CNI International News

အော်စတင်၊ ဖေဖော်ဝါရီ ၁၅

အမေရိကန်အခြေစိုက် Meta ကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ် လူမှုမီဒီယာပလက်ဖောင်းသည် သုံးစွဲသူများ၏ အသိပေး သဘောတူ ချက်မယူဘဲ စီးပွားဖြစ် ရည်ရွယ်ချက်ဖြင့် မျက်နှာမှတ်မိစေခြင်း၊ မှတ်တမ်းတင် သိမ်းဆည်းခြင်း စသည့် ဇီဝမက်ထရစ်ဆိုင်ရာ အချက်အလက်များကို တရားမဝင် စုဆောင်းထားခြင်းကြောင့် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ရှေ့နေချုပ်က တရားစွဲ ဆိုလိုက်ကြောင်း အေပီသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်က ဖော်ပြသည်။

Meta သည် သန်းပေါင်းများစွာ ဇီဝမက်ထရစ်ဆိုင်ရာ အချက်အလက်များကို စုစည်းသိမ်းဆည်းထားကြောင်း၊ ၎င်းသိမ်းဆည်း မှုများတွင် ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ် သုံးစွဲသူများ လွှင့်တင်ထားသော ဓါတ်ပုံများ၊ ဗီဒီယိုများ၊ လက်ချောင်းနှင့်မျက်နှာပုံစံ ဂျီဩမေတြီ သဏ္ဌာန်များ၊ အသံကို အလိုအလျောက် စာသားအဖြစ် ပြောင်းလဲခြင်း၊ မျက်စိပုံစံ အထောက်အထားများကို တပါ တည်း မှတ်တမ်းယူကြောင်း ရှေ့နေချုပ် ကင်န်ပက်စ်တန်က ပြောကြားခဲ့သည်။

“ဖေ့စ်ဘွတ်ခ်သည် ၎င်းတို့ အကျိုးစီးပွားအတွက် အမြတ်အစွန်းရလိုသော ရည်ရွယ်ချက်ဖြင့် သုံးစွဲသူများနှင့် ကလေးသူငယ် များကို ရေရှည် အခွင့်ကောင်းယူနိုင်တော့မှာ မဟုတ်ကြောင်း” ပက်စ်တန်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြား ထား သည်။

“ဒါဟာ ကြီးမားတဲ့နည်းပညာ (Big Tech) ရဲ့ စီးပွားဖြစ် လှည့်ကွက်အတွက် နောက်ထပ် ဥပမာဖြစ်ပြီးတော့ ဒီလုပ်ရပ် ရပ်တန့် သွားစေရမယ်။ တက္ကဆက်ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအတွက် ကျ‌နော် ဆက်လက် တိုက်ပွဲ ဝင်သွားမယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၎င်း၏ ဖေ့စ်ဘွတ်ခ်အပေါ် တရားစွဲဆိုသည့်နေ့မှာ တက္ကဆက်ပြည်နယ်ရှိ ပဏာမရွေးကောက်ပွဲအတွက် အစောပိုင်း မဲပေးကြ သည့် ပထမနေ့နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ ရှေ့နေချုပ်သည် အမေရိကန် မှုခင်းစစ်ဆေးရေးအဖွဲ့ (FBI) ထံသို့ အကျင့် ပျက် ခြစားမှု စွပ်စွဲချက်များကို ၎င်း၏ ထိပ်တန်းတာဝန် ဝတ္တရားအရ အစီရင်ခံပြီးနောက် GOP (အမေရိကန် ရီပက်ဘလစ် ကန်ပါတီ)မှ စိန်ခေါ်သူများနှင့် ရင်ဆိုင်ရလေ့ရှိသည်။

GOP အုပ်စုများ၏ ဝေဖန်ချက်များသည် အမြဲတမ်း ရှေ့နောက်မညီလေ့ရှိသော်လည်း ရီပက်ဘလစ်ကန်များနှင့် ဒီမိုကရက်တစ်များအတွက် ဘုံရန်သူဖြစ်သည့် “Big Tech” ကိုတော့ ရှေ့နေချုပ် ပက်စ်တန်က ဆန့်ကျင်လျက်ရှိနေသည်။

၎င်းသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် တွစ်တာ၏ တားမြစ်ချက်များကို အစောပိုင်း၌ စုံစမ်းစစ်ဆေးခဲ့ပြီး ဂူဂဲလ် ကုမ္ပဏီကိုလည်း တရားစွဲဆိုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

တက္ကဆက်ပြည်နယ်ရှိ ဥပဒေများအရ စီးပွားရေးကုမ္ပဏီများသည် သုံးစွဲသူများထံမှ ဇီဝမက်ထရစ် အချက်အလက်များ ယူငင် ရန်အတွက် တစ်ဦးချင်းစီ၏ သဘောတူညီချက်ကို ရယူရမည်ဆိုသော ပြဋ္ဌာန်းချက်ကို ကိုးကားလျက် ပက်စ်တန်က တရားစွဲ ခဲ့ခြင်းဖြစ်သည်။

ယင်းပြဋ္ဌာန်းချက်၏ ဆိုလိုရင်းမှာ ယင်းကဲ့သို့ အချက်အလက်များ နည်းပညာဖြင့် မရယူမီ သုံးစွဲသူများထံ တစ်နည်းနည်းဖြင့် အကြောင်းကြားရမည်ဖြစ်ပြီး သဘောတူညီချက်ရမှသာ ဆက်လက် ရယူနိုင်မည်ဟု ဆိုလိုသည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆင့်ခေါ်စာကဲ့သို့ ခြွင်းချက်အချို့ရှိသော်လည်း သုံးစွဲသူ၏ ကိုယ်ရေး အချက်အလက်များကို မည်သူ့ထံမှ ထုတ်ဖော်ဖြန့်ဝေခွင့် မရှိပေ။

Meta ကုမ္ပဏီက သုံးစွဲသူ၏ မျက်နှာအနေအထား မှတ်တမ်းတင်မှု ပရိုဂရမ်ကို ပိတ်ပေးမည်ဖြစ်ပြီး ၎င်းအချက်အလက်များကို ဖျက်မည်ဟု ယမန်နှစ် နိုဝင်ဘာလတွင် ပြောကြားခဲ့ဖူးသည်။

Source: AP, Aljazeera