CNI Article

၂၀၂၃ ခုနှစ် အောက်တိုဘာ ၈

တရုတ်နိုင်ငံတွင် သူလျှိုထားမှုဆိုင်ရာ ဥပဒေများကို တင်းကျပ်ခဲ့ပြီးနောက် မကြာသေးမီက ကာကွယ်ရေးဝန်ကြီး တစ်ဦး အပါအဝင် ထိပ်သီး အရာရှိများသည် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန် အတောအတွင်း တရုတ်၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ဒေသတွင်း ၎င်း၏ သြဇာ သက်ရောက်မှုကို မြှင့်တင်နေသည်။

တရုတ်ကွန်မြူနစ်ပါတီ အကြောင်းကို လေ့လာရမည်ဆိုပါက အရာအားလုံးသည် အာဏာအတွက်သာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ထိန်းချုပ်မှုများကိုသာ တွေ့ရမည်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် CCP ကို ထိန်းချုပ်ထားပြီး ထိုကဲ့သို့ ထိန်းချုပ်မှုသည် အလုပ်ဖြစ်နေဆဲ ဖြစ်သည်ကို မြင်တွေ့ရမည် ဖြစ်သည်။

တရုတ်၏ ကာကွယ်ရေးဝန်ကြီးနှင့် ထိပ်သီးအရာရှိများ ပျောက်ကွယ်သွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမေရိကန်၏ စီအိုင်အေနှင့် ဒေါ်လာ ၈၀ ဘီလျံ အသုံးစရိတ်ရှိသော ထောက်လှမ်းရေး အသိုင်းအဝိုင်းက အဖြေ တစ်ခုကို သိရှိလိမ့်မည်ဖြစ်သော်လည်း သာမန်လူများအတွက်မူ အကြောင်းရင်းကို တိတိကျကျ သိရှိရန် ခက်ခဲ လှပေသည်။

သို့သော် အချို့ အချက်အလက်များကို လေ့လာကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည့် တရုတ်၏ ထိပ်သီးအရာရှိများ၏ ရာထူးဂုဏ်ဒြပ်နှင့် အနေအထားအရ အကျင့်ပျက် ခြစားမှုများဖြင့် ပြစ်မှုထင်ရှား တွေ့ရှိရန် ဖြစ်နိုင်မည် မထင်ပေ။

ထို့ကြောင့် တရုတ်ကာကွယ်ရေးဝန်ကြီးသည် အကျင့်ပျက်ခြစားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ဖွယ်မရှိပေ။

အကျင့်ပျက် ခြစားမှုဆိုသည့် အသုံးအနှုံးသည် မော်ဝါဒီခေတ်က "တန်ပြန်တော်လှန်ရေး လှုပ်ရှားမှုများ" ဟူသည့် ခေတ်သစ်မူဝါဒတစ်ရပ် ဖြစ်နိုင်ခြေရှိသည်။

ရာထူးက ထုတ်ပယ်ခံရသော တရုတ်ကာကွယ်ရေး၀န်ကြီး

ရှီအနေဖြင့် အဘယ်ကြောင့် ယခုလို လုပ်ဆောင်ရ သနည်းဆိုသည့် မေးခွန်းကို ဖြေဆိုရန် ဖြစ်နိုင်ခြေရှိသည့် အချက်များကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

ပျောက်ကွယ်သွားခဲ့သည့် အရာရှိများ၏ အလုပ်တာဝန် စွမ်းဆောင်ရည်များ ညံ့ဖျင်းခြင်းကြောင့်လည်း ဖြစ်နိုင် သည်။ PLA ၏ လုပ်ဆောင်မှုအချို့သည် ကောင်းမွန်ခဲ့ခြင်းမရှိဘဲ အချို့ လုပ်ဆောင်မှုများသည် အလွန်အမင်း ညံ့ဖျင်းခဲ့သည်ကို တွေ့ရသည်။

သို့မဟုတ် လျာထားချက်နှင့် ပြည့်မီမှုမရှိသည့် စွမ်းဆောင်ရည်များကြောင့်လည်း ဖြစ်နိုင်သည်။

PLA ၏ စွမ်းဆောင်ရည်များသည် နှစ်ပေါင်းများစွာကြာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး တရုတ်အစိုးရကလည်း ထိုအရေးကိစ္စကို တစ်ချိန်လုံး စောဒကတက်ခဲ့သည်။

အထူးသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တိုက်ပွဲများ မဖြစ်ပွားခဲ့သဖြင့် တရုတ်စစ်သားများ၏ တိုက်ပွဲဝင်မှု အတွေ့အကြုံ နည်းပါးနေမှုနှင့် အခြား စစ်ဘက်ဆိုင်ရာ အားနည်းချက်များအပေါ် တရုတ်ခေါင်းဆောင်များက အားမလိုအားမရ ဖြစ်ခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရှီသည် စိုးရိမ်ခဲ့ပုံပေါ်သည်။ သူသည် စစ်တန်းလျားများအတွင်း အတိုက်အခံ အင်အားစု ဖွဲ့စည်းမည့် အခြေအနေကို သိရှိခဲ့ပုံပေါ်သည်။

မကြာသေးမီနှစ်များအတွင်း ပြိုင်ဘက်များကို ဖြုတ်ထုတ်သတ် လုပ်ငန်းစဉ်များကြောင့် သူ့တွင် ရန်သူများစွာ ရှိလာခဲ့သည်ကို ရှီက သိရှိခဲ့ပုံပေါ်သည်။

ထိုအခြေအနေများသည် အာဏာရှင်များ ကြုံတွေ့ရလေ့ရှိသည့် သဘောသဘာဝ တစ်ခုဖြစ်သည်။ ထို့ကြောင့် အတိုက်အခံများအားလုံးကို အမြစ်ဖြတ် ချေမှုန်းခြင်းသည် ကြိုတင်လက်ဦးမှု ရယူသည့်် သဘောမျိုးဖြစ်သည်။

ထို့ကြောင့် အာဏာရှင်ကို ဖြုတ်ချဖွယ်ရှိသည့် လူတိုင်းကို အကြောက်တရားများ ရိုက်သွင်းခြင်းသည် မထူးဆန်း သည့် သီအိုရီတစ်ခုဖြစ်သည်။ ထိုသီအိုရီသည် လက်တွေ့တွင်လည်း အလုပ်ဖြစ်နေဆဲ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကျင်းပနေစဉ်

သို့သော် ပြည်ပကုမ္ပဏီများကို နှောင့်ယှက်နေခြင်းသည် တရုတ်အနေဖြင့် ကိုယ့််ကိုယ်ကို ထိခိုက်နစ်နာစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ရှီသည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ပြီး ငွေရှာနိုင်မည်ဟု ထင်နေသည့် ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များကို ဖိအားများ တိုးမြှင့်နေခြင်း ဖြစ်သည်။  

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ရှီသည် စီးပွားရေးအရ မည်သည့် ဖိအားကိုမဆို တောင့်ခံထားနိုင်မည်ဟု ယုံကြည်ချက် ရှိနေပုံပေါ်သည်။

လက်ရှိတွင် တရုတ်၏ စစ်ရေး စွမ်းဆောင်ရည်များ၊ စီးပွားရေးအင်အားနှင့် ဒေသတွင်း အခြေအနေများအပြင် တရုတ်၏ ပြည်ပ သြဇာသက်ရောက်မှု အခြေအနေများကြောင့် ၎င်း၏ လုပ်ဆောင်မှုများသည် အချိန်ကိုက် ဖြစ်သည်ဟု ရှီက ယူဆထားခြင်းလည်း ဖြစ်နိုင်သည်။

သတင်းအချက်အလက်များအရ အမေရိကန်သည် တရုတ်၏ ခြိမ်းခြောက်မှုကို သတိထားပြီး စောင့်ကြည့်နေကာ ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံ အများအပြားသည် တရုတ်နှင့် လက်တွဲလိုသည့် ဆန္ဒများကို ထုတ်ဖော် ပြသလာ ခဲ့ကြသည်။

လက်တင်အမေရိကန်နှင့် အာဖရိကနိုင်ငံများသည်လည်း တရုတ်နှင့် လက်တွဲလိုသည့် ဆန္ဒများကို ပြသခဲ့ကြ သည်။ ထို့ပြင် အရှေ့တောင်အာရှနှင့် ပစိဖိတ်ကျွန်းနိုင်ငံများ အချို့သည်လည်း တရုတ်ဘက်သို့ ယိမ်းလာကြသည်။

ထိုမျှမက ပါရှန်းပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံများသည်လည်း မကြာသေးမီက တရုတ်၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိခဲ့သည်။

တရုတ်နှင့် ထိပ်တိုက်တွေ့ရမည့် အရေးကိစ္စများတွင်မူ ထိုင်ဝမ်အရေးနှင့် တောင်တရုတ် ပင်လယ်အရေးတို့သည် ထိပ်ဆုံးနေရာမှ ပါဝင်နေသည်။

တရုတ်သည် ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့ အနီးတွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်နေသည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည်လည်း တစ်ခါတစ်ရံတွင် ၎င်း၏ မဟာမိတ် ရုရှားနှင့်အတူ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။

ထို့ပြင် တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ်နှင့် ဖိလစ်ပိုင်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Second Thomas သောင်ခုံအရေးနှင့် ပတ်သက်ပြီး ထိပ်တိုက် တွေ့မှုများသည် အနှေးနှင့်အမြန် ဖြစ်ပွားလာနိုင်သည်။

ထိုကဲ့သို့ ပဋိပက္ခ ဖြစ်ပွားလာမည်ဆိုပါက အမေရိကန်အနေနှင့် ဖိလစ်ပိုင်ဘက်မှ ရပ်တည်ကာ တိုက်ရိုက် ပါဝင် ပတ်သက်မည်လော သို့မဟုတ် ဖိလစ်ပိုင်ကို ပစ်ထားမည်လော ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဘိုင်ဒန်အစိုးရအဖွဲ့သည် တရုတ်နှင့် ဆွေးနွေးညှိနှိုင်းမှုများကိုသာ ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ဖွယ်ရှိသည်။

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ရမည်ဆိုပါက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အနိုင်ဖဲတစ်ချပ်ကို အာဏာဖြင့် ကိုင်စွဲထားသည်ဟု သုံးသပ်ရမည်ဆိုပါက မှားမည်မဟုတ်ပေ။

Source: Asia Times