၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ကာဗွန်သံမဏိဖြင့် လောင်ကျွမ်းဖျက်ဆီးနိုင်သည့် လေဆာရောင်ခြည် ထုတ်လွှတ်ပေးသော ဗုံးရှင်းလင်းရေး ဒရုန်းကို တူရကီက တီထွင်ခဲ့ပြီး စမ်းသပ်မှုအပြည့်အဝပြီးစီးပါက တူရကီစစ်တပ်တွင် သုံးမည်ဖြစ်ကြောင်း rt.com ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

Eren ဟု အမည်ပေးထားသော အဆိုပါဒရုန်းသည် မြေပြင်အထက် မီတာ ၃၀၀၀ (၉၈၅၀ ပေ) အထိ ပျံတက်နိုင်ပြီး ဗုံးများနှင့်အခြားခဲယမ်းမီးကျောက်များကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်လုပ်ထားကြောင်း အနာဒိုလူသတင်းဌာနက ဖော်ပြသည်။

ယင်းဒရုန်းအမျိုးအစားသည် မြေပြင်ရှိ ပေါက်ကွဲစေတတ်သောပစ္စည်းများကို ဖယ်ရှားရှင်းလင်းနိုင်ကြောင်း တူရကီ အကြီးတန်းရဲအရာရှိ အေကက်အီရိုဂလူက ပြောသည်။

photo-getty images

စမ်းသပ်မှုပြုလုပ်စဉ်အတွင်း Eren ဒရုန်းမှ ထုတ်လွှတ်သော လေဆာရောင်ခြည်သည် မီတာ ၅၀၀ (၁၆၄၀ ပေ) အကွာအဝေးရှိ ၃ မီလီမီတာအထူရှိသော ကာဗွန်သံမဏိပြားအတွင်းကို စက္ကန့် ၉၀ အတွင်း ထိုးဖောက်နိုင်ကြောင်း၊ ပစ်မှတ်နှင့် မီတာ ၁၀၀ အကွာအဝေးတွင် ပျံဝဲနေချိန်၌ အလားတူလုပ်ဆောင်ရန် ၁၀ စက္ကန့်သာ အချိန်ယူခဲ့ရ ကြောင်း အေကက်အီရိုဂလူက ဆက်ပြောသည်။

ယင်း ဒရုန်းအမျိုးအစားကို တူရကီနိုင်ငံ ကာကွယ်ရေးနည်းပညာအေဂျင်စီ (TUBITAK) နှင့် တူရကီကုမ္ပဏီ တစ်ခုဖြစ်သော အေစစ်ဂက် (Asisguard) တို့ ပူးပေါင်းတီထွင်ခဲ့ကြခြင်းဖြစ်သည်။

၎င်းကို ပြီးခဲ့သည့်အောက်တိုဘာ၌ ကိုညာ (Konya) ရှိ ကုန်စည်ပြပွဲတစ်ခုတွင် ပြသခဲ့ပြီး စမ်းသပ်အားလုံး ပြီးစီးသည့်အခါ စစ်တပ်တွင် သုံးမည်ဖြစ်ကြောင်း တူရကီသတင်းဌာန အနာဒိုလူက သတင်းဖော်ပြထားသည်။

Source: rt.com