CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၂

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေး ကြိုးပမ်းနေသည့် နယ်မြေများထဲသို့ ရုရှားတပ်များ ဝင်ရောက်ကြရန် ဖေဖော်ဝါရီ ၂၁ ရက်တွင် အမိန့်ပေးလိုက်သဖြင့် စစ်ရေးတင်းမာမှုနှင့် စိုးရိမ်မှုများ ပိုမိုတိုးပွားလာနေကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ပူတင်၏အမိန့်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးပမ်းမှု ဖော်ပြခဲ့သော်လည်း ဥရောပတွင် ကြီးကြီးမားမား သေကြေပျက် စီးမှု၊ စွမ်းအင် ပြတ်တောက်မှုနှင့် ကမ္ဘာတစ်ဝန်း စီးပွားရေး ဂယက်ရိုက်စေရန် ပဋိပက္ခများ ရှောင်လွှဲနိုင်မည့် မျှော်လင့်ချက် များကို ချိုးဖျက်လိုက်ပုံရကြောင်း အေပီက ဆက်လက် ဖော်ပြသည်။

ဥရောပသမိုင်းကို တုန်လှုပ်သွားစေသည့် ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးဒေသများအား ပူတင်က အသိအမှတ် ပြုလိုက်ပြီး နောက် နာရီပိုင်းအတွင်း ရုရှားတပ်များ ဝင်ရောက်ကြရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

ယူကရိန်း၊ အမေရိကန်နှင့် အခြားနိုင်ငံများ၏ တောင်းဆိုချက်အရ ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အရေးပေါ် အစည်းအဝေးကို ရှားရှားပါးပါး ပြုလုပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ထောက်ဖြစ်သူ ရို့စ်မာရီဒီကာလို (Rosemary Dicarlo)က “အမှန်တကယ် ပဋိပက္ခဖြစ်နိုင်ခြေရှိနေပြီး အားလုံးဆုံးရှုံး နစ်နာမည့်အရေးကို တားဆီးရန် လိုအပ်ကြောင်း” သတိပေးချက်ဖြင့် ယင်းအစည်းအဝေးကို ဖွင့်လှစ်ခဲ့သည်။

ရုရှားတပ်တွေ၀င်ဖို့ ပူတင်ညွန်ကြားအပြီး ခွဲထွက်ရေးဒေသမှာ မီးပန်းများပစ်ဖောက်နေ(AP)

 

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက “တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ ဘယ်သူ့ ကိုမှ မကြောက်ပါဘူး။ ဘယ်သူ့ဆီမှာမှ ကျနော်တို့ သစ္စာမခံဘူး။ ပြီးတော့ ဘယ်သူ့လက်ကိုမှ ကျနော်တို့တိုင်းပြည်ကို မပေး နိုင်ဘူး”ဟု အတိအလင်း ပြောကြားခဲ့သည်။

ယူကရိန်းခွဲထွက်ရေး ဒေသများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို တားမြစ်ရန် အိမ်ဖြူတော်က အရေးယူ သည့် အမိန့် ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ဆို့ဒဏ်ခတ်မှုများကိုလည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆက်လက် ထုတ်ပြန် မည်ဟု သိရသည်။

အဆိုပါ ပိတ်ဆို့ဒဏ်ခတ်မှုများကို ရုရှားကျူးကျော်မှုအတွက် ဝါရှင်တန်က ကြိုတင်ပြင်ဆင်ထားကြောင်း အမည်မဖော်လိုသူ အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။


ကုလလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးကျင်းပနေစဉ်(AP)


တစ်ချိန်တည်းမှာပင် ယူကရိန်းအနောက်ဘက်ရှိ အယ်လ်ဗစ်မြို့ရှိ အမေရိကန် ဝန်ထမ်းများသည် ပိုလန်ဘက်သို့ တစ်ညတာ ပြောင်းရွှေ့ နေထိုင်ကြပြီး သံတမန်ရေးရာနှင့် ကောင်စစ်ဝန်ဆိုင်ရာများ ဆက်လက်လုပ်ဆောင်ရန် ယူကရိန်းဘက်ခြမ်းသို့ ပြန် သွားကြမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းပြည်တွင်း ကျန်ရှိနေသေးသည့် အမေရိကန်နိုင်ငံသားများကိုချက်ချင်းထွက်ခွာကြရန် အဆိုပါ ဝန်ကြီးဌာနက ထပ်မံတိုက်တွန်းခဲ့သည်။


“ဒွန်နာဆက် ပြည်သူ့သမ္မတနိုင်ငံနဲ့ လုဟန်ဆက် ပြည်သူ့သမ္မတနိုင်ငံတို့ရဲ့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကို ချက်ချင်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်” ဟု ပူတင်ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းခွဲထွက်နယ်မြေများကို ရည်ညွှန်းလျက် ပူတင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Source: AP