရေးကို ပြန်လည်စတင်ရန်၊ သံရုံးများ ပြန်ဖွင့်ရန် သဘောတူညီခဲ့ ကြသည်။

နှစ်ပေါင်းများစွာကြာ တင်းမာမှုများ ရှိခဲ့ပြီးမှ ယခုကဲ့သို့ ပြန်အဆင်ပြေလာခြင်း ဖြစ်သည်။

ဆီးရီးယား သမ္မတ အာဆတ်ကိုတွေ့ရစဉ်

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်သည် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် အာရပ်နွေဦး တော်လှန်ရေးကြောင့် မတည်မငြိမ်ဖြစ်ခဲ့သော ဆီးရီးယားခေါင်းဆောင် ရာထူးကို ယနေ့အထိ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။ အီရန်နှင့် ရုရှား နှစ်နိုင်ငံထဲထံမှ ကူညီထောက်ပံ့မှုဖြင့် ယခုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဌာနမှ အမည်မဖော် ပြထားသော သတင်းအရင်းအမြစ်များကို ကိုးကား၍ ဆော်ဒီသတင်းဌာနက နှစ်နိုင်ငံကြား ဆက်ဆံရေးများ ပြန်လည် စတင်ရန် ခေါင်းဆောင်များကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိသည်ဟု ဖော်ပြထားသည်။

ဆော်ဒီနိုင်ငံပိုင် သတင်း မတိုင်ခင်ကတည်း အာရပ်ဘာသာဖြင့် ထုတ်လွှင့်သော သတင်းဌာနတစ်ခုတွင် ထိုအကြောင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ ဆော်ဒီနှင့်ဆီးရီးယားတို့အကြား ပုံမှန် ဆက်ဆံရေး ပြန်ဖြစ်ရန်အတွက် ရုရှားက ကြားဝင်စေ့စပ်ပေးနေသည်ဟုလည်း The Wall Street ဂျာနယ်တွင် ဖော်ပြသည်။

အီရန်နဲ့ ဆော်ဒီ ဆက်ဆံရေး ညှိနှိုင်းပေးခဲ့သော တရုတ်

ဆော်ဒီနှင့် ဆီးရီးယားတို့အကြား ဆက်ဆံရေး အခြေအနေများသည် ဆော်ဒီနှင့်အီရန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည် စတင်ရန် အထင်ကရ သဘောတူညီချက် ရရှိခဲ့ခြင်း၏ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖြစ်သည်။

ယခု ဆီးရီးယားဖြစ်စဉ်သည် ဆော်ဒီနှင့်အီရန်တို့အကြား ဆက်ဆံရေး အခြေအနေများ ပြန်လည် စတင်ရန် သဘောတူညီချက်သည် ဒေသတွင်းရှိ ပဋိပက္ခများကို အဆုံးသတ်ရေးအတွက် အရေးပါကြောင်းကိုလည်း ဖော်ညွှန်းနေသည်။

ဆော်ဒီနှင့် ကာတာတို့ အပါအဝင် အမေရိကန်၏ ဒေသတွင်း မဟာမိတ်တချို့သည် ဆီးရီးယား ပြည်တွင်းစစ် အတွင်း အာဆတ်ကို ဖြုတ်ချလိုသော အတိုက်အခံ လက်နက်ကိုင်များကို ထောက်ခံခဲ့သော်လည်း ယနေ့ အချိန် အထိ အာဆတ်ကို ဖြုတ်ချနိုင်ခြင်း မရှိသည့် အခြေအနေက ဒေသတွင်း နိုင်ငံများကို ဆီးရီးယားသမ္မတနှင့် ပိုမို နီးကပ်စွာ ဆက်ဆံရန် ပြောင်းလဲလာစေခဲ့သည်ဟုလည်း ယူဆရသည်။

သို့သော် ဆော်ဒီ၏ မဟာမိတ် အမေရိကန်ဘက်ကတော့ ဒေသတွင်း နိုင်ငံများ အာဆတ် အစိုးရနှင့် ပုံမှန် ဆက်ဆံ ရေး ပြန်လုပ်ခြင်းကို ကန့်ကွက်ထားသည်။

ဆီးရီးယား ပြည်တွင်းစစ်အတွင်း အစိုးရ၏ လူမဆန်သော ရက်စက်မှုများအပြင် နိုင်ငံရေးအဖြေရှာမှုအတွက် တိုးတက်သော ရလဒ်များ ထွက်ပေါ်လာစေရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။

လက်ရှိ အချိန်အထိ ဆီးရီးယား သတင်းဌာနများက ထိုသတင်းနှင့် ပတ်သက်၍ ထုတ်ပြန်မှု မရှိသေးသကဲ့သို့ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ မေးမြန်းမှုများကိုလည်း နှစ်ဖက်စလုံးမှ ခေါင်းဆောင်များက ဖြေဆိုခြင်း မရှိသေးပေ။

ယခု သီတင်းပတ် ကြာသပတေးနေ့ အစောပိုင်းတွင် ရုရှားသမ္မတ ပူတင်က အိုမန် ဆူလ်တန် ဟိုင်သမ်ဘင် တာရစ်အား ဖုန်းဆက်ခဲ့သည်။

 ဆီးရီးယားစစ်ပွဲအတွင်းက ရုရှားတပ်ဖွဲ့

ယင်းကို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးသော အဆင့်မြင့် အပြန်အလှန် ဆက်သွယ်မှုဟု ရုရှားဘက်က သတ်မှတ်သည်။ အိုမန်သည် ဆိုဗီယက် ပြည်ထောင်စုနှင့် ၁၉၈၅ ခုနှစ်ကတည်းက ဆက်ဆံရေး စတင်ခဲ့ခြင်း ဖြစ်သည်။

အိုမန်သည် အနောက်အုပ်စုနှင့် အီရန်တို့အကြား စေ့စပ်ဆွေးနွေးပေးသူအဖြစ် ကာလရှည် ဆောင်ရွက် ပေးခဲ့ သည်။ မကြာသေးခင်ကလည်း ယီမင်၏ ကာလရှည် ပဋိပက္ခကို အဆုံးသတ်ရေး အိုမန်တွင် ဆွေး နွေးပွဲများ ကျင်းပခဲ့သည်။

ကာလရှည် ယီမင်ပြည်တွင်းစစ်သည် အရှေ့အလယ်ပိုင်းမှ အင်အားကြီး လူမျိုးစုနှစ်ခုကို ကိုယ်စားပြုသည့် ဆော်ဒီ နှင့် အီရန်တို့အကြားမှ အားပြိုင်မှုဖြစ်ပြီး ဆော်ဒီက ယီမင်ပြည်ပြေးအစိုးရကို ထောက်ပံ့ကာ အီရန်က မြို့တော် ဆာနားကို ထိန်းချုပ်ထားသည့် ဟူသီသူပုန်များကို ထောက်ပံ့ပေးလျက်ရှိသည်။

၂၀၁၁ လူထုအုံကြွမှုများမှ ပြည်တွင်းစစ်ပွဲသို့ ပြောင်းလဲသွားခဲ့သည့် ဆီးရီးယား အရေးတွင်လည်း ဆော်ဒီအစိုးရ သည် အာဆတ် အစိုးရကို ဖြုတ်ချလိုသည့် ဆီးရီးယား အတိုက်အခံများကို ထောက်ပံ့ပေးခဲ့သည်။

သို့သော် မကြာသေးခင် နှစ်များအတွင်း အရှေ့အလယ်ပိုင်း ဒေသတွင်းမှ အခြေအနေများမှာ ပြောင်းလဲလာခဲ့ သည်။ ပြီးခဲ့သည့်လ ဆီးရီးယားနှင့်တူရကီတို့တွင် အင်အားပြင်း ငလျင်လှုပ်မှုကလည်း နိုင်ငံတကာအသိုင်းအ ဝိုင်း၏ အာရုံစိုက်မှုကိုရရှိကာ လုပ်ငန်းစဉ်များကို မြန်ဆန်လာခဲ့သည်။

ဆော်ဒီ အပါအဝင် အာရပ်နိုင်ငံများက ဆီးရီးယားသို့ အကူအညီများစွာ ပေးပို့ခဲ့ကြသည်။

အာဆတ်ဖြုတ်ချရေး တိုက်ခိုက်နေသော ကာဒ့်တပ်ဖွဲ့ကိုတွေ့ရစဉ်

အာဆတ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိုမန်သို့ သွားရောက် လည်ပတ်ခဲ့ကာ ပြီးခဲ့သည့် သီတင်း ပတ်ကုန် ပိုင်းတွင် ယူအေအီးသို့ သွားရောက်ခဲ့သည်။ ယူအေအီးသည်ပင် ဆီးရီးယားပဋိပက္ခ အစပိုင်းတွင် အာဆတ်ကို ဆန့်ကျင်သော အတိုက်အခံများကို ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ခဲ့သည်။

ဆီးရီးယားနှင့် ဆက်ဆံရေးသည် မရှိမဖြစ် အရေးပါသည်ဟု ယူဆသော အာရပ်နိုင်ငံ အရေအတွက်မှာ သိသိသာ သာ မြင့်တက်လာသည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက မကြာသေးခင်ကမှ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

လာမည့် မေလတွင် ဆော်ဒီသည် အာရပ်အဖွဲ့ချုပ် ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ပြီး ယင်းတွင် အာရပ်နိုင်ငံအများစုက ဆီးရီးယားအား အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံရန် မျှော်လင့်ထားသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူးက ပြောသည်။

ပဋိပက္ခများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ဆီးရီးယား၏ အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်း ဒေသအပေါ် တရုတ်နှင့် ရုရှားတို့၏ စိတ်ဝင်စားမှုက အမေရိကန် အရာရှိများအတွက် ကာလ ရှည် စိုးရိမ်မှုကို ဖြစ်စေသည်။ အမေရိကန်ဘက်က အရှေ့အလယ်ပိုင်းဒေသကို ကမ္ဘာ့စွမ်းအင် ဈေးနှုန်း အတွက် အခရာကျသော ဒေသတစ်ခုအဖြစ် ရှုမြင်ထားသည်။

အမေရိကန်တွင် ယခင်ကထက် ရေနံစိမ်း ပိုထွက်ကာ ရေနံနှင့်ပတ်သက်၍ ဆော်ဒီအပေါ် မှီခိုနေရမှုကို ယခင်က ထက် ပိုမိုလျော့ချ ထားနိုင်သော်လည်း ယခုကဲ့သို့ ရှုမြင်နေခြင်း ဖြစ်သည်။

အမေရိကန်၏ မဟာမိတ်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီအစိုးရသည် ယခုနောက်ပိုင်း ကာလများတွင် အမေရိကန် ထက် ရုရှားနှင့်ပို၍ နီးကပ်သော ဆက်ဆံရေး ရှိလာသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကာလတွင် ကမ္ဘာ့ရေနံ ဈေး များကို မြှင့်တင်ရန် ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့သည့် ဆော်ဒီဦးဆောင်သော OPEC အဖွဲ့၏ ဆုံးဖြတ်ချက်ကို လည်း ရုရှားက ချီးကျူးခဲ့သည်။

အမေရိကန်နှင့် ဆော်ဒီတို့အကြား ဆက်ဆံရေးသည် အမေရိကန်သတင်းထောက် တစ်ဦးကို ဆော်ဒီအစိုးရက သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ဆိုးရွားလျက်ရှိသည်။

Source: AP