CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၂

ရုရှားသည် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စွပ်စွဲလိုက်သလို ဖေဖော်ဝါရီ ၂၂ ရက်အစောပိုင်း တိုင်းပြည်အခြေအနေနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြား၌ မိမိတို့ နယ်မြေ ပိုင်ဆိုင်မှုများကို လိုက်လျောနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မော်စကို ကျောထောက်နောက်ခံပြု ယူကရိန်းအရှေ့ပိုင်း ဒေသနှစ်ခုကို သီးခြားလွတ်လပ်သည့် နယ်မြေများအဖြစ် ပူတင်က အသိအမှတ်ပြုခဲ့ပြီး ယင်းဒေသများကို ရုရှားတပ်များ စေလွှတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အနောက်နိုင်ငံများ စိုးရိမ်နေသည့် အကျပ်အတည်းကို ဇာလန်စကီးက အရှိန်မြှင့်တင်လျက် တုံ့ပြန်ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင် ယူကရိန်းထဲကို တပ်ဖွဲ့များ၀င်ဖို့ အမိန့်ပေးနေစဉ်(AP)

ကုသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ဇာလန်းစကီးက ယူကရိန်း၏ အချုပ်အခြာ အာဏာအောက်ရှိ နယ်မြေများကို ရုရှား ထိပါးလာကြောင်း၊ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေး ပဋိပက္ခ အဆုံး သတ်စေရေးအတွက် မင့်ခ်မြို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မော်စကို ကျောခိုင်းသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု အကျပ်အတည်းကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းလိုသော်လည်း မိမိနိုင်ငံအနေဖြင့် ကာလရှည်ကြာ ရင်ဆိုင်ရန် အဆင်သင့်ပင်ဖြစ်ကြောင်း ဇာလန်းစကီးက ဆက်လက် ပြောကြားခဲ့သည်။

ဇာလန်းစကီးက “ငြိမ်းချမ်းတဲ့ သံတမန်ရေးလမ်းကြောင်းကို ကျနော်တို့ ကတိပြုထားပြီး အဲဒီအတိုင်း လိုက်နာမှာပါ။ ဒါပေမယ့် ကျနော်တို့က ကိုယ့်မြေကိုယ်ရေမှာ ရပ်တည်နေတာပါ။ ဘယ်သူ့ကိုမှ မကြောက်ဘူး။ ဘယ်သူ့ကိုမှ သစ္စာမခံဘူး။ ဘယ်သူ့လက်ကိုမှ ထိုး မအပ်ဘူး”ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ရုရှားတပ်များ ၀င်လာခြင်းကြောင့် နိုင်ငံခြားသားများ ပိုလန်ဘက်တိမ်းရှောင်ရန်ထွက်ခွာစဉ်(AP)

 

ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ် ခေါင်းဆောင်များကို အရေးပေါ် ထိပ်သီး အစည်းအဝေးတစ်ခု ခေါ်ယူဖို့ ၎င်းက တိုက်တွန်းခဲ့ပြီး ယူကရိန်း၏ မဟာမိတ်နိုင်ငံများအနေဖြင့် ရုရှားကို အရေးယူကြဖို့ တောင်းဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ရည်ရွယ်ချက်ဖြင့် ယူကရိန်း အရှေ့ပိုင်း ဒေသနှစ်ခုသို့ တပ်ဖွဲ့များ စေလွှတ်ရန် အမိန့်ပေးပြီးနောက် ခွဲထွက်ဒေသဖြစ်သည့် ဒွန်နာဆက်မြို့တွင် သမရိုးကျ မဟုတ်သည့် ထုထည်ကြီးမားသော စစ်လက်နက်များ၊ စစ်ကြောင်းများ စတင်ရွေ့လျားနေသည်ကို ရိုက်တာက မျက်မြင်တွေ့ ရှိခဲ့သည်။

ရုရှား၏လုပ်ရပ်သည် အမေရိကန်နှင့်ဥရောပတို့ထံမှ ပြစ်တင်ရှုတ်ချခြင်းနှင့် ပိတ်ဆို့အရေးယူမှု အသစ်များ ဖြစ်ပေါ်စေခဲ့သော် လည်း ထိုဒေသနှစ်ခုစလုံးကို ယူကရိန်းခွဲထွက်ရေး သမားများနှင့် မော်စကိုတို့က လက်တွေ့မြေပြင်၌ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

Source: Reuters