
- By CNI
- Category: ဆောင်းပါး
- Hits: 1352
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက သူတို့နဲ့ ယူရိုပါလိဂ် ပထမအကျော့ မကစားခင်မှာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့ အန္တရာယ်အရှိဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဇာဗီပြောခဲ့သလိုပဲ ဘာစီလိုနာအသင်းကို ပထမအကျော့မှာ ဒုက္ခပေးနိုင်တယ်ဆိုတာ အားလုံး မြင်တွေ့ခဲ့ရပါတယ်။ ဒီရာသီမှာ ဂိုးသွင်းရခက်တဲ့ ဘာစီလိုနာကို ၁ ဂိုးသွင်းပြီး နောက်တစ်ဂိုး ရခဲ့တာမှာလည်း ပါဝင် ပတ်သက်အောင် လုပ်နိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက ယူနိုက်တက်အတွက် ပွဲတိုင်းလိုလို ပါဝင်ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ ပြောရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ၁၆ ပွဲမှာ ၁၃ ဂိုး သွင်းယူခဲ့ တာဖြစ်ပြီး ဒါဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာရှိတဲ့ ဘယ်ကစားသမား ထက်မဆို သာလွန်နေတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ် ခေါင်းတိုက်သွင်းနေစဉ်
ရက်ရှ်ဖို့ဒ် ပါဝင်ပြီဆိုရင် ယူနိုက်တက်အသင်းဟာ သေချာပေါက် ဂိုးရနေပြီလို့ နည်းပြ၊ ပရိသတ်တွေနဲ့ ပြိုင်ဘက် နည်းပြတွေကပါ ရိပ်မိနေလောက်ပါပြီ။ ရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ခြေထောက် နှစ်ဖက်စလုံးနဲ့ အပြင် ခေါင်းတိုက် ပြီးပါ ဂိုးသွင်းလာနိုင်တဲ့အထိ ကြိုးစားအားထုတ်မှုတွေ ရှိလာခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ အခုဆိုရင် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုး သွင်းယူထားပြီး သူ့ရဲ့အကောင်းဆုံး ရာသီ ဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီက သွင်းဂိုး အရေအတွက်ကို လိုက်မှီသွားပြီ ဖြစ်ပါတယ်။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ နောက်ထပ် သွင်းဂိုး ၁ ဂိုးကို ရယူနိုင်ခဲ့မယ်ဆိုရင် ဒီရာသီဟာ သူ့ရဲ့ အကောင်းဆုံး ရာသီအဖြစ် သတ်မှတ်လို့ ရသွားပြီ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အခုလို ခြေစွမ်းတွေ ပြန်ရနေတာက နည်းပြ အဲရစ်တန်ဟတ်ကြောင့်လို့ အများကြီး ပြောလို့ရပါတယ်။
အဲရစ်တန်ဟတ်ရဲ့ ယုံကြည်မှုနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို ပေါင်းစပ်လိုက်တဲ့ အချိန်မှာ အခုလိုမျိုး ရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် ရာသီက ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ဒါဟာ သူ့အတွက် အဆိုးရွားဆုံးရာသီ ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဆိုက်ပိနေတယ်ဆိုပြီး ဝေဖန်မှုတွေ အများအပြား ခံရကာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အထိ ရှိခဲ့တာပါ။ ဒါပေမယ့် အဲရစ်တန်ဟတ် ရောက်လာအပြီးမှာ ရက်ရှ်ဖို့ဒ် ကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ကစားသမား ပုံမှန်ခြေစွမ်း ပြန်ရလာအောင် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။
ကစားသမားကို ယုံကြည်မှု အများကြီး ပေးခဲ့တာကြောင့်လည်း ရက်ရှ်ဖို့ဒ် ဆီကနေ အခုလို ခြေစွမ်းပြ သွင်းဂိုးတွေ ကို မြင်တွေ့လာခဲ့ရတာပါ။
အဲရစ်တန်ဟတ်ကတော့ ပွဲတိုင်းလိုလို သူ့ရဲ့ ကစားသမားကို ချီးကျူးမှု ပြုလုပ်ခဲ့ပြီး ဒီမှာပဲ ရပ်မနေဘဲ ဆက်ပြီး ကြိုးစားနေဖို့ အမြဲတမ်း တိုက်တွန်းခဲ့သလို စာချုပ်သစ် ချုပ်ဖို့ကိုလည်း ပြောထားတာပါ။
အဲရစ်တန်ဟတ်ဟာ ရက်ရှ်ဖို့ဒ်ကို ဦးစားပေးအဖြစ် သတ်မှတ် ထားတယ်ဆိုပေမယ့် ကစားသမားကို စည်းကမ်း ပိုင်းဆိုင်ရာ ကောင်းမွန်အောင်လည်း အပြစ်ပေး အရေးယူတာ မျိုးတွေရှိခဲ့တယ်။ အဲ့ဒါကြောင့်လည်း ရက်ရှ်ဖို့ဒ်ဟာ အဲရစ်တန်ဟတ် လက်အောက်မှာ အရာရာ ဂရုစိုက်ပြီး သူ့ကိုယ်သူ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင် နေ တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ် ဂိုးသွင်းနေစဉ်
ရက်ရှ်ဖို့ဒ်ဟာ တစ်ဦးချင်း ကျော်ဖြတ်တာမှာလည်း ကောင်းမွန်လာသလို ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အချိန်မှာ လည်း အဆုံးသတ်ပိုင်း ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကို ဆုဖလားတွေနဲ့ ဝေးကွာနေတာကို အဆုံးသတ်ဖို့အတွက် ကာရာဘောင်းဖလား ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ထားသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၃ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ် ကတော့ ကျေနပ်တယ်ဆိုတာ ပျင်းရိနိုင်တာကြောင့် ရက်ရှ်ဖို့ဒ်ကို ဆက်ကြိုးစားဖို့ ပြောထားတာ ကြောင့် ကစားသမားအနေနဲ့ လက်ရှိ ကစားသမားဘဝကို နောက်တစ်ဆင့် တက်အောင် ဘယ်လောက်ထိ ဆက် ပြီး လုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။
ဒါ့အပြင် သူ့ရဲ့ အကောင်းဆုံးပုံစံ ရရှိနေတာကို ဘယ်သူက ရပ်တန့်အောင် လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ချင် စရာ ကောင်းနေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ၃၃၈ ပွဲ ပါဝင်ကစားထားပြီး ၁၁၅ ဂိုး သွင်းယူထား နိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားထားကာ ၁၅ ဂိုး သွင်းယူထားပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 863
CNI International Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
လာဂို့စ်မြို့တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကျောင်းသား ဖိလစ် အိုယီဝိုလီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်ကာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပမည့် နိုင်ဂျီးရီးယား သမ္မတရွေးကောက်ပွဲနှင့် ပတ်သက် သည့် သတင်းများကို သူ၏လူမှုကွန်ယက်တွင် အစဉ်တစိုက် စောင့်ကြည့်ခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ကျင်းပရန် ရက်နီးလာလေလေ မည်သည့်ပို့စ်က မှန်၍ မည်သည့်ပို့စ်က မှားသည်လည်း ဝေခွဲရ ခက်လေလေ ဖြစ်လာသည်နှင့် ရင်ဆိုင်လာရသည်။
တချို့သော ပို့စ်များသည် လေဘာပါတီ၏ ကိုယ်စားလှယ်လောင်း ပီတာ အိုဘီကို ပစ်မှတ်ထားသည်။ အိုဘီသည် ဖိုရမ်များတွင် စကားပြောခွင့်ရရန် ခရစ်ယာန် အသင်းတော်များကို ပိုက်ဆံပေးခဲ့သည်။
၎င်းသည် ခွဲထွက်ရေးအဖွဲ့တစ်ခု၏ အဖွဲ့ဝင်ဖြစ်သည် စသည်ဖြင့် အပြိုင်အဆိုင် ရေးသားဖော်ပြကြသည်။
နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦး လူမှုကွန်ယက်သုံးစွဲနေစဉ်
ထို့နောက် တချို့ ပြိုင်ဘက် ပါတီ၏ ကိုယ်စားလှယ် ကွမ်ကွာဆိုကိုလည်း ပစ်မှတ်ထား လာကြသည်။ ၎င်းသည် ဖော်ပြထားသကဲ့သို့ အမှန်တကယ် ဘွဲ့ရခဲ့ခြင်း မရှိဆိုသလိုမျိုး ရေးသားကြသည်။
“တကယ့်ကို ရူးကြောင်ကြောင် ဖြစ်ကြောင်း၊ ကြည့်ရင်းနှင့် ရယ်ချင်လာကြောင်း၊ သူတို့လူတွေကို စိတ်ကုန်အောင် လုပ်နေကြကြေင်း” အိုယီဝိုလီက ပြောသည်။
ရွေးကောက်ပွဲ မတိုင်မှီတွင် သတင်းမှားများသည် ပေါက်ကွဲမှု တစ်ခုသဖွယ် လူမှုကွန်ယက် စာမျက်နှာ အသီးသီး တွင် ပျံ့နှံ့လာသည်။ ဘာသာရေးနှင့် လူမျိုးရေး ကဲ့သို့သော သွေးကွဲစေသည့် အကြောင်းအရာ များစွာသည်လည်း Facebook၊ Twitter၊ Tik Tok နှင့် WhatsApp တို့တွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာလျက်ရှိသည်။
လူမှုကွန်ယက်သည် နိုင်ဂျီးရီးယား ပြည်သူများအတွက် သတင်း အချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ဆောင်ရွက် ပေးနိုင်စွမ်း ရှိသော်လည်း တစ်ဖက်တွင် ယင်းသည် နိုင်ငံရေးဗျူဟာအတွက် လက်နက်တစ်ခုသဖွယ် အသုံးချ ခံနေရသည်ဟု ပညာရှင်များက ပြောသည်။
ဖေ့စ်ဘွတ်ခ်တည်ထောင်သူနဲ့ နိုင်ဂျီးရီးယားခေါင်းဆောင်ကိုတွေ့ရစဉ်
နိုင်ငံရေးသမားများ ကိုယ်တိုင်က ရည်ရွယ်ချက် ရှိရှိဖြင့် သတင်းမှား၊ သတင်းတုများကို ဖန်တီးနေသည်ဟု အဘူဂျာ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (CDD) မှ ပညာရှင် အီဒါယတ် ဟက်ဆန်က ထောက်ပြသည်။
ဇန်နဝါရီလက ဘီဘီစီမှ ထုတ်လွှင့်သော သတင်းတစ်ခုတွင် နိုင်ဂျီးရီးယား နိုင်ငံရေးသမားများသည် လူမှုကွန်ယက် မှ နာမည်ကြီးသူများကို ပိုက်ဆံ သို့မဟုတ် ရာထူးနှင့် လုပ်ပိုင်ခွင့်များ ကမ်းလှမ်းကာ ပြိုင်ဘက်များနှင့် ပတ်သက် သည့် သတင်းမှား၊ သတင်းတုများ ပျံ့နှံ့ဖန်တီးစေလျက်ရှိသည်ဟု ဖော်ပြသည်။
လူမှုကွန်ယက်အပေါ် နိုင်ငံရေးသမားများ၏ တလွဲအသုံးချလာမှုအပေါ် နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကော်မရှင် ကပင် သတိပေးမှု လုပ်ဆောင်ခဲ့ရသည်အထိ နိုင်ဂျီးရီးယားတွင် အခြေအနေ ဆိုးရွားနေသည်။
သို့သော် သတင်းမှား၊ သတင်းတု ဖန်တီးခြင်းသည် နိုင်ဂျီးရီးယား နိုင်ငံရေးလောကနှင့် စိမ်းလှသော အရာတော့ မဟုတ်ပေ။ ၂၀၁၉ ရွေးကောက်ပွဲ မတိုင်ခင် သမ္မတ ဘူဟာရီ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ လက်ရှိသမ္မတမှာ လူစားထိုးထားခြင်းဖြစ်ကြောင်း သတင်းမှားတစ်ခု ထွက်ပေါ်လာခဲ့ပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့သည်။
ယင်းကို ယုံကြည်သူများကလည်း ယုံကြည်ခဲ့ကြသည်။ သို့သော် လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင်တော့ လူမှုကွန်ယက်ကို အသုံးချမှုသည် ပိုမိုအဆင့်မြင့်မားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လေ့လာသူ အများစုက ထောက်ပြသည်။
နိုင်ဂျီးရီးယားခေါင်းဆောင်နဲ့ ပြည်သူလူထုကိုတွေ့ရစဉ်
ပြည်သူ့ထံ သတင်းအမှန်ကို ပြန်ကြားပေးရသော တရားဝင် မီဒီယာများသည်ပင် သတင်းအတုများ၏ လှည့်ဖျားမှု နှင့် ကြုံတွေ့ နေရသောကြောင့် ပြန်လည်ရှင်းလင်းမှုများ လုပ်ဆောင်နေရပြီ ဖြစ်သည်။
ထိုအခြေအနေသည် ၂၀၂၂ ခုနှစ် ကင်ညာရွေးကောက်ပွဲ မတိုင်ခင် ဖြစ်စဉ်များနှင့် အလားသဏ္ဍာန်တူကာ အာဖရိကရှိ ဒီမိုကရေစီ နိုင်ငံများတွင် ရေပန်းစားနေပြီဟု Mozilla Foundation မှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးဆိုင်ရာ ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။
ထိုအခြေအနေက မဲပေးရန် ဆုံးဖြတ်ပြီဖြစ်သော မဲဆန္ဒရှင်များကို လမ်းလွဲသွား စေရုံမက၊ နိုင်ငံရေးအပေါ် အယုံအကြည် မရှိသည့် မျိုးစေ့ကို အမြစ်တွယ်စေခြင်း သို့မဟုတ် ရွေးကောက်ပွဲ မတိုင်ခင်၊ ကျင်းပနေစဉ်နှင့် ကျင်းပပြီး အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုများလည်း ရှိလာစေသည်။
နိုင်ဂျီးရီးယားတွင် လူဦးရေ တစ်ဝက်ကျော်သည် အလုပ်လက်မဲ့ ဖြစ်သော်လည်း လူဦးရေး သုံးပုံ နှစ်ပုံသည် အင်တာနက် အသုံးပြုနိုင်သည်။
ထို့ကြောင့် ငွေပေး၍ သတင်းမှား၊ သတင်းတု ပို့စ်တင်ခိုင်းခြင်းက တော်တော် များများအတွက် ငွေရှာသော နည်းလမ်းတစ်ခု ဖြစ်လာသည်။ ထို့အပြင် နိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲရန် စိတ်အား ထက်သန် နေသည့် လူငယ်မျိုးဆက်များကလည်း သတင်းမှားများ ပျံ့နှံ့မှုကို တစ်ဖက်တစ်လမ်းမှ မြင့်တက်လာ စေလျက် ရှိသည်။
မဲပေးနိုင်သူ ၉၃ ဒသမ ၅ သန်း၏ တစ်ဝက်မှာ လူငယ်များဖြစ်ကြပြီး ပြောင်းလဲရန် တာဆူနေခြင်းကြောင့် ၎င်းတို့၏ လုပ်ဆောင်မှုများသည် မရည်ရွယ်ဘဲ သတင်းမှားများပျံ့နှံ့စေရန်ပို၍ အဆင်ချောစေ လျက်ရှိသည်။
သတင်းမှားများ ပျံ့နှံ့မှုကြောင့် ထိခိုက်နစ်နာရမှုများကို ပြန်လည်ကာမိစေရေးအတွက် တက်ကြွလှုပ်ရှား သူများနှင့် သတင်း အမှန်စိစစ်ရေး အဖွဲ့များသည် လူမှုကွန်ယက်ပေါ်တွင် သတင်းမှန် ဖော်ထုတ်ရေးနှင့် သတင်းမှား ပျံ့နှံ့မှုကို ထိန်းချုပ်ရေး စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။
သတင်းမှားများသည် ကူးစက်ရောဂါ ကဲ့သို့ ပျံ့နှံ့လျက်ရှိပြီး ယင်းတို့က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို မထိ ခိုက်ရေး သေချာစေရန် ကြိုစားဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှန် စိစစ်ရေး အဖွဲ့ကို တည်ထောင်သူက ပြောသည်။
၎င်းတို့သည် နိုင်ဂျီးရီးယား၏ ပြည်နယ်ပေါင်း ၃၆ ခုတွင် လေ့ကျင့်ပေးထားသော စေတနာ့ဝန်ထမ်းပေါင်း ၅၀ ဖြင့် သတင်းမှန် စိစစ်ရေးကို လုပ်ဆောင်လျက်ရှိသည်။
ဟက်ဆန်၏ CDD အဖွဲ့သည်လည်း မြို့တော် အဘူဂျာ အပါအဝင် မြို့ကြီးများတွင် သတင်းမှား ပျံ့နှံ့မှု နှိမ်နင်းရေး အတွက် သတင်းသမားများ၊ ဘလော့ဂါများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင် စသည်တို့ကို အလုပ် ရုံ ဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိသည်။
ယင်းသည် လူမှုကွန်ယက် စစ်ပွဲအခန်းကို ဖန်တီးကာ သတင်းမှားများကို ပျံ့စေသော အကောင့်များကို report လုပ်ခြင်း နှင့် လူမှုကွန်ယက်များ၏ တုန့်ပြန်မှုများ ကိုစောင့်ကြည့်ခြင်းတို့လုပ်ဆောင်လျက်ရှိသည်။
နိုင်ဂျီးရီးယားတွင် လူသုံး အများဆုံးဖြစ်သော Facebook နှင့် WhatsApp တို့ကို ပိုင်ဆိုင်ထားသည့် Meta သည် သတင်းမှား ပျံ့နှံ့မှုများကို တားဆီးရေး လုံလောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှုအတွက် အတိတ်တွင် ပြင်းပြင်း ထန်ထန် ဝေဖန်ခံခဲ့ရသည်။
ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကိုတွေ့ရစဉ်
Facebook နှင့်ယှဉ်လျှင် WhatsApp သည် သတင်းမှား ဖြန့်ချီရေးအတွက် ပို၍ အသုံးပြုသော လူမှုကွန်ယက် တစ်ခု ဖြစ်သည်။ အထူးသဖြင့် သက်ကြီးမဲဆန္ဒရှင်များသည် ယင်းတွင် သတင်းမှားများကို ရရှိကာ သေချာစိစစ် ခြင်း မရှိဘဲ မိသားစုနှင့် မိတ်ဆွေများကို ပြန်လည် ဝေမျှလေ့ရှိသည်။
ထို့ကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းမှားများ ဖန်တီးခြင်း၊ ဖြန့်ဝေခြင်းတို့အပြင် အကြမ်းဖက်မှုများ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖယ်ရှားနိုင်ရေး သတင်းမှန် စိစစ်ရေးအဖွဲ့များအပြင် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု Meta ၏ အနောက် အာဖရိကဒေသ ဆိုင်ရာ အကြီးအကဲက ပြောသည်။
Meta ကုမ္ပဏီသည် နိုင်ငံရေးနှင့်ပတ်သက်သည့် ကြော်ငြာများကို ပို၍ ပွင့်လင်းမြင်သာမှု ရှိလာစေရန် သာမက ဖြစ်နိုင်ဖွယ် ခြိမ်းခြောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စင်တာ တစ်ခုကိုပါ ဖွင့်လှစ်ထားသည်ဟုလည်း သူမက ပြောသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ဂျီးရီးယား ပြည်သူများ စိတ်ထဲတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မရေရာ သေချာမှုများ များပြားလာကာ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့ ရင်ဆိုင်နေရသည့် နှောင့်နှေးမှု အခြေအနေသည်လည်း ပိုမိုမြင့်တက်လာလျက်ရှိသည်။
“အရင်တုန်းက မည်သူ့ကို မဲပေးမည်ကို အပြီးသတ် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ သို့သော် သတင်းအမှားများ၏ ရိုက်ခတ်မှုကြောင့် ဇဝေဇဝါဖြစ်ခဲ့ရကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ရန် မျှော်လင့် ကြောင်း” အိုယီဝိုလီက ပြောသည်။
Source: AL JAZEERA

- By CNI
- Category: ဆောင်းပါး
- Hits: 2341
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ရော်နယ်ဒိုဟာ ပေါ်တူဂီ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ပြီး အခု ပေါ်တူဂီ လက်ရွေးစင်နဲ့ အယ်လ်နာဆာ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှာ မွေးဖွားခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ ရီးရယ်လ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းခဲ့ကာ စီးရီးအေဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းထံ ပြန်လည် ရောက်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ယူရိုချန်ပီယံဆု၊ နေးရှင်းလိဂ် ဖလားတို့ကို ရယူခဲ့ပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အများအပြား ရရှိထားတာပါ။ သူရဲ့ထူးခြားတဲ့ လိမ်ခေါက်၊ ဖြတ်ကျော်မှု စွမ်း ရည်၊ မယုံနိုင်လောက်တဲ့ မြန်နှုန်းတွေနဲ့ ထူးခြားတဲ့ ဂိုးသွင်း စွမ်းရည်တွေကြောင့် လူသိများလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ၁၃ ချက်က ဘာတွေလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ သူ့ရဲ့ မိဘနှစ်ဦးကိုတွေ့ရစဉ်
အမေရိကန်သမ္မတ နာမည်ပေးထားခြင်း
******************************************
ခရစ္စတီယာနို ရော်နယ်ဒိုကို အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နဲ့ တူညီတဲ့ နာမည်ပေးထားခဲ့တာ ဖြစ်ပါ တယ်။ သရုပ်ဆောင်- နိုင်ငံရေးသမား ရေဂင်ဟာ အိမ်ဖြူတော်မှာ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆို ပြီးနောက် တစ်လအကြာမှာ ရော်နယ်ဒိုကို မွေးဖွားခဲ့တာပါ။
ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူဟာ ရော်နယ်ရေဂင်ရဲ့ အမာခံပရိသတ် ဖြစ်တယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ပထမဆုံးအသင်းမှာ ဖခင်ဖြစ်သူဟာ ဝတ်စုံစီစဉ်တဲ့သူဖြစ်ခဲ့
******************************************************************
ရော်နယ်ဒိုရဲ့ ဖခင်ဖြစ်သူ ဟိုဆေးဒီနစ်အေဗီရိုဟာ သူ့ရဲ့သား ၈ နှစ်အရွယ်မှာ ဘောလုံးစတင်ကစားတဲ့ အန်ဒိုရီဟာ အသင်းရဲ့ ဝတ်စုံစီစဉ်တဲ့သူ ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သဘာဝစွမ်းဆောင်ရည်တွေကို လျင်မြန်စွာ ပြသခဲ့ပြီး မကြာခင်မှာ စပို့တင်းလစ္စဘွန်း လူငယ် အကယ်ဒမီရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရတာပါ။
အသက် ၁၂ နှစ်အရွယ်မှာ အကယ်ဒမီထံ ပူးပေါင်းဖို့အတွက် ပြည်မကြီးဆီကို ပြောင်းရွှ့ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးအဖြစ် သူ့ရဲ့ အရည်အချင်းတွေ တိုးတက်လာစေခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းက ရော်နယ်ဒိုအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေခဲ့
*******************************************************************************
၂၀၀၉ ခုနှစ်က ရော်နယ်ဒိုဟာ အဲ့ဒီအချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ရီးရယ်လ်အသင်းမှာ ၉ ရာသီကြာ ကုန်ဆုံးခဲ့ပြီး အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်နဲ့ သူ့ရဲ့အဆင့်အတန်းကို ပိုပြီးတော့ ခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ အချိန်အတွင်း ဘောလွန်းဒီအော ၄ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်နဲ့ ဆုဖလား အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပါတယ်။
ဘောလွန်းဒီအောဆုတွေနဲ့တွေ့ရတဲ့ ရော်နယ်ဒို
နိုင်ငံတကာ ဂိုးသွင်းအများဆုံး အမျိုးသား ဘောလုံးသမား
*****************************************************
ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၁၁၈ ဂိုး သွင်းယူထားပြီး ကစားနေတဲ့ အမျိုးသား ဘောလုံးသမားတွေထဲမှာ နိုင်ငံတကာဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
အောင်မြင်တဲ့ စီးပွားရေးသမား
*****************************
ရော်နယ်ဒိုဟာ သူ့ရဲ့ဘောလုံးနယ်ပယ်မှာ အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့သလို အဝတ်အစား၊ ဖိနပ်၊ အမွှေးအကြိုင်တွေ ပါဝင်တဲ့ CR7 အမှတ်တံဆိပ် ထုတ်ကုန်တွေနဲ့အတူ အောင်မြင်တဲ့ စီးပွားရေး သမားတစ်ဦး လည်း ဖြစ်ပါတယ်။
သူ့မှာ ဟိုတယ်တစ်ခု၊ ပြတိုက်တစ်ခုနဲ့ ပေါ်တူဂီနိုင်ငံ မဒီရာမှာ စားသောက်ဆိုင် အများအပြားရှိတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက် ရည်ညွှန်းထားတဲ့ ပြတိုက်
*****************************************
The Museu CR7 ဟာ ပေါ်တူဂီဘောလုံးသမား ရော်နယ်ဒိုရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကြောင်းအတွက် ရည်ညွှန်း ထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ အဆိုပါပြတိုက်မှာ ရော်နယ်ဒိုရဲ့ ငယ်ဘဝ၊ ကျော်ကြားမှုတွေ၊ ဘောလုံးသမားအဖြစ် အောင်မြင်မှုတွေ အပါအဝင် ကိုယ်ရေးကိုယ်တာ အမှတ်တရတွေ၊ အနုပညာပစ္စည်းတွေကို ပြသထားတာ ဖြစ်ပါတယ်။
ပြတိုက်လာရောက် ကြည့်ရှုတဲ့ သူတွေဟာ ဘောလွန်းဒီအောဆုတွေ၊ ပေါ်တူဂီ လက်ရွေးစင် ဂျာစီတို့လို ရော်နယ်ဒို ပိုင်ဆိုင်တဲ့ အရာတွေကို မြင်တွေ့ရမှာပါ။ အဆိုပါ ပြတိုက်ဟာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် တစ်ခုလည်း ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒို နာမည်ပေးထားတဲ့ နဂါးငွေ့တန်း
******************************************
၂၀၁၅ ခုနှစ်က Lancaster တက္ကသိုလ်က နက္ခတ္တဗေဒဆိုင်ရာ ပညာရှင်တွေဟာ ဥရောပတောင်ပိုင်းမှာရှိတဲ့ အလွန် ကြီးမားတဲ့ မှန်ပြောင်း (VLT) ကို အသုံးပြုခဲ့ပါတယ်။
W M Keck နက္ခတ်ရဲ့ အကူအညီနဲ့ Sabaru မှန်ပြောင်း NASA / ESA Hubble အာကာသ ကြည့်မှန်ပြောင်းတို့နဲ့ ရှာဖွေတွေ့ရှိမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီသုတေသနအဖွဲ့မှာ နာမည်ကြီး တက္ကသိုလ်တွေ အများအပြား ပါဝင်ခဲ့တာပါ။ အဲ့ဒါကနေ ရော်နယ်ဒိုရဲ့ နာမည်ကို အစွဲပြုပြီး Cosmos Redshift 7 နဂါးငွေ့တန်း ဒါမှမဟုတ် CR7 နဂါးငွေ့တန်းဆိုပြီး ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လေဆိပ်ကို ရော်နယ်ဒိုနာမည် ပေးထားခြင်း
*****************************************
ခရစ္စတီယာနို အပြည်ပြည်ဆိုင်ရာလေဆိပ်လို့ လူသိများတဲ့ မဒီရာလေဆိပ်ဟာ ပေါ်တူဂီနိုင်ငံ မဒီရာကျွန်းပေါ်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရပြီးနောက် ၂၀၁၇ က မဒီရာဖွား ဘောလုံးသမားဖြစ်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို နာမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒီလေဆိပ်ဟာ နိုင်ငံတကာ လေကြောင်းလိုင်း များစွာအတွက် အချက်အချာကျပါတယ်။
ဒါကြောင့် မဒီရာလေဆိပ်ကို ဥရောပနဲ့ အတ္တလတန်တိတ် ခရီးစဉ်တွေနဲ့ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Darke ရဲ့သီချင်းထဲမှာ နာမည်အသုံးပြုခံရခြင်း
*******************************************
၂၀၁၈ ခုနှစ်က နာမည်ကျော် ကနေဒါဂီတပညာရှင် Darke ဟာ Scorpion အမည်ရှိ တေးသီချင်း အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။ အဆိုပါ အယ်လ်ဘမ်ထဲက Blue Tint ဆိုတဲ့ သီချင်းမှာ ရော်နယ်ဒိုရဲ့ နာမည်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဇိမ်ခံကား အစီး၂၀ ပိုင်ဆိုင်ထား
********************************
ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဖော်တွေလိုပဲ ကားတွေကို ချစ်မြတ်နိုးတာဖြစ်ပြီး ဇိမ်ခံကားအစီး ၂၀ ကို ပိုင်ဆိုင်ထား တာ ဖြစ်ပါတယ်။ ဒီံထဲက Bugatti Chiron, Ferrari 599 GTO နဲ့ Rolls-Royce Phantom ကားတွေက အကျော် ကြားဆုံး ကားတွေ ဖြစ်ပါတယ်။
မဒီရာလေဆိပ်ကို ရော်နယ်ဒိုနာမည်ပြောင်းလဲ ဂုဏ်ပြု
ပွတ်စ်ကတ်စ်ဆုကို ပထမဆုံး လက်ခံရရှိတဲ့သူဖြစ်လာ
***************************************************
ပြက္ခဒိန် တစ်နှစ်အတွင်း အကောင်းဆုံး သွင်းဂိုးဆုကိုပေးတဲ့ ပွတ်စ်ကတ်ဆုကို ၂၀၀၉ ခုနှစ်မှာ စတင်ပေးခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုက ဒီဆုကိုရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၀၈-၀၉ ရာသီက ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် သွင်းယူခဲ့တဲ့ တာဝေးကန်သွင်းဂိုးနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
တက္ကသိုလ်တစ်ခုမှာ သင်ကြားခံရတဲ့ ဘာသာရပ်တစ်ခု ဖြစ်လာ
***********************************************************
စိတ်ဝင်စားဖို့ကောင်းတဲ့ အရာကတော့ ရော်နယ်ဒိုဟာ ကနေဒါမှာရှိတဲ့ British Columbia Okanagan တက္ကသိုလ် မှာ ဘာသာရပ်တစ်ခု အနေနဲ့ ရှိခဲ့တာ ဖြစ်ပါတယ်။
လူမှုဗေဒတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ စူပါစတားရဲ့ ဘဝနဲ့ ကစားသမားဘဝကို သင်တန်း ဘာသာရပ်အဖြစ် လေ့လာဖို့အတွက် ရွေးချယ်ခွင့်ရှိတာ ဖြစ်ပါတယ်။
ပရဟိတ လုပ်ဆောင်တဲ့သူ
***************************
ရော်နယ်ဒိုဟာ ကွင်းပြင်ပမှာ သူ့ရဲ့ ပရဟိတ အလုပ်တွေကြောင့် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လိုအပ်နေတဲ့ ကလေေးတွေကို ကူညီဖို့အတွက် ရော်နယ်ဒို ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ လည်း အခြားသော ပရဟိတလုပ်ငန်းများစွာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: ဆောင်းပါး
- Hits: 893
CNI International Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
မြောက်ကိုရီးယား တပ်မတော်ကို တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဟူးနေ့ည မြို့တော် ပြုံယမ်းတွင် စစ်ရေးပြပွဲကြီးတစ်ခု ကျင်းပခဲ့သည်။
ထိုပြပွဲတွင် မြောက်ကိုရီးယားအစိုးရက အကြီးစား ဒုံးကျည်များ အပါအဝင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ လက်နက် ကြီးများကို ထုတ်ဖော်ပြခဲ့သည်။ သို့သော် ယင်းက ကင်မ်ဂျုံအန်းအတွက် လက်နက်များကို ခင်းကျင်းပြသရုံ သက်သက် ပွဲတစ်ခု မဟုတ်ခဲ့ပေ။
သူ၏ သမီးဖြစ်သူကို ပွဲထုတ်ခြင်း အခမ်းအနားလည်း ဖြစ်ခဲ့သည်။
စစ်ရေးပြ အခမ်းအနားသို့ ကင်သည် အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကလေးမလေး တစ်ဦးနှင့်အတူ တက် ရောက်ခဲ့သည်။
အသက် ၁၀ နှစ် ဝန်းကျင်အရွယ်ဟု ခန့်မှန်းရသော ထိုကလေးမလေးသည် ကင်မ်ဂျူအေစ်ဆိုသူ ဖြစ်သည်။
သူမသည် ကင်မ်ဂျုံအန်း၏ ဒုတိယအကြီးဆုံး ကလေးလည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ အခမ်းအနားသည် သူမ၏ ငါးကြိမ်မြောက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းဖြစ်ကာ ထိုငါးကြိမ်စလုံးသည် သုံးလဟူသော အချိန်အတွင်း ဖြစ်ပျက်ခဲ့သည်။
စစ်သည်များ ကြိုဆိုခြင်းအခမ်းအနားနဲ့ကြိုဆိုခံရသော ကင်မ်ဂျူအေစ်ကိုတွေ့ရစဉ်
ထိုသုံးလဟူသော အချိန်အတွင်းမှာပင် ကင်မ်ဂျူအေစ်၏ အနေအထားသည် သိသိသာသာ ပြောင်းလဲသွားသည်။
ထို့ကြောင့် သူမသည် လာမည့် အနာဂတ်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် လျာထားခံရသူ ဖြစ်နိုင်သည်ဆိုသည့် ခန့်မှန်းမှုများကို ပိုမိုအားကောင်းလာစေခဲ့သည်။
ကင်ဂျူအေစ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် လူမြင်ကွင်းသို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။
တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များ ပစ်လွှတ်ခြင်းကို လာရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ တင်ကာ မေးခွန်းတစ်ခုရှိလာသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုကလေးမလေးသည် ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံကို ဦးဆောင်သူ ဖြစ်လာမလား ဆိုခြင်းပင်။
သို့သော် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ပေါ်လာသည့် ကလေးငယ် တစ်ဦးနှင့် ပတ်သက်၍ ထိုသို့ မေးခွန်း မျိုး ရှိမနေသင့်ဟု ထိုအချိန်တုန်းက မှတ်ယူခဲ့ကြသည်။ အဖြူရောင် ဂျက်ကတ်၊ အနီရောင်ဖိနပ်၊ ပိုနီတေး ဆံပင် ပုံစံတို့နှင့်အတူ ဖခင်၏ လက်ကို ကိုင်ထားသော ကင်မ်ဂျူအေစ်၏ ပုံစံမှာ ကလေးတစ်ဦးမျှသာ ဖြစ်သည်။
ထိုသို့သော အခမ်းအနားမျိုးဆီသို့ ကလေးကို ခေါ်လာခြင်းက ဖခင် ကောင်းတစ်ဦးအဖြစ် ကင်မ်ဂျုံအန်က မိမိကို မိမိ ပုံဖော်ခြင်း သို့မဟုတ် ၎င်း၏မိသားစုသည်ပင် လက်နက်များနှင့် အတူတကွ ရှိသည်ဆိုသည့် သဘောကို ဖော်ညွှန်း ခြင်းဟု ရှုမြင်ခဲ့ကြသည်။
ကင်မ်ဂျုံအန်းကိုတွေ့ရစဉ်(AP)
သို့သော် လူမြင်ကွင်းသို့ တစ်ခါပေါ်လာချိန်တိုင်း ကင်မ်ဂျူအေစ်မှာ အသက် မကြီးလာသည့်တိုင် သူမ၏ ဂုဏ်မှာ ပို၍ ကြီးထွားလာသည်ဟု ထင်လာရသည်။
စစ်ရေးပြပွဲ မလုပ်ခင် အင်္ဂါနေ့ညတွင် သူမသည် မြောက်ကိုရီးယားထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအတွက် ကျင်းပ သော စားသောက်ပွဲကို တက်ရောက်ခဲ့သည်။
အင်္ဂါနေ့ပွဲကို သူမသည် အဖြူ၊ အနက်ဝတ်စုံ၊ နောက်လှန်ဖီးထားသော ဆံပင်ပုံစံနှင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ ထွက်ပေါ်လာသော ပုံများသည်လည်း မြောက်ကိုရီးယားအရေး လေ့လာသူများအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ပုံတိုင်းတွင် ကင်မ်ဂျူအေစ်သည် အလယ်တည့်တည့်တွင် ရှိနေပြီး သူမ၏ နောက် တွင် နိုင်ငံ၏ရာထူးကြီး ဗိုလ်ချုပ်များ ခြံရံထားကာ အဖေနှင့်အမေဖြစ်သူတို့က သူမအား ဘေးတွင် ဝိုင်းရံထား သည်။
ငယ်ရွယ်သော ကင်မ်ဂျူအေစ်နှင့် ပတ်သက်၍ မသိမသာ တိုးတက်ပြောင်းလဲလာမှု နောက်တစ်ခုမှာ သူမအပေါ် သုံးနှုန်းလာသည့် စကားလုံး အသုံးအနှုန်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံတွင် ကင်မ်ဂျူအေစ်ကို ချစ်စရာ ကောင်းသော သမီးလေးအဖြစ် ပထမဆုံးဖော်ပြခဲ့သည်။
သို့သော် အင်္ဂါနေ့ စားသောက်ပွဲ အခမ်းအနား တက်ရောက်မှုတွင် သူမအား လေးစားခံရသော သမီးငယ်အဖြစ် ပြောင်းလဲ သတ်မှတ်သုံးနှုန်းခဲ့သည်။ ယင်းက အရေးပါသော၊ လူရိုသေ ရှင်ရိုသေရှိသော လူတစ်ချို့တွင်သာ တွေ့ရသည့် နာမဝိသေသန ပြောင်းလဲသတ်မှတ်မှုလည်းဖြစ်သည်။
သူမ၏ ဖခင် ကိုယ်တိုင်ကိုပင် အနာဂတ် ခေါင်းဆောင်သစ်အဖြစ် သတ်မှတ်ကြောင်း သေချာပြီးချိန်မှသာ လေးစားခံရသော ရဲဘော်ဟု ခေါ်ဝေါ်ဖော်ညွှန်းခြင်း ခံခဲ့ရသည်။
နိုင်ငံ စတင်တည်ထောင်ချိန်မှစ၍ မြောက်ကိုရီးယားကို ကင်မ်မျိုးဆက် သုံးခုက အစဉ်တစိုက် အုပ်ချုပ်ခဲ့သည်။
ကင်မ် မိသားစုသည် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံသားများ၏ အတွေးတွင် ရိုက်သွင်းထားသည်။ မြောက်ကိုရီးယားနိုင်ငံကို ကင်မိသားစုကသာ အုပ်ချုပ်နိုင်သည်ဆိုသည့် အဓိပ္ပါယ်မျိုး ဖြစ်သည်။
ထို့ကြောင့် ကင်မ်ဂျုံအန်အနေဖြင့် ခေါင်းဆောင်ရာထူးကို ၎င်းတို့၏ စတုတ္တမြောက် မျိုးဆက်ထံသို့ လွဲပြောင်း ပေးရန် ကြိုးစားသွားမည့် သဘောဖြစ်သည်။
သို့သော် ကင်မ်ဂျူအေစ်ကို ရာထူးဆက်ခံသူအဖြစ် လျာထားသည် ဆိုသည့်တိုင် သူမကို အဘယ့်ကြောင့် အသက် ငယ်ငယ်ရွယ်ရွယ်တွင် သုံးလအတွင်း ငါးကြိမ်တိတိ လျင်လျင်မြန်မြန် လူမြင်ကွင်းသို့ ပွဲထုတ်ရပါလဲ မေးစရာ ရှိလာသည်။
ကင်မ်ဂျုံအန်သည်ပင် အသက် ၃၉ နှစ် ၄၀ မပြည့်သေးသည့်အရွယ်၊ သူမအသက် ၁၀ နှစ် အရွယ်တွင်ပင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းက စိတ်ဝင်စားစရာ ကောင်းသည်။ ကင်မ်ဂျုံအန်ကို အနာဂတ် ခေါင်းဆောင်အဖြစ် သူ၏ ဖခင် ဖြစ်သူ ကင်မ်ဂျုံအီက အသက် ၈ နှစ်အရွယ်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
သို့သော် ကင်မ်ဂျူအေစ် ကဲ့သို့ လူသိရှင်ကြား သဘောမျိုး မဟုတ်ဘဲ စစ်ဘက် ခေါင်းဆောင်များကိုသာလျှင် သီးသန့် အသိ ပေးခဲ့ခြင်းဖြစ်သည်။
ကင်မ်ဂျုံအန်ကို ခေါင်းဆောင်သစ်အဖြစ် လူသိရှင်ကြား အသိပေးကြေညာခြင်းသည် သူ့ဖခင် မကွယ်လွန်မီ တစ်နှစ်အလိုကမှ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကင်မ်သည် ခေါင်းဆောင်ရာထူးကို ရရှိချိန်တွင် သူ၏ အာဏာကို စုစည်းရေးအတွက် ခက်ခဲသော စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ကင်မ်ဂျုံအန်းနဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေစ်ကိုတွေ့ရစဉ်(AP)
ထိုသို့သော သမိုင်း မှတ်တမ်းများကြောင့် ကင်မ်သည် သမီးဖြစ်သူကို ကြိုတင် ပွဲထုတ်လာခြင်း ဖြစ်နိုင်သည်။ သူမ အမှန်တကယ် ရာထူးအာဏာကို ရရှိချိန်အတွက် ကြိုတင်ပြင်ဆင် ထားပေးခြင်းလည်း ဖြစ်သည်။ ကင်မ်ဂျုံအန်၏ ကျန်းမာရေး အခြေအနေ မကောင်းဘဲ ရာထူးအာဏာကို စောစောစီးစီး စွန့်ခွာရမည့် အခြေအနေတွင် ရှိနေခြင်း ကြောင့်ဟု ထောက်ပြနိုင်သော်လည်း ထိုသို့ ဖြစ်သည် ဟုတ်မဟုတ်ကို သိရှိရန် မဖြစ်နိုင်ပေ။
နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ အမျိုးသားကြီးစိုးမှု နက်ရှိုင်းစွာ စွဲဝင်နေသော လူ့အဖွဲ့အစည်းအတွင်းမှ တစ်ဖက်ပိတ် ယုံကြည်မှုကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးတစ်ချို့ ရာထူးကြီး ပိုင်းတွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်ကလွဲ၍ အမျိုးသမီးခေါင်ဆောင် မရှိခဲ့ပေ။
ကင်မ်ဂျုံအန်၏ ညီမဖြစ်သူ ကင်မ်ယိုဂျောင်သည် အထင်ရှားဆုံး ဥပမာဖြစ်သည်။ ထိုအချက်သည် ကျော်လွှား၍ မရသော အရာမဟုတ်ဟု ထင်ကြောင်း မြောက်ကိုရီးအရေးကို စောင့်ကြည့်နေသည့် NK News မှ ဂျိမ်းစ်ဖရတ်ဝဲလ် က ပြောသည်။
မြောက်ကိုရီးယားဟာ အမျိုးသားကြီးစိုးသည့် နိုင်ငံဖြစ်သည့်တိုင် တစ်ဖက်တွင်လည်း ကင်မ်မိသားစု ကြီးစိုးရာ နေရာ ဖြစ်သည်ဟု ၎င်းက ဘီဘီစီကို ပြောသည်။ တခြားအရာများထက် ပို၍ အရေးကြီးသည်က ကင်မ်၏ သွေးသားသည် ခေါင်းဆောင်ရာထူးကို ရရှိနိုင်ဖွယ် ရှိသူဆိုခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ် မြောက်ကိုရီးယား၏ ခေါင်းဆောင်သစ်သည် အုပ်ချုပ်သူ ကင်မ် မိသားစု၏ အပြင်ဘက်မှ ဖြစ်နေခြင်းက ပို၍ အံ့အားသင့်စရာ ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
ထိုအခြေအနေများအရ မြောက်ကိုရီးယား ခေါင်းဆောင်သစ် နေရာကို အမျိုးသမီးတစ်ဦး တင်မြှောက်မည်ဆိုလျှင် သူမသည် ပြည်သူများ၊ စစ်တပ်နှင့် အထက်တန်းလွှာများ၏ လက်ခံမှုကို သေချာပေါက် လိုအပ်မည် ဖြစ်သည်။
အသက် ၁၀ နှစ်ဝန်းကျင်သာ ရှိသေးသော ကင်မ်ဂျူအေစ်ကို မြောက်ကိုရီးယား ခေါင်းဆောင်လောင်း လျာအဖြစ် ရှုမြင်ရန်မှာ အတန်အသင့် ခက်ခဲမည်ဖြစ်သော်လည်း သူမနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံအတွင်း ပြောင်းလဲလာသော အခြေအနေများအရ ထိုကိစ္စသည် လုံးဝ ဖြစ်လာမည် မဟုတ်ဟု တစ်ထစ်ချ သတ်မှတ်ရန်မှာ လည်း လွယ်ကူမည် မဟုတ်ပေ။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 2379
CNI International Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ဒီရက်ပိုင်း နိုင်ငံတကာ အားကစားသတင်းတွေမှာ နေ့စဉ်နေ့တိုင်း မြင်တွေ့နေရတာကတော့ ၂၀၂၄ ပဲရစ် အိုလံပစ် ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်နိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာဖွေသွားမယ်လို့ ပြောခဲ့တာကနေ စတင်ပြီးတော့ အားလုံးကို လှုပ်ခတ်သွားခဲ့ပါတယ်။
နိုင်ငံတကာအိုလံပစ် ကော်မတီရဲ့ ဒီလို စီစဉ်မှုဟာ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီး အားကောင်း သွားနိုင်တဲ့အတွက်ကြောင့် နိုင်ငံအများအပြားက ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးက IOC ရဲ့ ဒီလို လုပ်ဆောင်လာမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အိုလံပစ် ပြိုင်ပွဲမှာ ရုရှား အားကစားသမားတွေအတွက် နေရာမရှိစေရဘူးလို့ ပြောခဲ့ပါတယ်။
ဇာလန်းစကီး ပြောပြီးနောက်မှာ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုရင် သူတို့ဟာ ဒီပြိုင်ပွဲကို သပိတ်မှောက် နိုင်တယ်လို့ စတင်ပြောလာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားစတဲ့ နိုင်ငံတွေကလည်း သပိတ် မှောက် နိုင်တယ်လို့ အသံတွေ စထွက်လာခဲ့ပါတယ်။
အိုလံပစ် အထိမ်းအမှတ်နဲ့ ရုရှားအလံကိုတွေ့ရစဉ်
ပိုလန်အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကိုသာ ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်တယ်လို့ ပြောခဲ့ ပါတယ်။
ဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ပြိုင်ပွဲတစ်ခုလုံးက အဓိပ္ပါယ်မဲ့ သွားလိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။ IOC ကတော့ ဘယ်လို သပိတ်မှောက်မှုမျိုး မဆိုဟာ အားကစားသမားတွေကိုသာ အပြစ်ပေးမှု ဖြစ်လိမ့်မယ်လို့ သပိတ် မှောက်မှုတွေအပေါ် ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ယူကရိန်း အပါအဝင် နိုင်ငံတချို့ဟာ အဆင်မပြေမှုတွေ ဖြစ်နေ ကြပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတာကာ အိုလံပစ် ကော်မတီဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစား အဖွဲ့ချုပ် တွေကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေကနေ ပိတ်ပင်ဖို့အထိ ပြောခဲ့ပေမယ့် အခုအချိန်မှာ သူတို့ရဲ့ ရပ်တည် ချက်တွေဟာ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
အမေရိကန်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲလို နိုင်ငံတကာပွဲတွေမှာ ဖိတ်ကြားခဲ့မယ်ဆိုရင် သူတို့ရဲ့ အလံတွေ၊ သင်္ကေတတွေနဲ့ နိုင်ငံတော်သီချင်းတွေကို အသုံးပြုခွင့် မပြုဘဲ ကြားနေ အလံအောက်မှာသာ ယှဉ်ပြိုင်ခွင့်ပြုဖို့ ပြောထားတာ ဖြစ်ပါတယ်။
ဒါက ယူကရိန်းတို့နဲ့ ကွဲလွဲမှုရှိပြီး ယူကရိန်းကတော့ ရုရှားကို လုံးဝ ပါဝင်ခွင့် မပြုစေချင်တာပါ။
တချို့ အားကစား ပြိုင်ပွဲတွေမှာလည်း အရင်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပိတ်ပင်တာတွေ ရှိပေမယ့် နောက်ပိုင်းမှာ ကြားနေအလံ အောက်ကနေသာ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာဆိုရင်လည်း ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တွေကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခဲ့ကြရတာပါ။
ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ၊ လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်ခွင့် ရခဲ့မယ်ဆိုရင်လည်း ဥရောပက ပိတ်ပင်ထားလို့ အာရှကနေတစ်ဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲကိုတွေ့ရစဉ်
ပဲရစ်အိုလံပစ် ပြိုင်ပွဲ အကြီးအကဲတော့ ဒီကိစ္စကို နိုင်ငံတကာအိုလံပစ် ကော်မတီကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကြီး စည်စည်ကားကားနဲ့ ကျင်းပနိုင်ဖို့အရေးက နိုင်ငံတကာ အိုလံပစ် ကော်မတီ လက်ထဲမှာသာ ရှိတော့တာပါ။
ယူကရိန်းကတော့ ရုရှား အားကစားသမားတွေ မပါဝင်နိုင်ဖို့ ဆက်ပြီး တွန်းအားပေး လုပ်ဆောင်နေမှာ ဖြစ်ပါ တယ်။
အဲ့ဒါကြောင့် လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံအများအပြား သပိတ်မှောက်ကာ လာရောက် မယှဉ်ပြိုင်တာကို မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပဲရစ်အိုလံပစ် ပြိုင်ပွဲဟာ ဘယ်လိုပုံစံနဲ့အဆုံးသတ် မလဲဆိုတာကိုတော့ စောင့်၍သာ ကြည့်ရပေတော့မည်။
- By CNI
- Category: ဆောင်းပါး
- Hits: 2360
CNI International News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅
တူနီးရှားနိုင်ငံသား အများစုသဘောတူသည့် အချက်တစ်ခုရှိသည်။ ယင်းမှာ စီးပွားရေးသည် နိုင်ငံ၏အဓိက အားနည်းချက် ဖြစ်နေသည် ဆိုခြင်းပင်။
တော်လှန်ရေးအပြီး ၁၂ နှစ်အကြာတွင် စီးပွားရေးအပေါ် အားရကျေနပ်မှုမရှိခြင်း၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)မှ ချမှတ်ပေးသော အသုံးမတည့်သည့် ခြိုးခြံချွေတာရေး ဆောင်ရွက်ချက်များကို မျက်စိစံမှိတ် ကျင့်သုံးခြင်း စသည်တို့သည် တူနီးရှားနိုင်ငံတွင် ဒူပေနာပေခံနိုင်သော ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အလား အလာအတွက် အဓိကကျသော စိန်ခေါ်မှုများအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
၂၀၁၁ တော်လှန်ရေး ပြီးချိန်ကတည်းက တူနီးရှားတွင် မည်သည့် အစိုးရတက်သည်ဖြစ်စေ တိုင်းပြည်တွင် ကာလ ရှည်ကြာ အမြစ်တွယ်နေသော စီးပွားရေးပြဿနာများကို ဖြေရှင်းရန် ခိုင်မာသည့် လုပ်ဆောင်ချက်များ ချမှတ် နိုင်ခဲ့ခြင်း မရှိပေ။
ထိုအားနည်းချက်က စီးပွားရေး ပြဿနာကို သက်ဆိုးရှည်စေခဲ့ရုံမက ဒီမိုကရေစီရေး ပဋိပက္ခအဖြစ် အသွင်ပြောင်း လဲ လာခဲ့သည်။ မကြာသေးခင်က ပြုလုပ်ခဲ့သည့် အာရပ်သဘောထား ညွန်ကိန်း (Arab Opinion Index) တွင် တူနီးရှားနိုင်ငံသားများသည် နိုင်ငံ၏ ငယ်ရွယ်နုနယ်သည့် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှု၊ ထောက်ခံမှု သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြနေသည်။
စီးပွားရေးတွင် တိုးတက်မှု ချို့ယွင်းသည့် အခြေအနေကလည်း တူနီးရှား နိုင်ငံသား အများစုတွင် မည်သည့် နိုင်ငံရေး အဖွဲ့အစည်းမဆို နိုင်ငံ၏သက်ဆိုးရှည် စီးပွားရေးကျဆင်းမှုကို ဖြေရှင်းနိုင်သည့် မူဝါဒများ ချမှတ်နိုင်မည် မဟုတ်ဆိုသည့် အယူအဆ ဖြစ်လာစေရန် ဖြစ်စေသည်။
ထိုကဲ့သို့ နိုင်ငံတွင်းမှ နိုင်ငံရေး အင်အားစုများ၏ လုပ်နိုင်စွမ်းအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု မရှိခြင်း သည် သမ္မတကိုင်ဆာအစ် အပေါ် ပြည်သူများ ဆန့်ကျင်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။
တူနီးရှားနိုင်ငံအတွင်းက ဈေးရောင်းသူနဲ့ ဈေးဝယ်သူတစ်ဦးကိုတွေ့ရစဉ်
ကိုဗစ်ကူးစက်မှု အစောပိုင်း အခြေအနေများတွင် ကိုင်ဆာအစ်ကို ပြည်သူများက ၎င်းတို့၏ ဖြစ်နိုင်ဖွယ် ကယ်တင် ရှင်အဖြစ် ယုံကြည်ခဲ့ကြသည်။
အကျင့်ပျက် ခြစားမှုများကို တိုက်ဖြတ်ရန်၊ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်၊ နိုင်ငံကို ပြုပြင်ပြောင်းလဲရန် စသော ကတိကဝတ်များကြောင့် ဆာအစ်သည် ၂၀၁၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
နှစ်နှစ်အကြာ အာဏာသိမ်းမှု တစ်ခုတွင် ဆာအစ်က အကြွင်းမဲ့အာဏာကို ရယူခဲ့ပြီးနောက် တူနီးရှားနိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲရန် လက်တစ်ကမ်းအလို အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာကာ ငွေကြေးဖောင်းပွမှုနှုန်း မိုးထိလာရုံပင်မက အကျင့်ပျက် ခြစားမှု၊ နိုင်ငံရေးအရ အပေးအယူ လုပ်မှုတို့ ဆက်ရှိနေဆဲဖြစ်ပြီး IMF ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း များကိုပေးရန် အကြွေးပမာဏသည်လည်း အဆမတန် မြင့်တက်လာခဲ့သည်။
ပြောင်းလဲမှုများကို လှုံ့ဆော်ရန် အဆုံးအဆမဲ့ အာဏာကို အသုံးပြုခဲ့သော်လည်း ဆာအစ်သည် နိုင်ငံတွင်း သေရေးရှင်ရေးတမျှ ဖြစ်နေသော စီးပွားရေးနှင့် လူနေမှု အခြေအနေများကို ဖြေရှင်းရန် ထိရောက်မှုရှိသော ဆောင်ရွက်ချက်မျိုး မလုပ်ဆောင်ခဲ့ပေ။
တိုင်းပြည်၏ သက်ဆိုးရှည်နေသော ပြဿနာများအတွက် သင့်တော်သော ဖြေရှင်းမှုများကို ရှာဖွေရန် ကြိုးစားရ မည့်အစား ဆာအစ်သည် အစိုးရအပေါ် ဆန့်ကျင့်မှုများကို ဖိနှိပ်မှု၊ အကြမ်းဖက်မှု စသော နည်းလမ်းများဖြင့် ရှင်း လင်းခဲ့သည်။
၎င်း၏ အစိုးရသည် ဆန့်ကျင်ဆန္ဒပြသူများကို လူမဆန်စွာ နှိပ်ကွပ်ခဲ့ရုံမက၊ အတိုက်အခံ နိုင်ငံရေးသမားများကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည်။ ထို့နောက် လူမှုကွန်ယက်တွင် ဝေဖန်ရေးသားသည့် တက်ကြွ လှုပ်ရှားသူများ ကိုပင် ထောင်သွင်း အကျဉ်းချရန် ကြိုးပမ်းခဲ့သည်။
စီးပွားရေးကဏ္ဍတွင်လည်း ဆာအစ်၏ အာဏာရှင် အစိုးရသည် နိုင်ငံကို အကြွေးကင်းရှင်းရေးအတွက် IMF မှ ပိုက်ဆံချေးခြင်း မဟုတ်သော တခြားနည်းလမ်းများကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။ ဘင်အာလီအစိုးရ၏ အမှားများကို ထပ်ခါထပ်ခါ ကျူးလွန်ခြင်းဖြင့် ဆာအစ်သည် IMF ထံတွင် မျက်နှာကောင်း ရရေးအတွက် လိုအပ်သည့် မည်သည့် အရာကိုမဆို ချက်ချင်း လုပ်ဆောင်ရန် အသင့်အနေအထားသို့ ပြင်ဆင်ထားပုံရသည်။
တူနီးရှား သမ္မတကိုင်ဆာအစ်ကိုတွေ့ရစဉ်
ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချေးငွေနှင့် ၂၀၂၃ ဘတ်ဂျက်နှစ်အတွက် ငွေကြေး ထောက်ပံ့ပေးရန် IMF နှင့် ကနဦး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဆာအစ် အစိုးရသည် လက်ရှိအချိန်တွင် သဘောတူညီချက် ချမှတ်နိုင်ရန် လိုအပ်ချက်အဖြစ် IMF က သတ်မှတ်ထားသော ပျက်စီးဆုံးရှုံးမှုများသည့် ချိုးခြံချွေတာရေး လုပ်ဆောင်ချက် အသစ်များကို ပြည့်မှီအောင် အရှိန်မြှင့်တင် ဆောင်ရွက်လာသည်။
ထိုလုပ်ဆောင်ချက်များတွင် အစားအစာနှင့် လောင်စာဆီ ထောက်ပံ့မှုကို လုံးဝရပ်ဆိုင်းခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုကာကွယ်ရေး အသုံးစရိတ်များကို ဖြတ်တောက်ခြင်းအပြင် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်သို့ လွဲပြောင်းပေးခြင်းတို့အထိပါ ပါဝင်လာဖွယ် ရှိသည်။
ထိုသို့သော မူဝါဒများက တူနီးရှား၏ စီးပွားရေးကို ဆွဲတင်ရန် ပြည်သူများ ထိခိုက် ခံစားနေရမှုများအား အဆုံး သတ်ပေးရန် မစွမ်းသာသည်မှာ သေချာသည်။ ထိုအချက်များအပြင် ချိုးချံချွေတာရေး မူဝါဒများသည် တစ်ခါတစ် ရံတွင် သက်ဆိုင်ရာ ပြည်သူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုပို၍ ဖြစ်စေသည်ဟုလည်း IMF မှ ပညာရှင် များက ဝန်ခံသည်။
ထိုမူဝါဒများသည် မညီမျှမှုကို မြင့်တက်စေကာ ဆင်းရဲတွင်ကို ပိုနက်စေပြီး စီးပွားရေး အကြပ်အတည်း မကြာခဏ ဖြစ်စေရုံမက အလုပ်လက်မဲ့နှုန်း မြင့်တက်စေခြင်း၊ စီပွားရေး တိုးတက်နိုင်ခြေကို ကန့်သတ်ခြင်းတို့အပြင် လူမှုရေး ဆိုင်ရာ ပေါက်ကွဲမှုဖြစ်စေရန် အကောင်းဆုံး အခြေအနေများကိုလည်း ဖန်တီးပေးသည်။
ထိုသို့သော အခြေအနေမျိုး ဖြစ်နေသော်လည်း အဆိုးထဲမှ အကောင်းဖြစ်စေမည့် အနေအထား တစ်ရပ်ရှိနေသေး သည်။
တူနီးရှားနိုင်ငံ၏ သမိုင်းတစ်လျှောက် တော်လှန်ရေးဆိုင်ရာ ဖြစ်စဉ်များသည် အာဏာရှင် အစိုးရများ၏ ထောက်ခံမှုဖြင့် IMF ၏ ကြားဝင်ဆောင်ရွက်မှုကို တားဆီးရန်ကြိုးစားရင်းဖြင့်အစပြုခဲ့ခြင်းပင် ဖြစ်သည်။
လက်ရှိ တူနီးရှားတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ချိုးခြံချွေတာရေး လမ်းစဉ်အပေါ် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည့် ယခင်ဖြစ်ရပ်များနှင့် ဆင်တူနေသည်။
၁၉၈၄ ခုနှစ်တွင် တူနီးရှား၌ ပေါင်မုန့်အဓိကရုဏ်း (bread riot) ပေါ်ပေါက်ခဲ့သည်။ IMF ဘက်မှ တောင်း ဆိုသည့် ပေါင်မုန့်ထောက်ပံ့ ခြင်းကို ရပ်တန့်လိုက်ခြင်းအပေါ် ပြည်သူများ ဆန့်ကျင်ကန့်ကွက်ခဲ့ရာ နိုင်ငံရေး ပဋိပက္ခအဖြစ် အသွင်ပြောင်းလာခဲ့ပြီး ၁၉၈၇ ဇိုင်းအယ်လ်အဘီဒိုင် ဘင်အာလီ (Zine El Abidine Ben Ali) ၏ အာဏာသိမ်းမှုကို ဖြစ်စေခဲ့သည်။
တူနီးရှားအလံများကိုတွေ့ရစဉ်
၂၀၀၈ ဂတ်ဖ်ဆာ (Gafsa) မြစ်ဝှမ်း သတ္တုတူးဖော်ရေး လူထုအုံကြွမှုသည် တူနီးရှားသမိုင်း တစ်လျှောက် အကျိုး သက်ရောက်မှု အများဆုံး ပုန်ကန်မှုများမှ တစ်ခုဖြစ်ခဲ့သည်။ တူနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ၂၀၁၁ တော်လှန်ရေး သည် IMF ၏ နာမည်ဆိုးဖြင့် ထင်ရှားသော ဖွဲ့စည်းတည်ဆောက်ပုံရေးရာ အစီအစဉ်နှင့်အတူ ဘင်အာလီ အစိုးရ က လိုက်နာဆောင်ရွက်ခဲ့ရာမှ လှုံ့ဆော်မှု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။
သမိုင်း အထောက်အထားများအရ IMF ဘက်မှ ချမှတ်ပေးသော ချိုးခြံချွေတာရေး မူဝါဒများကို ကျင့်သုံးမည့် ဆာအစ်၏ ဆုံးဖြတ်ချက်သည် ၎င်း၏အာဏာရှင် စနစ်နှင့် ဒီမိုကရေစီ မဆန်သော အစိုးရတို့၏ လည်ပင်းကို စွပ်မည့် ကြိုးကွင်းအဖြစ် အနှေးနှင့်အမြန် ပြောင်းလဲလာမည်ဖြစ်သည်။
ထိုသို့သော သမိုင်းဆိုင်ရာ သက်သေများစွာ ရှိသော်လည်း ဆာအစ်သည် ၎င်း၏ အာဏာရှင်စနစ်ကို သေချာပေါက် အဆုံးသတ်ပေးမည့် လူမှုရေးရာပေါက်ကွဲမှုကြီး တစ်ခုကို ဖြစ်လာမည့် သတိပေး ချက်များကို လျစ်လျူရှုထားပုံ ရသည်။
ဆာအစ် အစိုးရ၏ စီးပွားရေးပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ခြင်း၊ IMF ၏ အန္တာရယ်များသော တောင်းဆိုမှုများအတိုင်း လိုက်ပါလုပ်ဆောင်ခြင်း စသည့် အခြေအနေများကြောင့် တူနီးရှားပြည်သူများသည် ၎င်း တို့၏ ဒီမိုကရေစီစနစ်ကို ကာကွယ်ရေးအတွက် နောက်ထပ် တစ်ကြိမ် ထပ်မံရုန်းထကြဦးမည်ဖြစ်ကာ ၎င်းတို့အ တွက် ကောင်းမွန် လုံလောက်မှုရှိသော အခြေအနေတစ်ရပ်ကိုဖန်တီးကြဦးမည်လည်းဖြစ်သည်။
တူနီးရှားတွင် နောက်ထပ် လူထုအုံကြွမှုကြီးတစ်ခု မကြာခင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
Source: Aljazeera
Aljazeera သတင်းဌာနတွင် ဖော်ပြထားသော “Haythem Guesmi ၏ Another uprising is in the making in Tunisia” ဆောင်းပါးကို CNI သတင်းဌာနက ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။