CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁
ယူကရိန်းအရေး ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မူအားဖြင့် သဘောတူလက်ခံခဲ့ကြကြောင်း၊ အမေရိကန်နှင့်ပြင်သစ်ခေါင်းဆောင်များက ဆယ်စုနှစ်များစွာအတွင်း အန္တရာယ်အများဆုံးဖြစ်လာသည့် ဥရောပအကျပ်အတည်းမှ ရုန်းထွက်နိုင်မည့်နည်းလမ်းကို ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် နစ်ကိုင်းအေးရှားဝက်ဘ်ဆိုက်က ဖော်ပြသည်။
ဥရောပတွင် လုံခြုံရေးနှင့်ဗျူဟာမြောက်တည်ငြိမ်ရေးဆိုင်ရာထိပ်သီးဆွေးနွေးပွဲအတွက် ယူကရိန်းနှင့်ရုရှားတို့မှ ခေါင်းဆောင်နှစ်ဦးတို့ကို တိုက်တွန်းထားကြောင်း ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်၏ရုံးက ဖေဖော်ဝါရီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထိပ်သီးဆွေးနွေးပွဲကို ကျူးကျော်မှုမဖြစ်ပွားပါက “မူအားဖြင့် ဘိုင်ဒန်က လက်ခံကြောင်း” အိမ်ဖြူတော် ကလည်း သတင်းထုတ်ပြန်ခဲ့သည်။
“သံတမန်ဆက်ဆံရေးအတွက် ကျမတို့ အမြဲတမ်းအဆင်သင့်ရှိပါတယ်” ဟု အိမ်ဖြူတော်သတင်းပြန်ကြားရေး တာဝန်ခံ ဂျန်ဆာကီက ပြောကြားခဲ့သည်။ “ရုရှားက စစ်ကိုရွေးချယ်ရင်လည်း မြန်မြန်ဆန်ဆန်နဲ့ ထိရောက်တဲ့ နောက်ဆက်တွဲအကျိုးတွေ ကျမတို့ ချမှတ်ဖို့လည်း အဆင်သင့်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကရင်မလင်နန်းတော်နှင့် ယူကရိန်းသမ္မတရုံးတို့ထံသို့ ရိုက်တာက သဘောထားမှတ်ချက်တောင်းခံသည့် မက်ဆေ့ချ် များ ပေးပို့ခဲ့သော်လည်း ချက်ချင်းအကြောင်းမပြန်သေးပေ။
မက်ခရွန်၊ ဘိုင်ဒန်၊ ပူတင်၊ ဇာလန်းစကီးနှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့အကြား အပြန်အလှန် တယ်လီ ဖုန်းခေါ်ဆိုမှုများအပြီးတွင် ယခုအဆိုပြုလာသည့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ အသေးစိတ် အချက် အ လက်များကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယူကရိန်း-ရုရှားထိပ်သီးဆွေးနွေးကြမည့် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စီစဉ်ထားပြီး လိုအပ်သည့် အစိတ်အပိုင်းများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလက်ဗရော့ဗ်တို့က ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးနှင့်အိမ်ဖြူတော်တို့က ပြောကြား ခဲ့သည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် ယူကရိန်းက မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း မရေရာ မသေချာသေးပေ။
အချိန်နှင့်ဆွေးနွေးကြမည့်အနေအထားကို မဆုံးဖြတ်ရသေးသော်လည်း လာမည့်ထိပ်သီးအစည်းအဝေးမှာ လုံးဝ မှတ်သားစရာကောင်းလိမ့်မည်ဟု ဘိုင်ဒန်အစိုးရအရာရှိတစ်ဦးက အီးမေးလ်တစ်စောင်တွင် ပြောကြားခဲ့သည်။
သို့သော် ထိပ်သီးဆွေးနွေးမှု ဖြစ်မြောက်လာရေးကို သံသယရှိနေကြောင်း ရုရှားဆိုင်ရာ အမေရိကန် သံအမတ် ဟောင်း မိုက်ကယ်မက်ဖောက မှတ်ချက်ချခဲ့သည်။
“ဒါပေမယ့် ဘိုင်ဒန်နဲ့ပူတင်တို့ တွေ့ဆုံမယ်ဆိုရင်တောင် ဇာလန်းစကီးကို ပူးပေါင်းပါဝင် ဖိတ်သင့်တာပေါ့ဗျာ” ဟု ၎င်းက တွစ်တာလူမှုကွန်ရက်တွင် သဘောထားမှတ်ချက် ရေးသားခဲ့သည်။
Source: Reuters, Nikkei Asia