
- By CNI
- Category: ဆောင်းပါး
- Hits: 1517
CNI Sport Article
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃
၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့ အချိန်မှာ ကစားသမားတွေကတော့ ဒီပြိုင်ပွဲကြီးမှာ မပါဝင်ရမှာကို စိုးရိမ်မှုတွေ ရှိလာကြပြီ ဖြစ်ပါတယ်။
ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပုံမှန်ကျင်းပနေကျ နွေရာသီမှာ မဟုတ်ဘဲ ဆောင်းရာသီမှာ ကျင်းပမယ့် ပွဲဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့ ပူပြင်းမှုကြောင့် ဆောင်းရာသီမှာ ပြောင်းလဲ ကျင်းပတာဟာ ကစားသမားတွေအတွက် ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။
နွေရာသီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် ကစားသမားတွေဟာ ဥရောပလိဂ်တွေ ပြီးဆုံးပြီးမှ နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းပြီး ယှဉ်ပြိုင်ရတာပါ။ အခုပြိုင်ပွဲမှာတော့ ကစားသမားတွေဟာ ဒီပြိုင်ပွဲ မတိုင်ခင် လိဂ်ပြိုင် ပွဲတွေမှာ အားထုတ်ပြီး ကစားနေရသလို ပြိုင်ပွဲအပြီးမှာလည်း အရှိန်တက်လာနေတဲ့ လိဂ်ပြိုင်ပွဲတွေကို ပိုပြီး အားစိုက်လာရတော့မှာ ဖြစ်ပါတယ်။
ဘောလုံးကစားသမားများ ကာတွန်းရုပ်ပုံကိုတွေ့ရစဉ် (GETTY IMAGES)
အခုအချိန်မှာတော့ ကစားသမားတွေဟာ သက်ဆိုင်ရာ အသင်းတွေအတွက် စိတ်နှစ်ပြီး ကစားနေတာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ သံသယရှိနေပြီ၊ မပါဝင်နိုင်တော့ဘူးဆိုတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာ ပိုပြီး ကြားနေရပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲက နီးကပ်လာတာကြောင့်ပါ။ ပြင်းထန်တဲ့ ဒဏ်ရာ မဟုတ်ဘဲ အသေးစား ဒဏ်ရာ ရခဲ့မယ်ဆိုရင်တောင် ပြန်ပြီး ကောင်းမွန်ဖို့က အချိန်ယူရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါဆိုရင် ၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ သူတို့ရဲ့ အိမ်မက်တွေကို လွှင့်ပစ်ရဖို့ ရှိနေတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့က ကစားသမားတိုင်းရဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်။
ခြေစစ်ပွဲ မအောင်လို့ မပါဝင်ရတာက ဘာမှမဖြစ်ပေမယ့် ခြေစစ်ပွဲအောင်ပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်တာက သူတို့အတွက် ထိခိုက်မှုကြီးမားတယ်လို့ ဆိုရမှာပါ။ လက်ရှိ ခြေစစ်ပွဲ အောင်ထားတဲ့ အသင်းတွေက ကစားသမား တွေဆိုရင် နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသွားသော ကန်တီကို တွေ့ရစဉ်
နောက်တစ်ကြိမ် စောင့်ရမယ့် ၄ နှစ်ဆိုတာ ဘယ်ကစားသမားအတွက်မှ မသေချာတာကြောင့် ဒီလိုပွဲမျိုးကို လက်လွှတ်ဖို့က သူတို့အတွက် မဖြစ်နိုင်တဲ့အရာပါ။
ဒါဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်အောင် ကလပ်အသင်းအတွက် ကစားတဲ့နေရာမှာ ဒဏ်ရာမရအောင် ရှောင်ပြီး ကစားဖို့ဆိုတာကလည်း ကစားသမားတွေအတွက် လက်တွေ့မှာ မလွယ်ကူပါဘူး။ ကွင်းထဲရောက်ပြီ ဆိုတာနဲ့ ဘယ်ကစားသမားမဆို နိုင်လိုစိတ် ပြင်းထန်တာကြောင့် ဒဏ်ရာရတာတွေကို အသာထားပြီး အသင်း နိုင်ပွဲရဖို့ကိုသာ ဦးတည်လာခဲ့တာပါ။
ပွဲပြီးမှသာ ဒဏ်ရာရလို့ ကမ္ဘာ့ဖလားလွဲနိုင်မယ့် အခြေအနေကြောင့် ငိုကြွေးတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒဏ်ရာတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို မပါဝင်နိုင်မယ့် ကစားသမားတွေလည်း အများကြီး ရှိနေပါတယ်။ အခုဆိုရင် ပြင်သစ်ကွင်းလယ်လူ ကန်တီ၊ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာ၊ နယ်သာလန် ကွင်းလယ်လူ ဝစ်ချ်နယ်လ်ဒန်းနဲ့ အင်္ဂလန်နောက်ခံလူ ရီစီဂျိမ်းစ်တို့ကတော့ ဒီပြိုင်ပွဲကို ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။
ဒိုင်ဘားလား၊ ပေါ့ဘာ၊ ဒီမာရီယာနဲ့ ဝေါ်လ်ကာတို့ကတော့ ပြိုင်ပွဲပါဝင်နိုင်ဖို့ မျှော်လင့်ချက် ရှိနေကြသေးတာ ဖြစ်ပါတယ်။
မျှော်လင့်ချက် ရှိကြတယ်ဆိုပေမယ့် ကြံ့ခိုင်မှုပိုင်း ပြန်ကောင်းအောင် အရင်ဦးစားပေး လုပ်ဆောင်ကြရမှာဖြစ်ပြီး လက်ရွေးစင်အသင်း နည်းပြတွေကလည်း သူတို့ကို ရွေးချယ်ဖို့ တော်တော်လေးကို စဉ်းစား ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။
ပေါ့ဘာကိုတွေ့ရစဉ်
ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးမှာ ရာနှုန်းပြည့် ဒေါင်ဒေါင်မြည် ကောင်းမွန်တဲ့ ကစားသမားတွေသာ နည်းပြတွေက အသင်းလူစာရင်းထဲ ခေါ်ဆောင်သွားချင်ကြတာပါ။ ဒါမှလည်း ပွဲတွေကစားတဲ့အချိန် သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လိဂ်ပွဲတွေ၊ ဥရောပပွဲတွေကလည်း ဆက်နေတာကြောင့် နည်းပြတွေကတော့ သူတို့အားကိုး ရမယ့် ကစားသမားတွေ ဒဏ်ရာမရဖို့ မျှော်လင့်နေကြသလို ကစားသမားတွေ ဘက်ကလည်း ဒဏ်ရာကို ရှောင်လွှားနိုင်ဖို့ လုပ်ဆောင်ကြမှာ အသေအချာပါပဲ။
ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ကစားသမားတွေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာကို စောင့်ကြည့်ပြီး အားပေးဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။
အဲ့ဒါကြောင့်လည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေ အမြန်သက်သာပြီး တခြား ကစားသမားတွေလည်း ဒဏ်ရာကင်းကင်းနဲ့ သူတို့ အိမ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ ဆန္ဒပြုလိုက် ရပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 1582
CNI International Article
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇
ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်ရေး လက်နက်များ ထောက်ပံ့ရေးအတွက် အီရန်က ၎င်း၏ ကတိကဝတ်ကို ခိုင်မာစေခဲ့ကြောင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ပြောကြားခဲ့ကြသည်။
မောင်သူမဲ့ လေယာဉ်များသာမက ယူကရိန်းမြို့များနှင့် တပ်ဖွဲ့ဝင်များ၏ တည်နေရာများအား ပစ်မှတ်ထား တိုက်ခိုက်နိုင်သည့် အီရန်လုပ်မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များကို အီရန်နှင့်ရုရှားတို့ လျှို့ဝှက် ကတိပြုခဲ့ကြောင်း အမေရိကန် အရာရှိတချို့က ပြောကြသည်။
တီဟီရန်မှ မော်စကိုသို့ လက်နက်များ တင်ပို့မှု များပြားလာခြင်းသည် ယူကရိန်းသို့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ဆုံးရှုံးမှု ကာမိစေရန်ဖြစ်ကြောင်း အမေရိကန်ဘက်က ယူဆကြသည်။
ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ယူကရိန်းမြို့ကြီးများကို တိုက်ခိုက်ရာတွင် တိကျစွာ ထိမှန်နိုင်သည့် လက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်နိုင်မှုမှာ ရုရှားအတွက် နည်းလာခဲ့သည်။
မကြာသေးမီ ရက်ပိုင်းအတွင်း ယူကရိန်း ပစ်မှတ်များကို တိုက်ခိုက်ရာတွင် သုံးစွဲခဲ့သော အီရန် ဒရုန်းများ၏ သဲလွန်စ ကျန်ရစ်ခဲ့သော ဓာတ်ပုံများအား လွတ်လပ်သော သတင်းမီဒီယာအချို့က လွှင့်တင်ခဲ့ကြသည်။
ထိုလက်နက်များကို ၎င်း၏မဟာမိတ် ရုရှားထံသို့ ပို့ပေးခဲ့ကြောင်း အီရန်၏အကြိမ်ကြိမ် ငြင်းဆိုမှုများမှာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။
ရုရှားလေကြောင်း တိုက်ခိုက်မှုများတွင် အီရန်ဒရုန်းများ သုံးစွဲခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အများသိအောင် အတည်ပြု ပေးခဲ့သည်။
ထိုဒရုန်းများကို ပြန်လည် ပစ်ချနိုင်ခြင်းမှာလည်း ယူကရိန်း၏ အောင်မြင်မှုလည်း ဖြစ်သည်။
အီရန် စစ်ဘက်ဆိုင်ရာအရာရှိ ၂ ဦးကို ဒရုန်းများနဲ့အတူ တွေ့ရစဉ် (GETTY IMAGES)
မော်စကိုထံသို့ စစ်ဘက်ဆိုင်ရာ ပံ့ပိုးသူအဖြစ် အီရန်အခန်းကဏ္ဍ ချဲ့ထွင်လာခြင်း၏ ထင်ရှားသော လက္ခဏာ တစ်ရပ်အဖြစ် တီဟီရန်အစိုးရသည် အီရန်၏မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်အမျိုးအစား နှစ်မျိုး အပါအဝင် နောက်ထပ် လက်နက်တင်ပို့များအတွက် နှစ်ဘက်စည်းကမ်းချက် သတ်မှတ်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ရုရှားနိုင်ငံသို့ အီရန်တာဝန်ရှိသူများကို စေလွှတ်ခဲ့သည်။
ထိုအကြောင်းကို အီရန်၏ လက်နက်ရေးရာ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသော အမေရိကန်နှင့် မဟာမိတ်များနိုင်ငံများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရခြင်း ဖြစ်သည်။
ယခုရက်ပိုင်း ထောက်လှမ်းရေး အကဲဖြတ်ချက် တစ်ခုတွင် ယူကရိန်းနှင့် အမေရိကန် တာဝန်ရှိသူများက “အီရန်၏ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းသည် Fateh-110 နှင့် Zolfaghar ဒုံးကျည်များကို ပထမဆုံးတင်ပို့ရန် ပြင်ဆင်နေ သည်” ဟု ထုတ်ဖော်ပြောကြသည်။
ကီလိုမီတာ ၃၀၀ နှင့် ၇၀၀ အကွာအဝေးရှိ ပစ်မှတ်များကို ထိရောက်စွာ ထိမှန်နိုင်စွမ်းရှိသော အီရန်နာမည်ကြီး တာတိုပစ် ပဲ့ထိန်းဒုံး ကျည်နှစ်စင်း ရုရှားလက်ဝယ်သို့ ရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန် အစိုးရဘက်မှ အရာရှိနှစ်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။
အကယ်၍သာ ထိုသတင်းကို အတည်ပြုနိုင်ခဲ့လျှင် စစ်ပွဲစတင်ချိန်မှစ၍ ရုရှားသို့ ပထမဆုံးသော ဒုံးကျည်များ အီရန် ပေးပို့မှု ဖြစ်လာမည်ဖြစ်သည်။ ထောက်လှမ်းရေးသတင်း စုဆောင်းရေး ကြိုးပမ်းမှုများနှင့် ပတ်ဝန်းကျင် ဂယက်များကြောင့် ၎င်းအရာရှိနှစ်ဦး၏ အမည်ကို ထုတ်ဖော်ခြင်းမပြုကြောင်း ဝါရှင်တန်ပို့စ်က ရေးသားသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း အီရန်လုပ် ဒရုန်းများ၊ Shahed စီးရီးနှင့် Mohajer-6 တို့ကို ယူကရိန်းတွင် သုံးစွဲရန် ရုရှားထံသို့ အီရန်ပို့ပေးနေကြောင်း အမေရိကန်က စုံစမ်းရမိခဲ့သည်။
အဆိုပါ လက်နက်အမျိုးစား နှစ်မျိုးစလုံး၏ အကြွင်းအကျန် သဲလွန်စများကို မကြာသေးမီ ရက်ပိုင်း၌ ယူကရိန်း တပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ပြီး အသေးစိတ် ခွဲခြားစိတ်ဖြာ၍ ဓာတ်ပုံရိုက်ကူး၍ မှတ်တမ်းတင်ခဲ့သည်။
ရုရှားသည် အဆိုပါ လက်နက်များကို ပြန်လည် တံဆိပ်ကပ်ပြီး ရုရှားအမည်များ ပေးထားပုံရသည်။
ယူကရိန်းစစ်သားများကိုတွေ့ရစဉ်
ရည်ရွယ်ထားသော ပစ်မှတ်များကို တိကျစွာ ဖောက်ခွဲနိုင်၍ တခါတရံ kamikaze ဟုခေါ်သည့် အီရန်လုပ် ဒရုန်း များသည် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်၍ မိုင် ၁,၅၀၀ အကွာအဝေးအထိ လွှတ်တင်နိုင်သည်။
ထို့အပြင် မောင်းမဲ့လေယာဉ် လှုပ်ရှားလည်ပတ်မှုဆိုင်ရာ ညွှန်ကြားချက်များ ထုတ်နိုင်ရန်အတွက် အီရန် နည်းပညာ အကြံပေးသူများသည် မကြာသေးမီ သီတင်းပတ်များ၌ ရုရှားထိန်းချုပ် နယ်မြေများသို့ သွားရောက် ခဲ့ကြသည်။
ရုရှားနိုင်ငံသို့ အီရန်သင်္ဘောများ တင်ပို့မှု ဆိုင်းငံ့ထားသည့် သတင်းများနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက သဘောထား မှတ်ချက်ပေးရန် ဝါရှင်တန်ပို့စ်ကို ငြင်းဆန်ခဲ့သည်။
အလားတူ ရုရှားနှင့် ထိစပ်နေသော အီရန်ဒုံးကျည်များအကြောင်း အောက်တိုဘာ ၁၅ ရက်က ဝါရှင်တန်ပို့စ် အနေဖြင့် သဘောထား မှတ်ချက် တောင်းခံခြင်းကို ရုရှားနှင့်အီရန် အစိုးရအရာရှိများက တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမီရာအဗ္ဗဒူလာဝါဟင် (Hossein Amirabdollahian) က ယူကရိန်းစစ်ပွဲမှာ အသုံးပြုမယ့် လက်နက်ကို အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံကို ပေးမှာ မဟုတ်ကြောင်း ၎င်း၏ ပေါ်တူဂီ နိုင်ငံခြား ရေးဝန်ကြီးထံသို့ အောက်တိုဘာ ၁၆ ရက်၌ တောင်းဆိုသည့် ကြေညာချက်မှာ ဖော်ပြထားသည်။
“စစ်ရေး အကျပ်အတည်းရှိနေချိန် တစ်ဖက်နဲ့တစ်ဖက် လက်နက် အပြိုင်အဆိုင် တပ်ဆင်မှုက စစ်ပွဲကို ရှည်ကြာ စေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်အနီ (Nasser Kan’ani) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားခြင်းဖြင့် ရုရှားနိုင်ငံသို့ ဒရုန်းများ ထောက်ပံ့ရေးရာ၌ မိမိတို့မည်သည့် ပတ်သက်မှုမှ ပါဝင် ပတ်သက်ခြင်း မရှိဟု အီရန်က ဆက်တိုက် ငြင်းဆိုခဲ့သည်။
ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ်
“ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ဒရုန်းများကို ရုရှားထံ ပေးပို့ခြင်းနဲ့ ပတ်သက်တဲ့ အခြေအမြစ်မရှိသော သတင်းတွေကို အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံက ထည့်သွင်းစဉ်းစားမှာ မဟုတ်သလို အဲဒါတွေကို အတည် မပြုပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ကန်အနီက ယူကရိန်း-ရုရှား ပဋိပက္ခတွင် အီရန်၏ ကြားနေမှုကို ပြန်လည် အခိုင်အမာ ပြောကြားခဲ့သည်။
“နှစ်ဘက်စလုံးသည် အကြမ်းဖက်မှုမှ ကင်းစင်သော နိုင်ငံရေး နည်းလမ်းများဖြင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း” အလေးပေး ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ထပ်မံရရှိသော ထောက်လှမ်းရေး သတင်းများ၏ နောက်ကွယ်ရှိ အထောက်အထားများနှင့် ပတ်သက်၍ ကိယက်ဗ် အစိုးရထံသို့ ရှင်းလင်းတင်ပြခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ယူကရိန်းတောင်ပိုင်းတွင် ရုရှားက မကြာသေးမီ၌ ဖြန့်ကြက်ချထားသော ဒရုန်းအများစုမှာ အီရန်နိုင်ငံတွင် ထုတ်လုပ်ကြောင်း ယူကရိန်းက သီးခြားအကဲဖြတ်နိုင်ခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းက ဖော်ပြထားသည်။
Source: Washington Post

- By CNI
- Category: ဆောင်းပါး
- Hits: 2218
CNI Sport Article
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၆
၂၀၂၂ အတွက် ဘောလွန်းဒီအော ဆုပေးပွဲကို အောက်တိုဘာ ၁၇ ရက်နေ့မှာ အခမ်းအနား ပြုလုပ်ပြီး ချီးမြှင့်တော့ မှာ ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးက စီစဉ်တဲ့ ဒီဆုပေးပွဲဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုဖြစ်ပြီး ကစားသမားတိုင်းက လိုချင်မက်မောတဲ့ ဆုလည်း ဖြစ်ပါတယ်။
အခုနှစ်အတွက် ပေးအပ်မယ့်ဆုဟာ အရင်နှစ်တွေကလို ပြက္ခဒိန်တစ်နှစ်လုံးရဲ့ စွမ်းဆောင်ရည်အစား ရာသီရဲ့ ရလဒ်တွေအပေါ် အခြေခံပြီး ပထမဆုံးအကြိမ် ပေးမှာလည်း ဖြစ်ပါတယ်။
ဒီဆုပေးပွဲမှာဆိုရင် အမျိုးသား ဘောလွန်းဒီအောဆု၊ အမျိုးသမီး ဘောလွန်းဒီအောဆု၊ အကောင်းဆုံး လူငယ် ကစားသမား၊ အကောင်းဆုံး ဂိုးသမားဆုတွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ အားလုံးစိတ်ဝင် အစားဆုံး ကတော့ အမျိုးသား ဘောလွန်းဒီအောဆု ဖြစ်ပါတယ်။
ဒီဆုအတွက် ဆန်ကာတင် ၃၀ ဦး စာရင်းလည်း ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒီထဲမှာ အံ့အားသင့်စရာကတော့ ဘောလွန်း ဒီအောဆုကို စံချိန်တင် ရရှိထားတဲ့ မက်ဆီဟာ ဒီစာရင်းထဲမှာ မပါဝင်ခဲ့တာပါ။ လက်ရှိ ဘောလွန်းဒီအောဆု ပိုင်ရှင် မက်ဆီအတွက်တော့ ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအော ဆန်ကာတင်မှာ မပါဝင်ခဲ့တာ တွေ့ရပါတယ်။
ရီးရယ်လ် တိုက်စစ်မှူး ဘန်ဇီမာကိုတွေ့ရစဉ်(The Real Champs)
ဘောလွန်းဒီအောဆု ရခဲ့တာကို ပြန်ကြည့်ရမယ်ဆိုရင် ၂၀၀၈ နောက်ပိုင်း ဒီဆုကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ကသာ ကြီးစိုးခဲ့တာဖြစ်ပြီး ၂၀၁၈ မှာ မိုဒရစ်ရရှိခဲ့တဲ့ တစ်ကြိမ်တည်းသာ သူတို့ နှစ်ဦးထဲက တစ်ဦး မရခဲ့တာပါ။
ဒီနှစ်မှာတော့ မက်ဆီ မပါဝင်သလို ရော်နယ်ဒိုကလည်း ဆန်ကာတင် စာရင်းမှာ ပါဝင်ပေမယ့် ဆုရဖို့ မဖြစ်နိုင်တာ ကြောင့် ဘောလွန်းဒီအောဆု ပိုင်ရှင်သစ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆုရဖို့ ရေပန်းစားနေ တဲ့ သူကတော့ ရီးရယ်လ်နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာပဲ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ရေပန်းစားနေတာထက် တကယ်ကို ဆုရဖို့ ထိုက်တန်နေတာလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို ရင် ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရယူခဲ့တာမှာ ဒီကစားသမားရဲ့ စွမ်းဆောင်ရည်က အဓိကကျခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ မနှစ်က ရာသီက ရီးရယ်လ်အသင်းအတွက် ၄၆ ပွဲကစားခဲ့ပြီး ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဘန်ဇီမာဟာ လာလီဂါပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ ခုစလုံးမှာ ဂိုးသွင်း ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံး ကစားသမား ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဘောလွန်းဒီအောဆုကို တွေ့ရစဉ် (BALLON D'OR)
ရီးရယ်လ်အသင်း ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် အရေးကြီးတဲ့ ပွဲတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးနဲ့ မန်စီးတီး တို့ပွဲတွေမှာ ဘန်ဇီမာရဲ့ ဂိုးတွေက စပိန်ကလပ်အတွက် အရေးပါခဲ့တာပါ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရာသီကတည်းက ဘန်ဇီမာဟာ ၂၀၂၂ အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်ပြီးသား ဖြစ်နေပြီလို့ ပြောနေကြတာ ဖြစ်ပါတယ်။ မက်ဆီ၊ မာနေးတို့ အပါအဝင် အဓိက ကစားသမားတွေ ကလည်း ဘန်ဇီမာကိုသာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုရှင်အဖြစ် မှတ်ယူထားကြပါတယ်။
ဘောလုံးသုံးသပ်သူတွေရော၊ ဘောလုံး ပရိသတ်တွေကလည်း ဘန်ဇီမာမှ ဘန်ဇီမာဆိုပြီး ပြောခဲ့ကြသလို ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးက ဆုပေးပွဲသာ မဖျက်ဘူးဆိုရင် ဘန်ဇီမာပဲ ရမှာလို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။
ဘန်ဇီမာ ကိုယ်တိုင်ကလည်း ဒီဆုကို ရယူနိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘောလွန်းဒီအောဆု ရတဲ့စာရင်း ပေါက်ကြားမှုတွေ ရှိလာပြီး အားလုံးက ထင်ထားတဲ့အတိုင်းပဲ ဘန်ဇီမာက ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ် (Eurosport)
ပြင်သစ်တိုက်စစ်မှူးဟာ ဘောလွန်းဒီအောဆု မတိုင်ခင် ယူအီးအက်ဖ်အေ အမျိုးသားတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ပထမဆုံးအကြိမ် ရယူထားနိုင်ခဲ့တာပါ။ ဘန်ဇီမာဟာ အခုနှစ်အတွင်းမှာ ပီချီချီဆု၊ ဒီစတိဖာနိုဆု အပါအဝင် တစ်ဦးချင်း ဆုတံဆိပ် အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဘန်ဇီမာ အတွက်တော့ ဘောလွန်းဒီအောဆုကို သိမ်းပိုက်နိုင်မယ်ဆိုရင် သူ့ရဲ့ ကစား သမားဘဝအတွက် တစ်ဦးချင်း ဆုတံဆိပ်တွေဟာ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် ရီးရယ်လ်အသင်းအတွက် ပွဲအနည်းငယ် မပါဝင်ခဲ့ပေမယ့် ပါဝင် ကစားခဲ့တဲ့ ၉ ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် တနင်္လာနေ့မှာတော့ ဘန်ဇီမာ တစ်ယောက် ဘောလွန်းဒီအောဆုနဲ့ အောင်ပွဲခံပြီး ပြုံးပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

- By CNI News
- Category: ဆောင်းပါး
- Hits: 1990
CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉
ယူကရိန်းသို့ ရုရှားကျူးကျော်မှုအပေါ် ဆန့်ကျင်သည့်အုပ်စုများ အခိုင်အမာရှိနေသည့် နောက်ခံအခင်းအကျင်း၌ စီစဉ်ခဲ့သည့် လာမည့် G-20 ထိပ်သီး အစည်းအဝေးအတွက် အိန္ဒိယသည် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီး သတ်နိုင်စေဖို့ အင်ဒိုနီးရှားကို တက်ကြွစွာ အားပေးထောက်ခံခြင်းများ ပြသခဲ့သည်။
နယူးဒေလီအစိုးရ၏ G-20 ထိပ်သီး အစည်းအဝေးကို ထောက်ခံကြိုဆိုသည့် အကြောင်းကို အစိုးရအဖွဲ့၏ မူဝါဒရေးရာ ပညာရှင်အဖွဲ့ခေါင်းဆောင် အမီတာကန့်က ထုတ်ဖော်ပြောကြားသည်။
၎င်းဦးဆောင်သည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် G-20 လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား၏ အကြို အစည်း အဝေးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ယောယာကာတားမြို့၌ ကျင်းပခဲ့ရာ သွားရောက် ဆွေးနွေးခဲ့ကြသည်။
ထိပ်သီးအစည်းအဝေး အကြိုဆွေးနွေးမှုအဖြစ် အမီတာကန့်က “လာမည့်နိုဝင်ဘာ ကျင်းပမည့် G-20 ဘာလီ ထိပ်သီး အစည်းအဝေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီးသတ်နိုင်ရန် အင်ဒိုနီးရှား၏ G-20 အလှည့် ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အိန္ဒိယ၏ ကတိကဝတ်နှင့် တက်ကြွစွာ ထောက်ခံအားပေးသွားမည့် အကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက စက်တင်ဘာလကုန်ပိုင်း၌ သတင်းထုတ် ပြန်ခဲ့သည်။
G-20 ကို လက်ရှိလွှမ်းမိုးနေသည့် ပထဝီဝင် နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှ မိတ်ဖက်များ နှင့် တွေ့ဆုံဆွေးနွေးစဉ် အမီတာကန့်က ၎င်းတို့ဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ စက်တင်ဘာ ၁၆ ရက် ပြောကြားချက် ကို နောက်ထပ်တဖန် ချပြခဲ့သည်။
မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် “ယနေ့ခေတ်သည် စစ်ဖြစ်ရတော့မည့် အချိန် မဟုတ်ကြောင်း၊ သံတမန်ရေးအရ ဆွေးနွေးမှုများဖြင့် ကမ္ဘာ့ပြဿနာများကို ထိရောက်စွာ အဖြေရှာရမည်ဖြစ်ကြောင်း” အတိ အလင်း သဘောထား မှတ်ချက်ပေးခဲ့ရာ ဂယက်များစွာ ဖြစ်ပေါ်ခဲ့သည်။
ဥဇဘက်ကစ္စတန်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေးတွင် ပူတင်နှင့် တွေ့ဆုံစဉ်အတွင်း မိုဒီက အထက်ပါ သဘောထား မှတ်ချက်ကို ပြတ်သားစွာ ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် ကျူးကျော်စစ် အဆုံးသတ်ရန် ပူတင်ကို မိုဒီက တိုက်တွန်းခဲ့ပြီး စစ်ရေးပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသော စားနပ်ရိက္ခာနှင့် စွမ်းအင် အကျပ်အတည်းကို ထည့်သွင်း စဉ်းစားရမည်ဟု သတိချပ်စေခဲ့သည်။
အမီတာကန့်ကလည်း အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် G-20 အလားအလာနှင့်ပတ်သက်၍ အဓိက ဦးစားပေး နယ်ပယ် များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို အားကောင်းလာစေရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ အာရုံစိုက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
အဓိက ဦးစားပေး နယ်ပယ်များတွင် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှု (SDGs) အရှိန်မြှင့်တင်ရေး၊ ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး စသည်တို့ ပါဝင်သည်။
အိန္ဒိယ၏ လူမှုပတ်ဝန်းကျင် နေထိုင်မှုပုံစံ (Lifestyle for Enviroment)၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ် အများသုံး အခြေခံ အဆောက်အဦ၊ ဘက်စုံပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီး စွမ်းဆောင်မှုတို့လည်း အကျုံးဝင် ကြောင်း အမီတာကန့်၏ ပြောကြားချက်များတွင် ပါရှိသည်။
ထို့ပြင် G-20 ထိပ်သီး အစည်းအဝေးအကြို Sherpa ဆွေးနွေးပွဲပြင်ပတွင် သီးခြားအနေဖြင့် အမီတာကန့်သည် ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ စပိန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ Sherpa မိတ်ဖက် ကိုယ်စားလှယ်များနှင့် အပြန်အလှန် တွေ့ဆုံနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။
“အိန္ဒိယဘက်မှ အပြုသဘောဆောင်သည့် ကြားဝင်ဆောင်ရွက်ပေးမှုများသည် G-20 ဆွေးနွေးမှုများတွင် အကောင်း မြင်လာစေမှုကို ရှေးရှုလျက် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စုပေါင်း ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေကြောင်း” နယူးဒေလီမြို့ရှိ ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး စက်မှုထိပ်သီး နိုင်ငံပေါင်း ၂၀ ကို စုဖွဲ့ထားသော G-20 အတွင်း ရုရှား၏ ယူကရိန်း ကျူးကျော်စစ်အပေါ် သဘောထားမှာ သိသာထင်ရှားစွာ ကွဲလွဲနေကြသေးသည်။
G-20 အစည်းအဝေးများ ကျင်းပချိန် ရုရှားအစိုးရဘက်မှ တာဝန်ရှိသူများ မိန့်ခွန်းတက်ပြောသည့်အခါ နိုင်ငံပေါင်း ၂၀ အစုအဖွဲ့မှ အဖွဲ့ဝင် အများအပြား အစည်းအဝေးခန်းမကို ကျောခိုင်း၍ အပြင်ထွက်ခွာကြသည်။ ထို့ပြင် ရုရှား ကို G-20 အဖွဲ့ထဲမှ ထုတ်ပယ်ရန် တောင်းဆိုသည့် အဖွဲ့ဝင်နိုင်ငံ အများအပြား ရှိနေသည်။
ထိုသို့ သဘောထား ကွဲလွဲမှုများကို အဆုံးသတ်စေလိုသူမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ဖြစ်သည်။ သူသည် ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခ ဖြေရှင်းရန် ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ၎င်းနှစ်နိုင်ငံမှ ခေါင်းဆောင်များ စစ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှမြေပေါ်တွင် တွေ့ဆုံရန် စီစဉ်နိုင်ခဲ့သည့် အာရှခေါင်းဆောင် လည်း ဖြစ်သည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများ၏ ဖိအားများကို တွန်းလှန်၍ ဂျိုကိုဝီဒိုဒိုသည် ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို့ကို G-20 များကို အောင်မြင်စွာ ဖိတ်ကြားခဲ့သည်။
အင်ဒိုနီးရှားက ဥက္ကဋ္ဌ တာဝန်ယူထားစဉ်အတွင်း ပထမအကြိမ် G-20 Sherpa အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည်။
အိန္ဒိယသည် လာမည့် ဒီဇင်ဘာလရောက်လျှင် G-20 အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းရမည်ဖြစ်သည်။ ထို့အတွက် လာမည့် ၂၀၂၃ ခုနှစ်တွင် နယူးဒေလီမြို့တော်တွင် G-20 ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် အိန္ဒိယက လက်ခံ ကျင်းပပေးရမည် ဖြစ်သည်။
သို့ဖြစ်၍ မဝေးလှသော အနာဂတ်တွင် အိန္ဒိယသည် G-20 တာဝန်နှင့်အတူ ကမ္ဘာ့ရေးရာများကို ကျွဲကူးရေပါ ဆိုသလို ဆုံးဖြတ် လုပ်ကိုင်ရဦးမည် ဖြစ်ပေသတည်း။ ။
Source: Hindustan Times
(ဟိန္ဒူစတန်တိုင်းမ်သတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Rezaul H Laskar ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

- By CNI
- Category: ဆောင်းပါး
- Hits: 2755
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉
ပရီးမီးယားလိဂ် ပွဲတစ်ပွဲပြီးတိုင်းနဲ့ ချန်ပီယံလိဂ် ပွဲတစ်ပွဲပြီးတိုင်း သတင်းတွေရဲ့ ခေါင်းကြီးပိုင်းမှာ မပါမဖြစ် ဖော်ပြခံနေရသူ တစ်ဦးကတော့ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းပဲ ဖြစ်ပါတယ်။
ဂိုးသွင်းတာမှာ ဟာလန်းရဲ့ ပါးနပ်မှု၊ နေရာယူတက်မှုနဲ့ အဆုံးသတ်မှုတွေကတော့ တကယ်ကို ဂိုးသမားတွေ အတွက် နတ်ဆိုးတစ်ဦးလိုကို ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ဟာလန်းကို ကိုပေဟေဂင် ဂိုးသမားက လူသား မဟုတ်ဘူးလို့တောင် ပြောလာတဲ့အထိ ဖြစ်ခဲ့တာပါ။
ဟာလန်းကို အားလုံး သတိထားမိခဲ့တာကတော့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး နော်ဝေအသင်းက ဟွန်ဒူးရပ်စ် အသင်းကို ၁၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၉ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းကစပြီး ဟာလန်းရဲ့ နာမည်ဟာ ပိုပြီးကျော်ကြားလာခဲ့တာပါ။ အဆိုပါ အချိန်တုန်းက ဟာလန်းဟာ သြစတြီးယားကလပ် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ရက်ဘူးဆဲလ်ဘတ် အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက ကစားသမားကို အရခေါ်ယူသွား နိုင်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းမှာလည်း ဟာလန်းရဲ့ ဂိုးသွင်းနှုန်းဟာ ကစားတဲ့ ပွဲအရေအတွက်ထက် ကျော်လွန်တဲ့အထိ အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။
ယူနိုက်တက်အသင်းဘက်ကို ဟာလန်း ခေါင်းတိုက် ဂိုးသွင်းနေစဉ်
ဒီလိုနဲ့ ဟာလန်းရဲ့ နာမည်ဟာ အသင်းကြီးတွေရဲ့ ပါးစပ်ဖျားထဲမှာ ရောက်ရှိလာခဲ့ပါတယ်။ တကယ့်ကို ဥရောပ ထိပ်သီး အသင်းကြီးတွေက ဟာလန်းကို အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မန်စီးတီးအသင်းက ဟာလန်းကို အမြန်ဆုံး လက်ဦးမှုရယူပြီး အပြောင်းအရွှေ့ဈေးကွက် မဖွင့်ခင်မှာ ကတည်းက ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ဘယ်လောက်ပဲ ကြမ်းကြမ်း ပရီးမီးယားလိဂ်မှာတော့ ဒီလိုမျိုး လွယ်လွယ်နဲ့ လုပ်လို့ရမှာ မဟုတ်ဘူး လို့ အများစုက သုံးသပ်ခဲ့ကြတာပါ။ ဟာလန်းရဲ့ မန်စီးတီး ပွဲဦးထွက်ကို အားလုံးက စောင့်ကြည့်ကြဖို့လည်း အဆင်သင့် ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဟာလန်းဟာ မန်စီးတီး ပွဲဦးထွက်ဖြစ်တဲ့ ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့ တာကြောင့် ဟာလန်းကို ဝေဖန်ဖို့ စောင့်ကြည့်နေတဲ့ သူတွေအတွက် ပြောစရာချည်းကို ဖြစ်ခဲ့ရတာပါ။
ဟာလန်းကတော့ ဝေဖန်သံတွေကို နားမထောင်ဘဲ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ပြီး လုပ်ဆောင်နေခဲ့ပါတယ်။ ဒီလိုနဲ့ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဟာလန်းက ၂ ဂိုးသွင်းပြီး ဝေဖန်သံ တွေကို တိတ်စေခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ ဟာလန်းရဲ့ ခြေစွမ်းဟာ တကယ်ကို စောင့်ကြည့်ချင်စရာဖြစ်ခဲ့ပြီး ပွဲတစ်ပွဲမှာ ဘယ်နှစ်ဂိုး သွင်းမလဲဆို တာကို အားလုံးက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း ၂၂ နှစ်အရွယ် ကစားသမားရဲ့ ဂိုးသွင်းနှုန်း ဟာ ကြောက်စရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တွေ အများကြီး တင်ရှိနိုင်ခဲ့တာပါ။
ဒေါ့မွန်အသင်းမှာ ဟာလန်း ကစားခဲ့စဉ်
ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက် နည်းနည်းနဲ့ ၁၀ ဂိုးပြည့်တဲ့ ကစားသမား အပါအဝင် စံချိန်သစ်တွေ အများကြီး ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ယူနိုက်တက်နဲ့ မန်ချက်စတာ ဒါဘီပွဲမှာရော ဟာလန်း ဒီလိုမျိုး ထပ်လုပ်နိုင်ဦး မလားဆို တာ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဟာလန်းဟာ မန်စီးတီးပရိသတ်တွေနဲ့ မိတ်ဆက်တဲ့ အခမ်းအနားမှာ သူအတွေ့ချင်ဆုံးအသင်းက ယူနိုက်တက်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် သူ့အဖေဖြစ်သူနဲ့ ရွိုင်ကိန်းတို့ရဲ့ အတိတ် ဇာတ်ကြောင်းတွေကြောင့် ဒီပွဲဟာ အသက်ဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဟာလန်း အတွက်ကတော့ တကယ့်ကို လွယ်ကူတဲ့ပွဲဖြစ်ခဲ့ပြီး ယူနိုက်တက်ဘက်ကို ဟတ်ထရစ် သွင်း ယူ သွားခဲ့ပါတယ်။ ဒီဟတ်ထရစ်ဂိုးဟာ အိမ်ကွင်း ၃ ပွဲဆက်တိုက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ ဒီလိုမျိုး အိမ်ကွင်း ၃ ပွဲဆက်တိုက် ဟတ်ထရစ် သွင်းယူနိုင်တဲ့ ကစားသမားဟာ ဟာလန်းအရင် တစ်ဦးမှ မရှိ ခဲ့တာကြောင့် ဟာလန်းက ပထမဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ် ၈ ပွဲ ကစားအပြီးမှာ ဟတ်ထရစ်ကို ၃ ကြိမ် ရယူထားနိုင်ခဲ့တာပါ။
နော်ဝေလက်ရွေးစင်အသင်းမှာ ဟာလန်းကိုတွေ့ရစဉ်
မန်စီးတီးအသင်းဖော် လာပေါ်တေးက သူစာချုပ်မှာ လက်မှတ်ထိုးရတဲ့ အရေအတွက်ထက် ဟာလန်းရဲ့ ဘောလုံး မှာ လက်မှတ်ထိုးရတဲ့ အရေအတွက်က ပိုပြီးတော့ များနေတယ်လို့တောင် နောက်ပြောင်ခဲ့ပါတယ်။
ဟာလန်းအတွက်တော့ ပရီးမီးယားလိဂ်မှာတင်မဟုတ်ပဲ ချန်ပီယံလိဂ်မှာလည်း စံချိန်သစ်တွေ အများကြီးကို ရယူ နိုင်ခဲ့ပြန်ပါတယ်။ ဟာလန်းဟာ အသက် ၂၂ နှစ် အရွယ်မှာတင် ချန်ပီယံလိဂ် သွင်းဂိုး ၂၈ ဂိုးအထိ ရှိသွားခဲ့ပြီး သူ့ရဲ့ အထက်မှာ ဂိုးအများဆုံး ကစားသမားတွေအဖြစ် ၂၇ ဦးအထိသာ ရှိတော့တယ်လို့ အချက်အလက်တွေအရ သိရတာပါ။
အဲ့ဒါကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို လယ်သမားလိဂ်ဖြစ်အောင် လုပ်နေတယ်ဆိုပြီး အားလုံးက ပြောနေကြတာ ဖြစ်ပါတယ်။ ဟာလန်းအတွက်တော့ ဂိုးသွင်းရတာဟာ ထမင်းစားရေသောက် ပြုလုပ်ရတာထက်တောင် ပိုမိုလွယ်ကူနေတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ မန်စီးတီးအတွက် ဒီရာသီမှာ ၁၂ ပွဲသာ ကစားထားရချိန် ၁၉ ဂိုးအထိ သွင်းယူ ထားပြီးပြီလည်း ဖြစ်ပါတယ်။ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းမယ်ဆိုရင် ဟာလန်းအနေနဲ့ ရာသီအကုန်မှာ သွင်းဂိုး ၆၀ တောင် ကျော်သွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
နော်ဝေလက်ရွေးစင် အသင်းအတွက်လည်း ဟာလန်းရဲ့ ဂိုးသွင်းနှုန်းက အံ့အားသင့်စရာ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ၂၀၂၀ မှ နော်ဝေအတွက် ဂိုးစတင် သွင်းယူခဲ့ပေမယ့် ၂ နှစ်အတွင်းမှာ သွင်းဂိုး ၂၁ ဂိုး အထိ ရယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ဟာလန်းအနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့မယ်ဆိုရင် မဝေး တော့တဲ့ အနာဂတ်မှာ ဘောလွန်းဒီအောဆုကို ရယူနိုင်မယ်ဆိုတာ သေချာနေပါတယ်။

- By CNI News
- Category: ဆောင်းပါး
- Hits: 1827
CNI Article
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂
ရာထူးသက်တမ်းမှာ တရားဥပဒေနှင့်အညီ ဖြစ်သည်ဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ(ခြေ/ဥ)တရားရုံးက ဆုံးဖြတ်လျှင် ပရာယွတ်ချန်အိုချာသည် ထိုင်းဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် အသင့်ဖြစ်နေ သည်။ ဖွဲ့စည်းပုံထဲတွင်တော့ သူ့ရာထူးသက်တမ်းကို ၈ နှစ်သာ ကန့်သတ်ထား၍ ယင်းအဆုံးအဖြတ်မှ ရုန်းထွက်ဖို့ အရေး ပရာယွတ် ခက်ခဲနေရ၏။
သူ့ခေတ်ကောင်းတုန်းဟု တိတိကျကျ ခေါ်ဆို၍ မရတော့မှန်း တနေ့တခြား ပိုမိုထင်ရှားလာသည်က အမှန်ပင် ဖြစ်သည်။
လုံခြုံရေးတင်းကျပ်မှု၊ အတိုက်အခံ ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ စိုးရိမ်နေရသည့်ကြားမှ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်၏ တရားဝင် အရပ်သားဝန်ကြီးချုပ် သက်တမ်းမှာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စတင်ခဲ့ကြောင်း တရား သူကြီး ၉ ဦးပါ ခြေ/ဥတရားရုံးက ဆုံးဖြတ်ခဲ့သည်။
ထိုင်းနိုင်ငံ၏ လက်ရှိ ခြေ/ဥ အသက်ဝင်ချိန်တွင် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအရ ရာထူးယူခြင်း (သို့မဟုတ်) ၂၀၁၉ အထွေထွေရွေးကောက်ပွဲအရ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း ဟုတ်/မဟုတ် စသည်ဖြင့် အငြင်းပွားစရာ အများအပြားက ပရာယွတ်ကို ဗဟိုပြုနေသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော ယင်းလပ် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်း စစ်အုပ်စု၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ၎င်းရာထူးသက်တမ်းကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ ရေတွက်သင့်ကြောင်း ခြေ/ဥ တရားရုံးသို့ တင်သွင်းသည့် အတိုက်အခံအုပ်စုများ၏ အယူခံလွှာထဲတွင် ရေးသားထားသည်။
ထိုင်းပြည်သူများကိုတွေ့ရစဉ်
ဝန်ကြီးချုပ် ရာထူးသက်တမ်း အဆိုပြုတင်သွင်းသူများသည် ၂၀၁၇ ခုနှစ် (သို့မဟုတ်) ၂၀၁၉ ခုနှစ်အတွက် တနည်း တဖုံ စောဒကတက်ခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ခြေ/ဥ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်သည် လာမည့်နှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးတင်းမာမှုများ ပြေလျော့စေရန် ထိုင်းပုံစံ(ထိုင်းနည်းထိုင်းဟန်) တရားဝင် အပေး အယူ လုပ်မှုတစ်ခုဟု ယူဆနိုင်သည်။
တရားရုံးက ယင်းအမှုကို လက်ခံစဉ်းစားနေချိန် ဝန်ကြီးချုပ်အဖြစ် တည်ရှိနေမှုကို ရက်သတ္တ ၅ ပတ် ဆိုင်းငံ့ခဲ့ပြီး ပရာယွတ်ကို ကာကွယ်ရေးဝန်ကြီးရာထူးကိုသာ ဆက်လက် ထမ်းဆောင်စေခဲ့သည်။
လာမည့် နိုဝင်ဘာလလယ်ပိုင်းတွင် ဘန်ကောက်မြို့တော်၌ ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင် ရွက်ရေး (APEC) ထိပ်သီး အစည်းအဝေးသို့ နိုင်ငံတကာခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သော်လည်း လက်ရှိ ထိုင်းဝန်ကြီးချုပ်ကို အသိအမှတ်ပြုရေး/မပြုရေးနှင့် တိုက်ရိုက် သက်ရောက်မှု ရှိလိမ့်မည်တော့ မဟုတ် ပေ။
သို့ရာတွင် အဆိုပါ အစည်းအဝေးအတွက် အကြိုပြင်ဆင်မှု ရှိနေခြင်းကြောင့် လာမည့် ရက်သတ္တပတ်များအတွင်း ထိုင်းနိုင်ငံရေးလောကမှ ဆူညံသံများ ခေတ္တဖုံးဖိထားနိုင်စရာရှိနေသည်။ ပရာယွတ် ဟူသော စစ်သားအိုသည် တော်ဝင်ထီးနန်း တည်တံ့ခိုင်မြဲရေးဝါဒီ ဖြစ်သည့်အားလျော်စွာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ရှေးရိုးစွဲ အထက် တန်းလွှာအုပ်စု၏ မျက်နှာသာပေးမှုကိုလည်း မျှော်လင့်နေပုံရပါသည်။
သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ သွားလေသူ ဘုရင်ဟောင်းထက် လက်ရှိဘုရင်နှင့် ပိုနီးစပ်သော အထက်တန်းလွှာ ရှေးရိုးစွဲ ရေပေါ်ဆီ လူတန်းစား (elite) အုပ်စုကလည်း နောင်လာမည့် အထွေထွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ပရာယွတ်ထံသို့ စာရေးသား တောင်းဆိုခဲ့ကြသည်။ သို့အတွက် ပရာယွတ်သည် တိုင်းပြည် ဆက်လက်အုပ်ချုပ်နိုင်ဖို့ အလားအလာမှာ မှေးမှိန်ဝေဝါးလို့လာခဲ့သည်။
ထိုင်းပြည်သူများနဲ့ ဘုရင့်ထောက်ခံခြင်း
ဝန်ကြီးချုပ်ဟောင်းများ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းစုများမှ ကိုယ်စားပြုသူများ ပါဝင်သော ရေပေါ်ဆီ လူတန်းစားအုပ်စုသည် ခြေ/ဥတရားရုံးအပေါ်၌ပင် ဩဇာလွှမ်းမိုးမှု တစုံတရာ ရှိနေသလားဟု စေ့ငုံ တွေးတော စရာလည်း ရှိနေသည်။ ရှေးရိုးစွဲ ဘုရင့်ထီးနန်းနှင့်ဆက်စပ်နေသည့် အနှီလူတန်းစား အလွှာသည် ခေတ်အဆက်ဆက် ထိုင်းစစ်တပ်နှင့် လက်ဝါးရိုက်ခဲ့ကြသည် မဟုတ်ပါလော။
ထိုသို့ အခြေအနေနှင့် နီးစပ်သည့် သံတမန်တစ်ဦးကတော့ ပရာယွတ် မျက်နှာအိုးမဲ သုတ်လိုက်သည့် ရာထူးဆိုင်းငံ့ မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပစ်ရန်ပင် အကြံပြုခဲ့သော်လည်း တကယ်တမ်းတွင် လွှတ်တော် ဖျက်သိမ်းရေးမှာ မဖြစ်နိုင်ပေ။
တဖန် အာဏာသိမ်းမှုအသစ် ကောလာဟလများ ထွက်ပေါ်သေးခဲ့သော်လည်း မည်သူက မည်သူ့အဖွဲ့ကို ဦးဆောင်၍ အာဏာသိမ်းကြောင်း တိတိကျကျ သတင်းထွက်မလာခဲ့ပေ။
ရက်သတ္တ ၅ ပတ်ကြာ ဆိုင်းငံ့ခံရသော ဝန်ကြီးချုပ် ရာထူးနေရာကို ပရာယွတ်၏ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်၊ စစ်တပ် ထိပ်တန်းရာထူးအဆင့်လည်း ရှိသူဖြစ်သည့် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်ဆူဝမ်က အစားထိုး ဖြည့် ဆည်း ခဲ့ရသည်။
ပရာဝစ်သည် ပရာယွတ်ချန်အိုချာ၏ ရုံးခန်းကို သိမ်းပိုက်ခြင်း မရှိသော်လည်း ၎င်း၏လက်ထောက်များနှင့်အတူ အစိုးရအိမ်တော်သို့ စိတ်အားထက်သန်စွာ ပြောင်းရွှေ့၍ ဝန်ကြီးချုပ် ရာထူးတာဝန် ထမ်းဆောင်ခဲ့သည်။
ပရာဝစ်ကို ယာယီဝန်ကြီးချုပ်အဖြစ် သတ်မှတ်လိုက်ခြင်းကို ထိုင်းတောင်ပိုင်း ခရာဘီပြည်နယ်တွင် ပြင်းပြင်း ထန်ထန် ဝေဖန်သံများလည်း ကျယ်လောင်သွားခဲ့သည်။ စီးပွားရေးလောကတွင်လည်း ကျဆင်းနေသော ဘတ်ငွေ တန်ဖိုးကို ခိုင်မာစေဖို့ ထိုင်းဗဟိုဘဏ်အပေါ် ဖိအားများ သက်ရောက်လာခဲ့သည်။
နောင်ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားလာနေသော သက်ဆင်သမီး ပေးတုန်တန်ရှင်နာဝပ်ထရာ
ပရာယွတ်၏ ဝန်ကြီးချုပ်အဖြစ် အရည်အချင်းပြည့်မီမှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်အထိ ခဲယဉ်းလေးလံစွာ ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ စီရင်ချက်သည် လာလတ္တံသော ရွေးကောက်ခံအစိုးရ၏ ၄ နှစ် သက်တမ်းအတွက် လမ်းတဝက် ကြိုခင်းထားခြင်းဖြစ်သည်ဟု ယူဆကြသူများလည်း ရှိသည်။
ထိုစီရင်ချက်သည် စစ်တပ်နှင့် ဆက်နွှယ်နေသည့် Palang Pracharat ပါတီ (PPRP) အတွက် ရွေးကောက်ပွဲ ဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပါသည်။
တနွယ်ငင် တစင်ပါဆိုသလို ၎င်းပါတီ၏ လူကြိုက်များ ရေပန်းစားမှုကို အခိုင်အမာပြသသည့် စစ်တမ်းများနှင့် ကြားဖြတ် ရွေးကောက်ပွဲ စေ့ဆော်သံများလည်း လျော့ပါးသွားခဲ့သည်။
ထိုအချင်းအရာ အားလုံးသည် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏မိသားစုက ဦးဆောင်သည့် အတိုက်အခံ ဖူထိုင်း (Peua Thai) ပါတီအတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို တွေ့ရစဉ်
နိုင်ငံတကာနှင့် ထိုင်းပြည်တွင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုးကားဖော်ပြခဲ့သည့် ပြီးခဲ့သည့် ဇွန်လ စစ်တမ်း တစ်စောင်တွင် လက်ရှိဝန်ကြီးချုပ်၏ ချို့ယွင်းချက်ကြောင့် သက်ဆင်၏ နိုင်ငံရေး အတွေ့အကြုံ မရှိသေး သော သမီးဖြစ်သူ ပေးတုန်တန်ရှင်နာဝပ်ထရာ(Paetongtarn Shinawatra) ကို ဝန်ကြီးချုပ်အဖြစ် လိုလား ကြောင်း စစ်တမ်း ဝင်ရောက်ဖြေဆိုသူ ရာခိုင်နှုန်း အတော်များများက ပြသခဲ့သည်။
အကယ်၍ လာမည့်ရွေးကောက်ပွဲတွင် ဖူထိုင်းပါတီ အပြတ်အသတ် အနိုင်ရခဲ့လျှင် ပေးတုန်တန်၏ ဖခင်အား ပြည်နှင်ဒဏ်မှ ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းဖို့က နံပါတ်တစ် အရေးကိစ္စ ဖြစ်လာလိမ့်မည်။ သက်ဆင်၏ ညီမ ဖြစ်သူ ယခင်ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကတည်း အခြားတဖက်တွင် အဆင်သင့်ရှိနေသည်။ ယင်းလပ်သည် ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားချိန်အထိ ရွေးကောက်ခံ တရားဝင် ဝန်ကြီးချုပ်ဖြစ်သည်။
ပရာယွတ်ချန်အိုချာအတွက် ကံသေကံမ ပြောစရာ အချက်တစ်ချက်သာ ကျန်တော့သည်။ ယင်း နောက်ဆုံး ထွက် ပေါက်အဖြစ် သူ ဆက်လက်အုပ်စိုးနိုင်ဖို့ တစ်ခုတည်းသော အားကိုးစရာမှာ တော်ဝင်ထီးနန်းနှင့် ဘုရင့်ဩဇာ ဖြစ် သည်။
ပရာယွတ်ကို ဘုရင့်ကောင်စီ၏ တော်ဝင်အာဏာနှင့် ဂုဏ်ဒြပ်တို့က ထပ်မံအတည်ပြု နိုင်သည်ဟုဆိုလျှင်တောင် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် အရွေးခံမှာလား (သို့မဟုတ်) အငြိမ်းစားယူမှာလား ရွေးချယ်ဖို့ ဖြစ်ပေသတည်း။
Source: Asia Times
(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၃၀ ရက် ရက်စွဲဖြင့် ဖော်ပြထားသော မူရင်းဆောင်းပါးရှင် Shawn W. Crispin ၏ ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)