- By CNI
- Category: လူမှုဘဝ
- Hits: 4110
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
မလေးရှားတွင် အဖမ်းအဆီးများသည် ယခင်ကထက် ပို၍ များပြားလာပြီး နှစ်ပတ်အတွင်း ဖမ်းဆီးခံရသည့် ရခိုင် လူမျိုး ၅၀ ကျော်ရှိကာ ထိုထဲတွင် အများစုသည် UNHCR တွင် မှတ်ပုံမတင်ထားသဖြင့် ဒုက္ခသည်ကဒ် မရှိသူများ ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်ကဒ် မရှိသည့်အတွက် ၎င်းတို့ လွတ်မြောက်ရေးနှင့်ပတ်သက်၍ ကူညီရာတွင် အခက်အခဲရှိကြောင်း မလေးရှားနိုင်ငံရှိ Arakanese Community Malaysia (ARRC) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်း ဌာနသို့ ပြောသည်။
“များသောအားဖြင့် ကျနော်တို့ကတော့ ကျနော်တို့လူတွေဖမ်းခံထိတဲ့အချိန်မှာ UN ကိုတော့ အမြဲတမ်း အကူအညီ တောင်းပါတယ်။ UN မှာ မှတ်ပုံတင်ထားတဲ့သူတွေကျတော့ UN ကို တိုင်လိုက်တာနဲ့ UN က အမှုကိုင်အရာရှိဆီကို သူတို့က ဆက်သွယ်တယ်။ ဆက်သွယ်ပြီးတော့ တရားခွင်မှာ ပေးလွှတ်ခိုင်းတာပေါ့။ ဒီတိုင်းဘာမှမတင်ရသေးဘူး။ register မရှိသေးတဲ့သူတွေကျတော့ UN ကလိုက်ပေးရင်တောင် သူက တရားရုံးမှာ ၄ လ ကျမယ့်သူက ၁ လ ကျမယ်၊ ၂ လ ကျမယ်၊ ၃ လကျမယ် အဲဒီလိုပဲ ထောင်ရက်ကိုပဲ လျှော့လို့ရတယ်။ ဒါပေမယ့် UN မရှိသေးဘူး၊ လျှောက်ထားတဲ့သူတွေအပိုင်းမှာကျတော့ အမှုတွဲအရာရှိရဲ့ သဘောဆန္ဒအပေါ်မှာ မူတည်တယ်။ တကယ်တမ်း အမှုကိုင်အရာရှိက UN ရဲ့ ချဉ်းကပ်မှုကို သူတို့ဘက်က လက်မခံဘူးဆိုတာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒီလို ဟာတွေမှာ သူတို့ရဲ့ ထောင်ရက်ကိုပဲ လျှော့ပြီးတော့ UN ပိုင်းက ကူညီပေးနိုင်တာပေါ့။ ကျန်တဲ့အပိုင်းတွေက မကူညီနိုင်တော့ဘူး”ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အပြင်ဘက် Dengkil တွင် ဇွန်လ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်က အထောက်အထား မဲ့ ရွှေ့ပြောင်းလုပ်သားများကို ရှောင်တခင်စီးနင်းကာ ထရပ်ကားအတွင်း ဖမ်းဆီးထားစဉ်(ဓါတ်ပုံ-Getty Images)
UNHCR နှင့် မလေးရှားအစိုးရတို့သည် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ တိကျသည့် သဘောတူညီချက်မျိုးမရှိသဖြင့် အဆိုပါ ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများသည် မလေးရှားနိုင်ငံတွင် နေထိုင် ခွင့်သာရပြီး အလုပ်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ရခိုင်လူမျိုး ၄၀၀၀၀(လေးသောင်း)ကျော် ရှိပြီး ထိုထဲတွင် UNHCR တွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူ ဦးရေမှာ ၆၀၀၀ (ခြောက်ထောင်) ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် UNHCR မှ ဒုက္ခသည်ကဒ် မှတ်ပုံတင်ခြင်းကို ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်တွင် အွန်လိုင်းစနစ် ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်က အချို့ ရခိုင်လူမျိုးများသည် ဗဟုသုတအားနည်းသဖြင့် မသိရှိကြကြောင်းနှင့် လက်ရှိတွင် ဒုက္ခသည်ကဒ်လျှောက်ထားသူဦးရေမှာ အင်မတန်များပြားသဖြင့် ယခုကဲ့သို့ ကဒ်မရရှိသေးသည့်သူများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

UNHCR မှထုတ်ပေးသည့် သက်သေခံကတ်ပြား
ARRC မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက “သူကရက်ချိန်းခေါ်တယ် လူတစ်ယောက်ကို ဒုက္ခသည် တစ်ယောက် ဖြစ်စေ၊ လူသစ်မှတ်ပုံတင်တာဖြစ်စေ ရက်ချိန်းခေါ်တယ်။ ရက်ချိန်းခေါ်တဲ့ အချိန်မှာပဲ လာခိုင်းတယ်ဆိုတဲ့ အဓိပ္ပါယ်။ အဲဒီတော့ UN ရုံးကလည်း ဒလဟောကြီးဖွင့်ပြီး အလုပ်မလုပ်နိုင်တဲ့အပိုင်းမှာ လျှောက်ထားတဲ့သူ တွေက ပုံနေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တာပေါ့။ မလေးရှားအစိုးရက ဒုက္ခသည် လက်ခံဖို့အတွက် လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ အခု မလေးရှားမှာ UN ပေးထားတာ လူ တစ်သိန်းရှစ်သောင်း ကနေ တစ်သိန်း ကိုးသောင်းအထိ ရှိတယ်။ အဲဒီတော့ နောက်ထပ် လူသစ်ပေးလိုက်ရင် မလေးရှားအနေနဲ့ ဒီလူတွေ သူ့နိုင်ငံမှာပဲ ပုံနေမယ့်အပိုင်းကို စိုးရိမ်လို့များလားပေါ့ ကျနော်တို့က ထင်မိတာပေါ့။ အဲဒီတော့ လူသစ်က ပေးချင် လည်းပေးမယ် ပြောလို့မရဘူးပေါ့။ ဒါပေမယ့် UN ကတော့ ဒီကနေ တင်လျှောက်ထားကြပါ ဆိုပြီးတော့ပဲ ကျနော် တို့ကို message ပေးထားတာရှိတာပေါ့”ဟု ပြောသည်။
မလေးရှားနယ်စပ်နှင့် မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရသည့် မြန်မာဦးရေမှာ ၂၀၀ ကျော် ခန့်ရှိကြောင်းသိရသည်။
လက်ရှိတွင် မလေးရှားတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အထောက်အထားမဲ့များကို အဖမ်းအဆီးများ နေသော ကာလဖြစ်ပြီး အကျဉ်းထောင်များတွင် နိုင်ငံပေါင်းစုံမှ လူများ ပြည့်ကျပ်နေသည့်အတွက် ဖမ်းဆီးခံ မြန်မာများသည် နေထိုင်ရေးနှင့် စားသောက်ရေးပိုင်းတွင် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1541
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာ ယနေ့ (သြဂုတ် ၁၃ ရက်) နံနက်ပိုင်းက တစ်ဦးလျှင် အောက်တိန်း ၉၂ ကျပ် ၃၀၀၀၀ ဖိုး ဖြည့်တင်းနိုင်ကြောင်း စက်သုံးဆီမှ ပြောသည့်အတွက် စက်သုံးဆီဖြည့်တင်းရန် စောင့် ဆိုင်းနေသော ကားတန်ရှည်ကြီးကို တွေ့ရသည်။

လားရှိုးမြို့က ဆီဆိုင် တစ်ခုမှာ ဆီဖြည့်ရန် စောင့်နေကြစဉ် (Hla Oo Maung Maung)
ယနေ့ (သြဂုတ် ၁၃ ရက်) အောက်တိန်း ၉၂ တစ်လီတာ ၂၄၇၀ ကျပ်ဈေးနှုန်းရှိကြောင်း စက်သုံးဆီ ဖြည့်တင်း ရန် စောင့်ဆိုင်းခဲ့သည့် လားရှိုးမြို့ခံများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ လိုအပ်ချက် မြင့်တက်နေခြင်းနှင့်အတူ စက်သုံးဆီ ဈေးများလည်း ၂၀၀၀ ကျော်လာခဲ့ခြင်း ဖြစ်သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1882
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁
ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုဖြင့် အမှုရင်ဆိုင်နေရသည့် လက်ဗွေတွေ့ရှိသူ ရခိုင်လူငယ်သည် မကြာခင်တွင် လွတ်မြောက်တော့မည်ဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေးကွန်ယက် (MWRN) မှ အလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက CNI သတင်းဌာန သို့ပြောသည်။
ဆုန်ခလာခရိုင် တရားရုံး၌ ဩဂုတ် ၉ ရက်နေ့က ရက်ချိန်းတွင် အဆိုပါရခိုင်လူငယ်အပါအဝင် သက်သေ ၂ ဦး၊ အမှုနှင့်ပတ်သက်သည့် မောင်ဆန်းအေးဆိုသူတို့အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။
MWRN မှ အလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက “မောင်ဆန်းအေးကိုကနေပြီးတော့ လူ အကြို၊ အပို့ ပွဲစားမှုနဲ့ ထောင် ၂ နှစ်နဲ့ ၁ လ ချလိုက်တယ်။ ပွဲစားလို့လည်း ပြောလို့မရဘူး။ ဒါပေမယ့် သူက လူသတ်မှုနဲ့ပတ်သက်ပြီး တော့ ဖမ်းဝရမ်းထုတ်ထားတဲ့ ၅ ယောက်ထဲမှာ သူပါနေတယ်။ ဒါပေမယ့်သူက လူသတ်မှုမှာတော့ မပါဘူး။ တရားရုံးက ပြန်လာတဲ့အခါ ရှေ့နေက အောင်ကိုဝင်းက လွတ်မှာပါတဲ့။ ၁၀၀ ရာခိုင်နှုန်း လွတ်မှာပါတဲ့။ ဒါပေမယ့် ဘယ်နှစ်ကြိမ်လောက် တရားရုံးက ချိန်းဦးမလဲဆိုတာကိုတော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် ၂၅ ရက်နေ့ ပြန်ချိန်းထားတယ်။ အောင်ကိုဝင်းနဲ့ပတ်သက်လို့ကတော့ သက်သေက လုံးဝ အောင်ကိုဝင်းကို အမိန့်ချလို့ရတဲ့ ပြစ်ဒဏ်ချလို့ရတဲ့ သက်သေတွေက လုံးဝမခိုင်လုံဘူးလေ။အောင်ကိုဝင်းကကျတော့ အမှုနဲ့ပတ်သက်ပြီး ကျန်တဲ့ ချစ်ကိုကိုတို့ဘာတို့ အဲဒါတွေကို တရားရုံးကို မတင်ရသေးဘူးဆိုတော့ အဲဒါတွေ တင်ပြီးမှ သူတို့က တရားစီရင် ချက်ချမယ်နဲ့တူတယ်။ တစ်ကြိမ် နှစ်ကြိမ်လောက်တော့ သွားရမယ်နဲ့တူတယ်”ဟု ပြောသည်။
လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားသည့် ၅ ဦးတွင် ၄ ဦးသည် ထွက်ပြေးလွတ်မြောက်နေပြီး ပြစ်ဒဏ် ချမှတ်ခံရသည့် မောင်ဆန်းအေးဆိုသူနှင့်အတူ ဖမ်းမိသည့် ချစ်ကိုကို ဆိုသူအား ဩဂုတ် ၂၅ ရက်တွင် တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

လူ အကြို၊ အပို့ ပွဲစားမှုနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လ ချမှတ်ခံလိုက်ရသည့် မောင်ဆန်းအေးကို
လက်ဗွေတွေ့ရှိထားသည့် ရခိုင်လူငယ်၏ မိသားစုများသည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကြွီတဲရွာတွင် နေထိုင် ကြခြင်းဖြစ်ကာ ဖခင်ဖြစ်သူမှာ လက်သမားအလုပ်လုပ်ကိုင်သူဖြစ်ပြီး သားဖြစ်သူနှစ်ဦးသည် ရွာမှ လူတချို့နှင့် မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နေအိမ်အားပေါင်နှံကာ ပေးလိုက်ခြင်းဖြစ်သည်ဟု သိရ သည်။
သားဖြစ်သူ မကြာမီ လွတ်လာတော့မည်ကို ကြားသိရသဖြင့် ဝမ်းသာပီတိဖြစ်မိကြောင်း အောင်ကိုဝင်း၏ မိခင် ဖြစ်သူ ဒေါ်သန်းကြည်မေက CNI သတင်းဌာနသို့ ပြောသည်။
“အရင်တုန်းကဆို ထမင်းစားလို့လည်းမရဘူး။ အိပ်လို့လည်းမရဘူး။ အခုဆိုရင် ထမင်းစားလို့လည်းပျော်တယ်။ အိပ်လို့လည်းပျော်တယ်။ ဘုရားရှိခိုးလို့လည်း ပျော်တယ်။ အကုန်လုံးပျော်နေတာပဲ အန်တီမှာ တစ်နေ့လုံးကို ပျော်နေတာ။ ထမင်းတွေလည်း ပြန်ချက်နေပြီ။ ကျန်းကျန်းမာမာလည်းရှိနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ သားလေး လွတ်မယ်ဆိုတာနဲ့ အန်တီက နေကောင်းသွားတာ။ ဦးလေးကလည်း မိုးလင်းသွားတယ် မအိပ်တော့ဘူး ပျော်လို့။ အန်တီကလေ ဒီကမ္ဘာမှာ အပျော်ဆုံးနေ့တစ်နေ့လို့။ သားလေးရောက်လာရင် ဒီထက်ပျော်ရဦးမယ်လို့ တွေးထား တာ။ အန်တီတို့က ဆင်းရဲတာကိုး။ ဒါပေမယ့် မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ ဘာအလုပ်ပဲ လုပ်စားရ လုပ်စားရပေါ့ ထမင်း နှစ်ထပ်ကတော့ လုပ်လို့စားမှာပဲ။ မိသားစု စုံစုံအုံ့အုံ့နေရရင် သားလေးရောက်ရင် အန်တီက ကျေနပ်တယ်” ဟု ၎င်းက ပြောသည်။
လက်ဗွေတွေ့ရှိသူ ရခိုင်လူငယ်သည် အမှုကျူးလွန်ကြောင်း သက်သေမခိုင်လုံသဖြင့် အဆိုပါ သက်သေပြ ၂ ဦးအား တရားရုံးမှ ဩဂုတ်လ ၉ ရက်နေ့တွင် လွှတ်ပေးလိုက်ကာ ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် နေရပ်သို့ ပြန်ပို့ရန် အတွက် နယ်စပ်အချုပ်သို့ ပို့လိုက်ပြီဖြစ်သည်။

လက်ဗွေတွေ့ရှိသူ ရခိုင်လူငယ် အောင်ကိုးဝင်း၏ မိခင်ဖြစ်သူ
ထို့အပြင် လက်ဗွေတွေ့ရှိသူ ရခိုင်လူငယ်အား တရားရုံးရက်ချိန်းများပြီးသွားပါက အမိန့်ချမှတ်ပြီး နေရပ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက ပြောသည်။
“ဒါပေမယ့်် သူ့အနေနဲ့ကတော့ တရားမဝင်မှုနဲ့ ပြစ်ဒဏ်ကို ထပ်ပြီးတော့ တရားရုံးက ထပ်ချမလား၊ မချမလား ဒါကတော့ တရားသူကြီးအပေါ်မှာပဲ မူတည်တာပေါ့လေ။ ဒါပေမယ့် ချတော့ မချလောက်တော့ဘူး ထင်တယ်။ ဘာလို့လဲဆိုရင် သူက ချုပ်ရက်တွေက များသွားပြီလေ။ နောက်ပြီးတော့ သူတို့ တစ်ဖွဲ့လုံးကို လူသတ်မှုဖြစ် ကတည်းကနေပြီးတော့ ဖမ်းဆီးထားတဲ့ လူပေါင်း ၄၀၀ ကျော်လုံးကို အကုန်လုံးက လွှတ်လိုက်ပြီ။ ဒီနေ့က ကျန်တဲ့သူတွေပေါ့လေ အကုန်လုံးမရှိတော့ဘူး။ နှင်းဝတ်ရည်နဲ့ ထွန်းမင်းစိုး သက်သေ ၂ ယောက်အပါအဝင် နယ်စပ် လဝက အချုပ်ကို အကုန်ပို့လိုက်ပြီ။ ၁၀၀ ရာခိုင်နှုန်းလွတ်မှာပါ။ ဒါပေမယ့် မပြီးဆုံးသေးတဲ့အတွက် သူကတော့ တရားရုံးတက်နေရဦးမှာပေါ့လေ”ဟု ၎င်းက ပြောသည်။
လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ်သည် ဇွန်လကတည်းက အမှုရင်ဆိုင်နေရပြီး ၎င်း၏အမှုအား ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေးကွန်ယက် (MWRN)မှ အဓိက လိုက်ပါကူညီပေးနေခြင်းဖြစ်သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 2016
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လဝက အချုပ်ခန်းတွင် အချုပ်ကျနေသည့် မြန်မာများအားတစ်ဦးလျှင် ဘတ် ၁၈၀၀၀ (မြန်မာငွေကိုးသိန်းကျော်)ဖြင့် ရွေးပေးမည်ဟုဆိုကာ ဘတ်ရှစ်သောင်းကျော်(မြန်မာငွေသိန်းလေးဆယ်ကျော်) လိမ်လည်သွားကြောင်း MWRN မှ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။
“ဒီအချုပ်ကျနေတဲ့ ဆွေမျိုးတွေ၊ အသိတွေက တချို့ထိုင်းနိုင်ငံမှာ သူတို့ကဆောက်လုပ်ရေး လုပ်လေ့ရှိတယ်။ ထိုင်းပွဲစားမတစ်ယောက်ကနေပြီး တစ်ယောက်ကို ဘတ် ၁၈၀၀၀(တစ်သောင်းရှစ်ထောင်)နဲ့ ရွေးပေးမယ် ဆိုပြီးတော့ အကုန်လုံး သူ့ဆီကို မိဘတွေက မြန်မာပြည်က ပိုက်ဆံလွှဲတာ အကုန်လုံး စုစုပေါင်းဆိုရင် ဘတ် ရှစ်သောင်းနဲ့တစ်ထောင်။ ဒီပိုက်ဆံက အခုထက်ထိ မရသေးဘူး။ အချုပ်ထဲကလူတွေက ကျနော့်ဆီ ဖုန်းဆက်ပြီး တော့ အကူအညီတောင်းတာပေါ့။ ကျနော်က ဒီပွဲစားမကို သိတာကြာပြီ။ သူက အရင်ကတည်းကလည်း အဲဒီလို လိမ်ဖူးတဲ့လူတွေ တော်တော်များတယ်”ဟု ၎င်းက ပြောသည်။
ထိုပွဲစားဖြစ်သူအား ငွေများပြန်ပေးရန် ဖုန်းဆက်တောင်းဆိုသည့်အခါတွင် ၉ ရက်နေ့အထိ အချိန်ပေးရန် ပြောဆို ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးထိန်းသိမ်းထားသည့် ထောင်တွင်းတစ်နေရာ
အဆိုပါအချုပ်ခန်းတွင် အချုပ်ကျနေသူများသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ကာ ၎င်းတို့ အား ထောင်ဒဏ်ကျခံပြီးမှသာ နေရပ်ပြန်ပို့သည့်စခန်းသို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် နေရပ်သို့ပြန်ပို့ရန်အတွက် ထိုင်းအာဏာပိုင်များထံသို့ ငွေကြေးပေးသူများကိုသာ နေရပ်ပြန်ပို့မည့် စာရင်းထဲသို့ ထည့်ပေးကြောင်းလည်း သိရသည်။
“အခုဆိုရင် တချို့က ဘတ် ၆၀၀၀၊ ၇၀၀၀ အထိတောင်းတယ်။ ဘတ် ၆၀၀၀၊ ၇၀၀၀ မပေးရင် ဒင်နော့ လဝက အချုပ်မှာ ၆ လ၊ ၇ လ၊ ၈ လအထိ ထားမယ်ဘာညာဆိုပြီးတော့ သူတို့က ခြိမ်းခြောက်တယ်။ ပြီးရင် ဗမာပြည်က မိဘတွေရဲ့ ဖုန်းနံပါတ်ကိုတောင်းတယ်။ ဖုန်းဆက်တယ်။ ဒီနေ့ပို့မယ်ဆိုရင် ၆၀၀၀ နဲ့ရမယ်။ မနက်ဖန်မှဆိုရင် ၇၀၀၀ ကျမယ်။ အဲဒီလိုမျိုးတွေပေါ့။ မိဘတွေကလည်း သားသမီးတွေကို ပူပင်တဲ့စိတ်နဲ့ မရှိရှိတာ ချေးငှားပြီးတော့ ပို့ပေးလိုက်တာတွေရှိတယ်။ တကယ့်တကယ် တရားဝင်ဆိုရင် အကျဉ်းကျတဲ့သူတွေဆီကနေ ခရီးစရိတ်က ပေးစရာမလိုဘူး။ ထိုင်းနိုင်ငံရဲ့အစိုးရဥပဒေအတိုင်းဆိုရင် အစိုးရဘတ်ဂျက်နဲ့နေပြီးတော့ နယ်စပ်ကို ပြန်ပို့လို့ ရတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အကျဉ်းကျနေသူများထံမှ ငွေကြေးတောင်းခံပြီး ထိုင်းအာဏာပိုင်နှင့်စကားပြန်တို့ပေါင်း၍ ခွဲဝေယူကြ ခြင်းများရှိကြောင်း၊ ခရီးစရိတ်သည် တစ်ဦးလျှင် ဘတ် ၁၀၀၀ တောင် မကုန်ကျကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1766
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းကျတ်ဂူတွင် ၃ နှစ်၊ ၃ လ ဂူအောင်း တရားကျင့်ကြံ အားထုတ်နေသည့် မိုင်းဖုန်းဆရာတော်သည် အဓိဋ္ဌာန် ပြည့်ပြီးဖြစ်၍ ယနေ့ (သြဂုတ် ၁ ရက်)တွင် ဂူထွက်လာခဲ့ပါသည်။

ဓာတ်ပုံ - Sai Win Tip

ဓာတ်ပုံ - Sai Win Tip
- By CNI
- Category: လူမှုဘဝ
- Hits: 1652
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅
ထိုင်းနိုင်ငံသားသေဆုံးမှုတွင် လက်ဗွေတွေ့ရှိသဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်လူငယ်၏အမှုသည် ငွေကြေး မတတ်နိုင်သဖြင့် အာခံမယူဘဲ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် MWRN မှ မြန်မာ အလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ သေဆုံးမှုသည် မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာအလုပ်သမား ၄၀၀ ကျော်ထဲကမှ ရခိုင် လူငယ် တစ်ဦး၏ လက်ဗွေရာအား အလောင်း၏ လည်ပင်းမှပုဆိုးကို စစ်ဆေးကြည့်ရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ်အား ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်ဆေးခဲ့ပြီး ၁၉ ရက်နေ့တွင် ၎င်းအပါအဝင် သက်သေနှစ်ဦးနှင့် အမှုကိုင်ရဲတို့အား စစ်ဆေးခဲ့ရာမှာ အလားအလာကောင်းကြောင်း MWRN မှ မြန်မာ အလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက ပြောသည်။
“အောင်ကိုဝင်းက လက်ဗွေတွေ့ထားတာတော့ မှန်တယ်။ ဒါပေမယ့် လက်ဗွေတွေ့တိုင်း လူသတ်မှု မြောက်တယ် ဆိုပြီး ချမှတ်လို့မရတဲ့အကြောင်းကို ရဲကထွက်ဆိုထားတာရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အားသာချက်တွေ အများကြီး ရှိတယ်။ အာမခံဆိုရင် ကျနော်တို့ ရတာကြာပြီ။ ငွေကြေး တတ်နိုင်မယ်ဆိုရင်ပေါ့လေ။ လုပ်လို့ရတာ ကြာပြီ။ အာမခံနဲ့ဆိုတာက ငွေကြေး အမြောက်အများ ကုန်မယ်။ အာမခံမလုပ်ဘဲနဲ့ ဒီလိုမျိုး အထဲကနေပြီးတော့ ကျနော်တို့ ရင်ဆိုင်သွားဖို့ ဆုံးဖြတ်ထားတာ။ အာမခံယူမယ်ဆိုရင် ယူလို့ရတယ်။ ဒါပေမယ့် ကျနော်တို့က ငွေကြေး ပိုင်းဆိုင်ရာ မတတ်နိုင်ဘူးလေ။ မတတ်နိုင်ဘူးဆိုတော့ အထဲကပဲ ကျနော်တို့ အဲဒီလိုမျိုး ရင်ဆိုင်သွားဖို့ဆိုပြီးတော့ ရှေ့နေတွေနဲ့ တိုင်ပင်ထားတာရှိတယ်။ အလားအလာကောင်းတယ်။ ရာခိုင်နှုန်းများတယ်လို့ပြောရမယ်။ ဒါပေမယ့် အပြတ်နိုင်တယ်ဆိုတာကတော့ တရားရုံးက မဆုံးဖြတ်ရသေးတဲ့အတွက်ကြောင့် ပြောလို့မရဘူး။ အခြေအနေ တော့ ကောင်းပါတယ်” ဟု ၎င်း ပြောသည်။
လက်ဗွေတွေ့ရှိထားသည့် ရခိုင်လူငယ်၏ မိခင်ဖြစ်သူ ဒေါ်သန်းကြည်မေက ယခုကဲ့သို့ အမှုအခြေအနေ ကောင်းသည်ဟု ကြားသိရသည့်အတွက် အတိုင်းမသိဝမ်းသားကြောင်းနှင့် သားဖြစ်သူအား အမြန်ဆုံးလွတ်မြောက် စေချင်ကြောင်း ပြောသည်။
“အောင်ကိုဝင်းကို အမှုထဲမှာ လူသတ်သမားလို့ စွပ်စွဲလို့မရဘူး။ အောင်ကိုဝင်းသတ်တာမဟုတ်ဘူး။ အဲဒါကိုတော့ သိရတယ်။ အန်တီမှာ လွတ်မြောက်ဖို့တစ်ခုပဲ အရေးကြီးတယ်။ အန်တီသားက တကယ့်တကယ်မလုပ်ထားတာ ဆိုတာကို အန်တီကိုယ်တိုင်လည်း ယုံတယ်။ အများအပြားကလည်း သူမပါခဲ့ဘူးဆိုတာသိတယ်။ သူ့နှုတ်ဖျားက ထွက်တာကလည်း ငါမလုပ်ဘူးလို့ သူပြောတာကို သိရတော့ အန်တီက စိတ်သက်သာခွင့်ရတာပေါ့။ ဒါပေမယ့် ကိုယ့်သားလေးက ရင်ခွင်ထဲမှာ မရောက်သေးဘူးဆိုတော့ အန်တီက စိတ်မကျသလို ဖြစ်နေတယ်။ ရင်ထဲကို ရောက်လာဖို့အချိန်ကို အန်တီက မျှော်နေတာ” ဟု ၎င်းက CNI သို့ ပြောသည်။
ယခုအမှုနှင့်ပတ်သက်၍ အခကြေးငွေသက်သာစွာဖြင့် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေရှိပြီး ဥပဒေ အကြံပေးသူများ၊ အာဏာပိုင်အဖွဲ့အစည်းတွေမှလည်း ကူညီပံ့ပိုးပေးမှုများရှိနေကြောင်းနှင့် အမှုအား ပြီးဆုံး သည်အထိ လိုက်မည်ဖြစ်ပြီး နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ကိုသိန်းထွန်းက ပြောသည်။
သို့သော် အမှုတစ်ခုအား ဖြေရှင်းရာတွင် ငွေကြေးလိုအပ်ချက်များသည့်အတွက် လက်ရှိတွင် ငွေကြေးလိုအပ်ချက် အချို့ ရှိနေကြောင်း သိရသည်။
ကိုသိန်းထွန်းက “ကျနော်တို့ အခုကောင်းတဲ့ဘက်ကို သွားနေပါတယ်။ အရမ်းကို အဆင်ပြေဖို့ အတိုင်းအတာ တစ်ခုကို ကျနော်တို့ မျှောင်လင့်ထားတာရှိတယ်။ ဒီအတွက်လည်း ကျနော်တို့ကြိုးစားနေတယ်။ မိသားစုတွေက မတတ်နိုင်ပေမယ့် ဒီဘက်မှာ ကျနော်တို့ တတ်နိုင်တဲ့နည်းလမ်းနဲ့ ကျနော်တို့အသိုင်းအဝိုင်းနဲ့။ ရှိတာပေါ့ ဒီမှာ ရွှေ့ပြောင်း မြန်မာတွေလည်း အများကြီးရှိတယ်ဆိုတော့ သူတို့တွေလည်း တတ်နိုင်သလောက် ကူညီပေးကြတာ မျိုးတွေ ရှိတယ်။ ၁၈ ရက်နေ့က ကျနော် အောင်ကိုဝင်းနဲ့ တွေ့တယ်။ ၁၉ ရက်နေ့တရားရုံးမှာ ထပ်တွေ့တယ်။ သူကတော်တော်လေးကို စိတ်အားထက်သန်သွားတာပေါ့။ နောက်ပြီးတော့ သူကိုယ်တိုင်လည်း ဒီအမှုမှာ မပတ် သက်ဘူးဆိုတဲ့ဟာကိုပဲ ထွက်ဆိုထားတယ်ဆိုတော့ သူကလွတ်ချင်တယ်ဆိုတဲ့ အကြောင်းတော့ ပြောသွားတယ်” ဟု ပြောသည်။
သေဆုံးသူအလောင်းအား မေလ ၃၁ ရက်က တွေ့ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်များက ဇွန်လ ၂ ရက်နေ့မှ စတင်၍ တရားခံ ရှာဖွေခဲ့သည့်အတွက် မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ၄၀၀ ကျော်အားတွေ့ရှိကာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် လက်ဗွေတွေ့ရှိသူနှင့် မျက်မြင်သက်သေတို့မှ လွ၍ ဖမ်းဆီးခံထားရသည့် မြန်မာအချို့အား နေရပ်သို့ ပြန်ပို့ပေးနေကြောင်းနှင့် ထိုထဲတွင် ချင်းလူမျိုးတစ်ဦးသည်လည်း ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံ၌ ဆုံးပါး သွားကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 2223
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈
မနက်ဖြန် (ဇူလိုင် ၁၉ ရက်) ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား၏ အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ် တို့ကို ပိတ်ထားမည်ဖြစ်ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။
အာဇာနည်နေ့သို့ လာရောက် ဂါဝရပြုကြမည့် ပြည်သူလူထုများ ယာဉ်လမ်းကြောင်း ရှင်းလင်းစေရန်အတွက် အထက်ပါ မုခ် နှစ်ခုကို ယနေ့ (ဇူလိုင် ၁၈ ရက်) နေ့လယ်မှ မနက်ဖြန် (ဇူလိုင် ၁၉ ရက်) အာဇာနည်နေ့ တစ်နေ့လုံးအထိ ပိတ်ထားမည်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့မှ ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။

အရှေ့ဘက်မုခ် ရွှေတိဂုံဘုရားကို မြင်တွေ့ရစဉ်
ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ဦးဋ္ဌေးလှိုင်က “အရှေ့ဘက်မုခ်နဲ့ မြောက်ဘက်မုခ်ကို ပိတ်တာ။ အာဇာနည်လမ်း ပိတ်တယ် ဆိုတော့ အရှေ့ဘက်က ပိတ်လိုက်တာ။ အနောက်နဲ့ တောင်နဲ့က လာလို့ရတယ်။ ဒီနေ့ နေ့ခင်းကတည်းက ပိတ်ထားတာ။ ပိတ်လိုက်ပြီ။ အရှေ့ဘက်နဲ့ မြောက်ဘက် တစ်နေ့လုံး အဝင်အထွက်တွေ ရှိတာကိုး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဘုရာဖူး ပြည်သူများ အနေဖြင့် အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်မှ တဆင့် သွားရောက် ဖူးမျှော်နိုင်သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 2291
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် MOU ဖြင့် ရောက်ရှိနေသည့် အလုပ်သမားများထဲတွင် စာချုပ်ပါ အလုပ်အတိုင်း မရရှိမှုနှင့် ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။
ထိုအလုပ်သမားများသည် ထိုင်းကို MOU ဖြင့် မသွားရောက်ခင် အေဂျင်စီများတွင် အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်ဆိုရာ၌ စက်ရုံ၊ အလုပ်ရုံတို့တွင် အလုပ်လုပ်ရမည်ဟူ၍ စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း ထိုင်းသို့ ရောက်ရှိသည့်အခါတွင် ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေရကြောင်း သိရသည်။
ကိုသားကြီးက “ခေါ်တုန်းကတော့ စက်ရုံ၊အလုပ်ရုံ တစ်ခုခုပေါ့။ အခု အလုပ်လုပ်နေရတာတော့ ဆောက်လုပ်ရေး ထဲမှာပေါ့။ နောက် တချို့တွေဆိုရင်လည်း ဒီဆောက်လုပ်ရေးအလုပ်ထဲမှာ ဆိုက်ထဲသာ ပို့သွားတယ်။ ဆောက်လုပ် ရေး အလုပ်တောင်မှ မဆင်းရသေးဘူး။ ပြဿနာကဘာလဲဆိုတော့ စာချုပ်ပါအတိုင်း အလုပ်မရဘူးဆိုရင် MOU စကားနဲ့ပြောမယ်ဆိုရင် A to B ပို့လိုက်တာပေါ့ အေဂျင်စီက။ လူရောင်းစားတာပေါ့။ ဒါ မြန်မာပြည်ထဲက ထွက်ဖို့ အတွက်ကိုတော့ တရားဝင်ပုံပြတာပေါ့။ ဒီစက်ရုံ ဒီ demand ဆိုပြီးတော့ ဒီကုမ္ပဏီကိုပို့မယ်။ စက်ရုံတစ်ရုံမှာ လုပ်ရမယ့်ကုန်ကျစရိတ်နဲ့ ဆောက်လုပ်ရေးတစ်ခုကိုသွားမယ့် ကုန်ကျစရိတ်တွေက မတူဘူး။ အဲဒီတော့ အေဂျင်စီ တွေက စက်ရုံ demand နဲ့ ခေါ်ပြီးတော့မှ ဘာကြောင့် ဒီ စက်ရုံ demand ကို မပေးနိုင်တာလဲ။ စာချုပ်ပါအတိုင်း အလုပ်မရတာလဲပေါ့။ လောလောဆယ်တော့ ကျနော့်ကို တိုင်လာတဲ့ လောလောလတ်လတ်ကတော့ ကျနော်တို့ စာချုပ်ချုပ်တာတစ်နေရာ၊ ရောက်နေတာတစ်နေရာပေါ့” ဟု ပြောသည်။
ယခုကိစ္စသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတို့တွင် တာဝန်ရှိကြောင်း၊ တိုင်ကြားလာသည့် အလုပ် သမားများမှာ အေဂျင်စီအမည်အား မသိကြဘဲ ပို့ဆောင်ပေးလိုက်သည့် သူ၏ အမည်ကိုသာ သိကြကြောင်းနှင့် ၎င်းတို့ပေးသည့် ဖုန်းနံပါတ်အား ဆက်သွယ်ကြည့်ရာတွင်လည်း မကိုင်တော့ကြောင်း သိရသည်။
လက်ရှိတွင် ထိုအလုပ်သမားများသည် နေစရာအဆောင် ကောင်းကောင်းမွန်မွန်မရှိသည့်အပြင် စားဝတ်နေရေး တို့အတွက် အခက်အခဲဖြစ်နေကြပြီး ပြန်ချင်နေကြကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီး ဌာနတွင် တာဝန်ရှိကြောင်း ကိုသားကြီးက ပြောသည်။

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
“အဆောင်ပေးမယ်လို့ပြောတဲ့ ဥပမာ နယ်မှာဆို နယ်ပွဲစားတွေက ဒီအလုပ်သမားတွေကို ရဖို့အတွက် သူတို့ အမျိုးမျိုး ကြော်ငြာတယ်။ အခန်းပုံတွေပြတယ် မင်းတို့ ဘယ်လိုနေရမယ်ပေါ့။ မင်းတို့ ရေခ၊ မီးခတွေ မပေးရဘူး။ တချို့သောနေရာတွေမှာဆိုလည်း မင်းတို့ ရေခ၊ မီးခပဲပေးရမယ်။ အခန်းကတော့ ဒီလိုမျိုးပေါ့။ ထမင်းကတော့ တစ်နေ့ဘယ်လောက်ကျွေးမယ် ဘယ်စက်ရုံပေါ့။ အဲဒီလိုတွေပြောခဲ့တာ။ လက်ရှိသူတို့က ဒီနေရာမှာ လုံးဝ မနေ ချင်ဘူး။ မရရင် သူတို့ပြန်မယ်။ ကျနော်တို့ကလည်း သူတို့ကို လတ်တလောမှာတော့ အကြံပြုနိုင်တာက စာချုပ်ပါ အတိုင်း အလုပ်မလုပ်ရဘူးဆိုရင် ပြန်တာက အကောင်းဆုံးပဲ။ ပြန်ပြီးတော့မှ မိမိတို့ ဘယ်အေးဂျင့်နဲ့စာချုပ်ချုပ် တယ်၊ ဒီအေးဂျင့်ကို လူကုန်တားကနေခေါ်ပြီးတော့မှ ဒီအလုပ်သမားတွေ ကုန်တဲ့ကုန်ကျစရိတ်တွေကို တစ်ကျပ် မကျန် ပြန်ပေးဖို့ ဒါကိုပဲ ပြောရမှာ” ဟု ၎င်းက ပြောသည်။
ထိုသို့သော အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား သက်ဆိုင်ရာသံရုံးနှင့် သံအရာရှိတို့အနေဖြင့် စနစ်တကျ ကိုင်တွယ်အပြစ်ပေးအရေးယူမှု ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။
“အလုပ်သမားသံအရာရှိ အများစုကလည်း ဒီဘက်ကို ရောက်လို့ရှိရင် အစောကပြောတဲ့ အေဂျင်စီတွေပေါ်မှာပဲ သူတို့က မှီခိုနေရတာဖြစ်တယ်။ အေဂျင်စီတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ပဲ နေရသလိုကျတော့ အေဂျင်စီတွေအချို့ လုပ်ဟန် လွဲတယ်ဆိုရင်တောင်မှပဲ ထိထိရောက်ရောက် အရေးယူအပြစ်ပေးဆောင်ရွက်မှုတွေ မလုပ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီအလုပ်သမားသံအရာရှိတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု ညံ့ဖျင်းမှုကလည်း ဒါ အစိုးရတွေကို ဘာပဲပြောပြော အနည်းနဲ့အများထိခိုက်တယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်သမားသံအရာရှိတွေက သက်ဆိုင်ရာ နိုင်ငံတွေမှာဖြစ်တဲ့ ပြဿနာတွေကို စနစ်တကျနားလည်ပြီးတော့ စနစ်တကျ မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက် ပေးဖို့လိုတယ်။ ဒါဆိုလို့ရှိရင်တော့ တစ်စုံတစ်ရာ အလုပ်သမားကာကွယ်ရေးကိစ္စတွေကို ဆောင်ရွက်ထားပြီးသား ဖြစ်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ထင်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သန်းနှင့်ချီရှိပြီး ကိုဗစ်ကြောင့်ရပ်နားထားသည့် MOU ဖြင့် အလုပ်သမား စေလွှတ်ခြင်းအား ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစတင်ကာ ပြန်လည်စေလွှတ်ခဲ့ပြီး လက်ရှိတွင် အလုပ်သမား တစ်သောင်းကျော်ခန့် စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
