CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
အခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ မေလ ၂၈ ရက်ကျရင် ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားသမ္မတပူတင်က ခြိမ်းခြောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နေရာ ပြောင်းပြီး ကျင်းပရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေက ကွင်းပြောင်းပြီး ကျင်းပဖို့ အစီအစဉ် မရှိသေးဘူးလို့ အခုလ အစောပိုင်းက ပြောခဲ့တာကို ဂျာမန်သတင်း အေဂျင်စီ DPA က ပြောထားတာပါ။ ဒါပေမယ့် လက်ရှိ ဖြစ်ပေါ်လာနေတဲ့ ရုရှားနဲ့ယူကရိန်း အခြေအနေတွေကြောင့် အစီ အစဉ်တွေကို ပြောင်းလဲဖို့ တွန်းအားပေးနိုင်တာလည်း ဖြစ်ပါတယ်။
ရုရှား တာဝန်ရှိသူတွေကတော့ သူတို့ဟာ ကျူးကျော်ဖို့ စီစဉ်နေတယ်ဆိုပြီး အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းဆန်ထားတာပါ။
ယူအီးအက်ဖ်အေ ကတော့ ဒီအခြေအနေတွေကို ဆက်လက် စောင့်ကြည့် အကဲဖြတ်နေပြီး ကွင်းပြောင်းလဲပြီး ကျင်းပဖို့ အခြားနေရာတွေကို ထည့်သွင်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒေးလီးစတားကတော့ ဝင်ဘာလေကွင်းဟာ ဖြစ်နိုင်ချေ ရှိတဲ့ ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်ခံရနိုင်တယ်လို့ ဖော်ပြထားတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲ(Daily Express)
အင်္ဂလန်(၂) သင်းသာ ဗိုလ်လုပွဲတက်ရင် ဝင်ဘာလေဟာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး ရှိမယ်လို့ ယူဆရတာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတာဟာ ပေါင်သန်း(၆၀) တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။
ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ နှစ်ကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အစ္စတန်ဘူလ်ကနေ ပေါ်တိုကို ပြောင်းလဲကျင်းပခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တာပါ။ အဲ့ဒီတုန်းက တူရကီနိုင်ငံဟာ ကိုဗစ်ကူးစက်မှု အများအပြား ဖြစ်နေပြီး အနီရောင်စာရင်းမှာ ထည့် သွင်း ခံထားရတာကြောင့် ဗိုလ်လုပွဲ မတိုင်ခင်(၃)ပတ်အလိုမှာ ဒီအပြောင်းအလဲကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အခုအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ပွဲစဉ်တွေ စတင်ကစားနေပြီလည်း ဖြစ်ပါတယ်။