CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၃

စစ်ပွဲဖြစ်နေစဉ်အတွင်း ယူကရိန်းသည် ခေတ်ပြိုင် သတင်းအချက်အလက် (IT) နည်းပညာသုံးစွဲရာ၌ ဂြိုဟ်တု စလောင်းများမှသည် စမတ်ဖုန်း Apps များအထိ အလွန်ထိရောက်ကြောင်း သက်သေပြစရာ နေရာတစ်ခု ဖြစ်လာ ကြောင်း Google အမှုဆောင်အရာရှိချုပ်ဟောင်း အဲရစ်ရှမစ်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း South China Morning Post သတင်းအရ သိရသည်။

ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ အမေရိကန်အစိုးရ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ အဲရစ်ရှမစ်သည် ယူကရိန်းနိုင်ငံထဲသို့ ၃၆ နာရီကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီးနောက် အရပ်ဘက် နည်းပညာ ကဏ္ဍအနေဖြင့် ကိယက်ဗ်၏ ကာကွယ်ရေးအတွက် အရေးကြီးကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားတပ်များ ယူကရိန်းနယ်မြေထဲသို့ ကျူးကျော် ထိုးဖောက်ပြီး နောက် တစ်ရက်တွင် နည်းပညာ၏ အထောက်အကူပြုမှုကို သက်သေပြနိုင်ခဲ့သည်။

ရုရှားဟက်ကာများ လက်ချက်ကြောင့် အချိန်အတန်ကြာ ရပ်တန့်ခဲ့ရသော ယူကရိန်းအစိုးရ ယန္တရားအတွင်း IT ပိုင်း လုပ်ငန်းဆောင်တာများကို ပြန်လည် လည်ပတ်စေရန်နှင့် ကာကွယ်နိုင်ရန် အရေးကြီးသော ခြေလှမ်းတစ်ရပ် ကို ယူကရိန်းဥပဒေပြုလွှတ်တော်က တညီတညွှတ်တည်း သဘောတူ လက်ခံခဲ့ကြသည်။

ယူကရိန်းစစ်သားများကိုတွေ့ရစဉ် (AFP)

“စစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ သူတို့ လွှတ်တော် အစည်းအဝေးလုပ်ပြီး အဲဒီဥပဒေကို ပြောင်းလိုက်ကြတယ်။ သူတို့ အချက်အလက် (data) တွေအားလုံးကို ကိယက်ဗ်မြို့တော်မှာရှိတဲ့ အစိုးရ server တွေကနေ cloud ထဲကို ရွှေ့လိုက်ကြတယ်။ လူတိုင်းကို မှန်ကန်တဲ့လုပ်ရပ်တွေ လုပ်မိစေဖို့ ဒီစစ်ပွဲကနေ နိုင်ငံရေးအကြောင်း ပြချက်တစ်ခု ပေးခဲ့တယ်” ဟု ရှမစ်က ရှင်းပြသည်။

အမေရိကန် နည်းပညာလုပ်ငန်းရှင် ဘီလီယံနာ အီလွန်မက် (Elon Musk) သည် ၎င်း၏ Starlink ဂြိုဟ်တုအခြေခံ broadband စနစ်ထဲသို့ ဝင်ရောက်သုံးစွဲနိုင်ရန် လှူဒါန်းမှုနှင့်အတူ အမေရိကန်နှင့်ယူကရိန်း စစ်တပ်တို့ကို ရုရှား၏ ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် တိုက်ခိုက်ခြင်းကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ခဲ့ခြင်းမှာလည်း ဒုတိယ မြောက် အရေးကြီးသော ခြေလှမ်းဖြစ်ခဲ့သည်။

Musk နှင့် အလှူရှင်များသည် ယူကရိန်းဘက်မှ နေ့စဥ်ထုတ်လွှင့် တင်ဆက်နိုင်အောင် ပံ့ပိုးပေးခဲ့သည့်အပြင် တိုက်ခိုက်ရေးသမားများကို ပစ်မှတ်ထား၍ အချက်အလက်များ ကူညီပေးနိုင်သည့် ပန်းကန်ပြားအရွယ် အင်တင်နာငယ်များဖြင့် မြေပြင် gateway ၂ သောင်းခန့်ဖြင့် အင်တာနက် ဝန်ဆောင်မှုပေးခဲ့သည်။

ထိုပံ့ပိုးမှုသည် ရုရှားတို့၏ အဓိကစစ်ရေး ရည်မှန်းချက်ကို ချိုးဖျက်တွန်းလှန်နိုင်ခဲ့သည်။

Source: South China Morning Post