CNI International News

ပါရီ၊ ဇန်နဝါရီ ၇

Googel နှင့် Facebook ကုမ္ပဏီများသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်များမှနေ၍ အချက်အလက် ခြေရာခံသည့် ကွတ်ကီးဖိုင် (cookies) များကို မေးခွန်းထုတ်စရာ အသုံးချလာခြင်းအတွက် ပြင်သစ်နိုင်ငံမှ အွန်လိုင်း ကိုယ်ရေးကိုယ်တာ ထိန်းချုပ်မှုဌာန က ယူရို သန်း ၂၁၀ (ဒေါ်လာ ၂၃၇ သန်း) ဒဏ်ရိုက်ရန် အမိန့်ထုတ်လိုက်ကြောင်း rt.com တွင် သတင်းဖော်ပြထားသည်။

ယင်းအမိန့်အရ (၃)လအတွင်း Google အနေဖြင့် နောက်ထပ် ယူရို သန်း ၁၅၀ (ဒေါ်လာ ၁၆၉ ဒသမ ၅ သန်း) နှင့် Facebook အနေဖြင့် နောက်ထပ် ယူရို သန်း ၆၀ (ဒေါ်လာ ၆ ဒသမ ၈ သန်း) ပေးဆောင်ရန် ရှိဦးမည်ဖြစ်ကြောင်း သတင်းနှင့်လွတ်လပ် ခွင့်ဆိုင်ရာ ပြင်သစ်အမျိုးသားကော်မရှင် (CNIL) က ထုတ်ပြန်ကြေညာခဲ့သည်။

သို့တည်းမဟုတ်ပါက တစ်ရက်လျှင် ဒဏ်ကြေး ယူရို ၁ သိန်း (ဒေါ်လာ ၁၁၃,၀၀၀) ထပ်မံ ပေးဆောင်ရမည်ဟု ၎င်းအမိန့်တွင် ထုတ်ပြန်ထားသည်။

Facebook နှင့် Google တို့သည် အင်တာနက်သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ ရယူရန် ပိုမိုလွယ်ကူခြင်းကြောင့် သုံးစွဲသူများ လှုပ်ရှားလုပ်ဆောင်မှုမှန်သမျှ ခြေရာခံ ထောက်လှမ်းနိုင်သော ကွတ်ကီးဖိုင်များ ထည့်ထားခြင်းသည် လွတ်လပ် ခွင့်ကို ထိခိုက်စေကြောင်း အဆိုပါကော်မရှင်က ပြောသည်။

“ကွတ်ကီးတွေကို ကိုယ့်စက်ထဲ လက်ခံပေးဖို့က ကလစ် (click) တစ်ချက် နှိပ်ရုံနဲ့ ပြီးတယ်ဗျာ။ အလားတူပဲ ကွတ်ကီးတွေကို ငြင်းဖို့ကျတော့ သူတို့လက်ခံပေးဖို့ တောင်းဆိုတုန်းကလိုမျိုး မလွယ်သင့်ဘူးလား” ဟု ပြင်သစ်ကော်မရှင်၏ အချက်အလက် ကာကွယ်ရေးနှင့် အရေးယူမှုအဖွဲ့ ဦးဆောင်သူ ကရင်ကီဖာက မေးခွန်းထုတ်ခဲ့သည်။

အဆိုပါ လုပ်နည်းလုပ်ဟန်များသည် ပြင်သစ် အချက်အလက် ကာကွယ်ရေးဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီ များအပေါ် ပြင်သစ်နိုင်ငံမှ အင်တာနက် သုံးသူများကို ၎င်းတို့လွတ်လပ်မှု အာမခံရန်အတွက် လက်ရှိသုံးနေသည့် ကွတ်ကီး များ လက်ခံခြင်း နည်းလမ်းကဲ့သို့ ရိုးရှင်းသည့်စနစ် ထားရှိရန် ကော်မရှင်က ညွှန်ကြားခဲ့သည်။

Google နှင့် Facebook ကုမ္ပဏီနှစ်ခုလုံးက ယခုပြဿနာကို ဖြေရှင်းရန် ပြင်သစ်အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်မည် ဟု ကတိပြုသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်း ကွတ်ကီးခွင့်ပြုချက် ထိန်းချုပ်ခြင်းသည် သုံးစွဲသူများ အပေါ် ၎င်းတို့ အချက်အလက်ဆိုင်ရာ ပိုမိုစိတ်ချရစေသည်ဟု အခိုင်အမာပြောကြားပြီး CNIL ကော်မရှင်က တောင်းဆိုသည့် သဘောတူညီချက် တစ်ရပ်ကို ငြင်းပယ်ထားကြသည်။

Google ကလည်း “သုံးစွဲသူများအနေဖြင့် ၎င်းတို့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို လေးစားရန်နှင့် ဘေးကင်းစေရန် အတွက် ကျွန်ုပ်တို့ကို ယုံကြည်နိုင်ပါသည်” ဟု စောဒကတက်ခဲ့သော်လည်း ယခုအမိန့်ကို လိုက်နာနိုင်ရန် နောက်ထပ် ပြောင်းလဲမှုများ ဆက်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။

Source: rt.com