CNI Sport Article 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပထမအဆင့်(ပထမအကျော့)အဖြစ် မကာအိုအသင်းနဲ့ ကစားခဲ့တာမှာ ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ 

မြန်မာအသင်း ပရိသတ်တွေ အတွက်တော့ မမြင်တွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ ဒီလို ဂိုးပြတ်နိုင်ပွဲကို အိမ်ကွင်းမှာ မျက်ဝါးထင်ထင်ပြန်ပြီး ခံစားခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကနေစပြီး ကြည့်ရမယ်ဆိုရင် ဒီနိုင်ပွဲဟာ မြန်မာအသင်းအတွက် ၄ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး သုဝဏ္ဏကွင်း ကြီးထဲမှာ ရယူနိုင်ခဲ့တဲ့ ဒုတိယမြောက် နိုင်ပွဲဖြစ်ပါတယ်။ 

နည်းပြ မိုက်ကယ်ကို တွေ့ရစဉ်

အခုနောက်ပိုင်း နှစ်တွေမှာ စွမ်းဆောင်ရည်ပိုင်းတွေ ကျဆင်းခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ မြန်မာ အသင်းကို နည်းပြ မိုက်ကယ်ရဲ့ လက်ထက်မှာ အသွင်သစ်တစ်မျိုးနဲ့ ပြန်ပြီး မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြမိုက်ကယ်ရဲ့ လက်ထက်မှာ မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ ပထမအကျော့ပွဲ အပါအဝင် ၇ ပွဲ ကစား ထားပြီး ၃ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၂ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့တာပါ။

နည်းပြ မိုက်ကယ်ဟာ မြန်မာအသင်း လူစာရင်းကို လူကြီး၊ လူငယ် အချိုးကျ ပေါင်းစပ်နေတာဖြစ်ပြီး လူငယ် ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ အသုံးပြုပြီး အသင်းရဲ့ ကစားကွက်ပုံစံတွေကို ပြောင်းလဲနေခဲ့တာ ဖြစ်ပါ တယ်။

မကာအိုအသင်းနဲ့ ပွဲမှာဆိုရင် နည်းပြ မိုက်ကယ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟိန်းဇေယျာလင်း၊ နေမိုးနိုင်နဲ့ သက်ဟိန်းစိုး တို့ကို ပွဲထွက်လူစာရင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ တွဲဖက်ပြီး ကစားသွားခဲ့တာ တွေ့ ရပါတယ်။ 

ဦးဇော်ဇော်နဲ့ မြန်မာအသင်းသားတွေကို တွေ့ရစဉ်

လူငယ်ကစားသမားတွေဟာ ငယ်ရွယ်တာကြောင့် ကစားအားကို မခိုမကပ်နဲ့ ကစားနိုင်ပြီး အတွေ့အကြုံရှိ ကစား သမားတွေဆီကနေ သင်ယူမှုတွေကြောင့် သူတို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ကစားပုံကို မြင်တွေ့ခဲ့ရတာပါ။ 

ဒါတွေဟာ မြန်မာအသင်းအတွက် အများကြီး အထောက်အကူဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းနည်းပြ မိုက်ကယ်ဟာ မကာအိုကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ သူတို့ကို ပိတ်ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားမယ့် ပြိုင်ဘက် အသင်းကို တည်ကန်ဘောတွေ၊ ဖြတ်တင်ဘောတွေနဲ့ ဒုက္ခပေးဖို့ ကြိုးစားခဲ့တာက အလုပ်ဖြစ်ခဲ့တာပါ။ 

မြန်မာအသင်း သွင်းယူခဲ့တဲ့ ၃ ဂိုးမှာ ၂ ဂိုးက တည်ကန်ဘောတွေကနေ ရခဲ့တာဖြစ်ပြီး နောက် ၁ ဂိုးကတော့ ဖြတ်တင်ဘောကို ခေါင်းတိုက်အဆုံးသတ်ခဲ့ကာ နောက်ထပ် ၂ ဂိုးကိုတော့ ဂိုးဧရိယာအပြင်ဘက်ကနေ ကန်သွင်း ယူခဲ့တာ ဖြစ်ပါတယ်။ 

ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်ရဲ့ လူစားလဲမှုတွေကလည်း ဒီပွဲမှာ အလုပ်ဖြစ်ခဲ့ပြီး အောင်ကောင်းမာန်၊ ဝင်းနိုင်ထွန်းနဲ့ ဇော်ဝင်းသိန်းတို့ဟာ ဝင်ရောက်လာပြီးကတည်းက တွန်းတွန်းတိုက်တိုက်နဲ့ ကစားကာ ပြိုင်ဘက် အသင်းရဲ့ ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့တဲ့အတွက် မြန်မာအသင်းဟာ ပွဲပြီးဆုံးဖို့ နီးကပ်ချိန်မှာ သွင်းဂိုး အများအပြား ရယူနိုင်ခဲ့တာပါ။

မြန်မာအသင်း ကစားသမားတွေ အောင်ပွဲခံနေကြစဉ်

မြန်မာအသင်းရဲ့ ကစားပုံဟာ ဒီပွဲမှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အိမ်ကွင်းမှာတော့ ပရိသတ်တွေနဲ့ ဘောလုံးအဖွဲ့ချုပ်က လိုချင်တဲ့ ဂိုးရလဒ်မျိုး စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုရင် မမှားပါဘူး။ 

ဒုတိယအကျော့ကို မကာအိုအသင်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ပထမအဆင့်အတွက် ပွဲမပြီးသေးပေမယ့် မြန်မာအသင်းအတွက်တော့ ဒုတိယအဆင့်ကို သေချာပေါက် တက်ရောက်သွားပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 

မြန်မာအသင်းအနေနဲ့ ဒုတိယအကျော့ပွဲမှာလည်း ပထမအကျော့တုန်းကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ကစားပြီး ဒုတိယအဆင့်မှာ ကစားရမယ့် ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ လိုအပ်နေတာပါ။

ဒုတိယအဆင့်မှာတော့ မြန်မာအသင်းကို ဂျပန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယားအသင်းတို့က စောင့်ကြိုနေတာ ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မလွယ်ကူနိုင်ဘူးဆိုတာ သိသာပေမယ့် မြန်မာအသင်းအတွက် အဓိက ရည်မှန်းချက်က အာရှဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ဖို့ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နည်းပြမိုက်ကယ် အနေနဲ့ အခုကတည်းက အသင်းရဲ့ အကောင်းဆုံး လူစာရင်းကို ရွေးထုတ်ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။