CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄
ယူကရိန်းအစိုးရသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် နိုင်ငံတစ်ဝန်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ရုရှားနိုင်ငံရောက် ယူကရိန်းနိုင်ငံသားများ ဘေးလွတ်ရာ တိမ်းရှောင်ကြရန် တိုက်တွန်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားစစ်တပ်၏ ထိုးစစ်ကို ကြောက်ရွံ့နေသော ယူကရိန်းနိုင်ငံသားများအတွက် နောက်ဆုံး အရိပ်လက္ခာ အနေဖြင့် မော်စကိုက ကိယက်ဗ်မြို့ရှိ ၎င်း၏သံရုံးကို ရွှေ့ပြောင်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မော်စကို ကျောထောက်နောက်ခံပြု ခွဲထွက်ဒေသနှစ်ခု၏ လွတ်လပ်ရေးကို ယခုသီတင်း ပတ်အတွင်း အသိအမှတ်ပြုခဲ့ပြီး ရုရှားတပ်များကို ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းဟု ပြောကြား၍ ထပ်မံဖြန့်ကြက်လာခဲ့ရာ ယူကရိန်းအရှေ့ပိုင်းသို့ ချိတ်ဆက်ထားသော လမ်းကြောင်းများတွင် ကျည်ဆန်များ ပိုမိုပြင်းထန်စွာ လွင့်ပျံလာခဲ့သည်။
ယူကရိန်းနိုင်ငံရှိ ရုရှားသံရုံးကိုတွေ့ရစဉ်(AP)
အိမ်နီးချင်း ယူကရိန်းနယ်စပ်အနီး စုစည်းထားသော သောင်းနှင့်ချီသည့် ရုရှားတပ်ဖွဲ့ဝင်များ ယူကရိန်းထဲသို့ အင်အား အလုံးအရင်း ထိုးစစ်ဆင်မည့် အစီအစဉ် စတင်ခြင်း ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရိုက်တာသတင်းက ဆက်လက် ဖော်ပြသည်။
ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များက ရုရှားအကျိုးစီးပွားအပေါ် ယခုနှစ်အတွင်း ပထမဆုံး ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှု အများစုကြောင့် ငွေကြေးဈေးကွက်များ ဂယက်ရိုက်ခတ်ခဲ့သည်။ ရေနံဈေးနှုန်းများသည် ဖေဖော်ဝါရီ ၂၃ ရက် အစောပိုင်းတွင် အရှုံးပေါ်ခဲ့သည်။
သို့သော်လည်း အနောက်နိုင်ငံ ခေါင်းဆောင်များနှင့် ယူကရိန်းတို့သည် ပူတင်၏ နောက်ထပ် လှုပ်ရှားမှုကို စောင့်မျှော်နေသော ကြောင့် ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ယာဈေးနှုန်းများ ၄ ရက်ကြာ လျော့ကျခဲ့ပြီး ဘေးကင်းလုံခြုံသော ပိုင်ဆိုင်မှုများအတွက် ဝယ်လိုအားများလည်း နည်းပါးသွားခဲ့သည်။
Source: Reuters