CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တစ်ရပ်ကို ကြေညာခဲ့ပြီး ယူကရိန်းနိုင်ငံအရှေ့ခြမ်းရှိ ခွဲထွက်ဒေသနှစ်ခုကို မော်စကို(ရုရှား) အသိအမှတ်ပြုလိုက်ခြင်းသည် ရုရှား၏ ကျူးကျော်မှုအစဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။
လုဟန်ဆက်နှင့် ဒိုနာဆက် အမည်ရှိ ခွဲထွက်ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ရုရှားတပ်များ ဖြန့်ကြက်ချထားခြင်းကို ခွင့်ပြုကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဆုံးဖြတ် ချက်အား ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားသည့် မိန့်ခွန်းထဲတွင် ရှုတ်ချခဲ့သည်။
“အရှင်သခင်တစ်ယောက်နဲ့ သူ့အိမ်နီးချင်း ပိုင်နက်နယ်မြေထဲမှာ နိုင်ငံသစ်တွေ ဘာတွေ ကင်ပွန်းတပ်ဖို့၊ ကြေညာဖို့ လုပ်ကိုင် ခွင့် ရှိတယ်လို့များ ပူတင်ထင်နေတာလား။ ဒါက နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲဗျ။ ဒီကိစ္စ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ တောင်းဆိုပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင် ခွဲထွက်ဒေသနှစ်ခု အသိအမှတ်ပြုကြောင်း လက်မှတ်ထိုးနေစဉ်(AP)
ယခု ပိတ်ဆို့ အရေးယူမှုများသည် ရုရှားနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နက်အတွင်းမှ ကြွေးမြီများအပြင် နိုင်ငံရေး၏ စစ်ဘက်ဆိုင်ရာ ဘဏ်လုပ်ငန်း အပါအဝင် ရုရှား၏ ကြီးမားသော ဘဏ္ဍာရေး အဖွဲ့အစည်းများကို ပစ်မှတ်ထား အရေးယူ ကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။
၎င်းက “ဆိုလိုတာကတော့ ရုရှားအစိုးရကို အနောက်အုပ်စုနိုင်ငံတွေရဲ့ ငွေကြေးထောက်ပံ့မှုကနေ ဖြတ်တောက်ပစ်တာပါ။ ဒီတော့ အနောက်အုပ်စုနဲ့ ငွေကြေး ဆက်စပ်စုဆောင်းတာ ရှိတော့မှာ မဟုတ်ဘဲ ကျနော်တို့ဈေးကွက်တွေ (ဒါမှမဟုတ်) ဥရောပဈေးကွက်တွေမှာ ကြွေးမြီသစ်တွေနဲ့ ရောင်းဝယ်ဖောက်ကားတာ လုပ်လို့မရတော့ပါဘူး” ဟု ထပ်လောင်း ပြောကြား ခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ပူတင်သည် ဒိုနာဆက်ပြည်သူ့သမ္မတနိုင်ငံ (DPR) နှင့် လုဟန်ဆက်ပြည်သူ့သမ္မတနိုင်ငံ (LPR) တို့ကို မော်စကို(ရုရှား) ကျောထောက်နောက်ခံ ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရတို့ ပဋိပက္ခဖြစ်ပွားခဲ့သည့် ၂၀၁၄ ခုနှစ် ကတည်းက ၎င်းကြွေးကြော် အသိအမှတ်ပြုထားသည့်အတိုင်း ထပ်မံအတည်ပြုခဲ့သည်။
ထို့နောက် မော်စကိုသည် ယူကရိန်းအရှေ့ခြမ်းတွင် စစ်ဒေသများ ထူထောင်နိုင်စေမည့် နယ်မြေများနှင့်ပတ်သက်၍ သဘော တူညီချက်များကို လက်မှတ်ရေးထိုးလျက် အားပေးအားမြှောက်ပြုခဲ့သည်။
ပူတင်ကို ကန့်ကွက်နေတဲ့ ယူကရိန်းပြည်သူ(AP)
ဘိုင်ဒန်အစိုးရသည် အဆိုပါဒေသနှစ်ခုရှိ ကုန်သွယ်ရေးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းဖြင့် အစောပိုင်းက တုံ့ပြန်ခဲ့သော် လည်း ဖေဖော်ဝါရီ ၂၂ ရက် အရောက်တွင်မူ ရုရှားတနိုင်ငံလုံးကို လွှမ်းခြုံ၍ ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ရုရှားရဲ့ အထက်တန်းလွှာ(ရေပေါ်ဆီလူတန်းစား)တွေနဲ့ သူတို့မိသားစုဝင်တွေကို ပိတ်ဆို့ အရေးယူသွားမှာ ဖြစ်ပါတယ်။ သူတို့က ကရင်မလင် မူဝါဒတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကို မျှဝေခံစားကြတာမို့ အခုနာကျင်မှုတွေကိုလည်း မျှဝေခံစား သင့် ပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
၎င်းက “ဒါဟာ သူ (ပူတင်) လမ်းညွှန်ချက်နဲ့ သူ့ရဲဒူးမား(လွှတ်တော်)ကနေ လုပ်ဆောင်ဖို့ ခွင့်ပြုချက်တောင်းခံခဲ့သလို ယူကရိန်းကို ရုရှားကျူးကျော်မှုရဲ့အစပဲ ဖြစ်ပါတယ်” ဟု ဆက်လက် ထောက်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းပိုင်နက်ထဲသို့ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ရန် စီစဉ်နေကြောင်း ယုံကြည်သည်ဟု မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်နှင့်ဥရောပ အစိုးရတာဝန်ရှိသူများက သတိပေးခဲ့ပြီးဖြစ်သည်။