CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄

ရုရှားသမ္မတ ဗလာဒီမာပူတင်က အရှေ့ပိုင်း အထူးစစ်ဆင်ရေးဟုခေါ်သည့် စစ်ဆင်ရေးကို ခွင့်ပြုလိုက်ပြီးနောက် ရုရှားတပ်ဖွဲ့ များသည် ယူကရိန်းနိုင်ငံအတွင်းရှိ မြို့ကြီးများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ နိုင်ငံ၏တောင်ဘက် ကမ်းရိုးတန်း၌ ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်နေရာယူခဲ့ကြကြောင်း ရိုက်တာသတင်းအရ သိရသည်။

ရုရှားရုပ်သံလိုင်းမှ ပူတင်မိန့်ခွန်း ထုတ်လွှင့်ပြီးနောက် မကြာမီမှာပင် ယူကရိန်းမြို့တော် ကိယက်ဗ်၌ အရုဏ်မတက်မီ ပေါက်ကွဲသံများ စတင်ထွက်ပေါ်လာခဲ့သည်။

ကိယက်ဗ်မြို့တော်၏ အဓိကလေဆိပ်အနီးတွင် သေနတ်သံများကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြောင်း၊ မြို့တော်အတွင်း ဥဩဆွဲသံများ ကြားနေရကြောင်း အင်တာဖက်စ် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

“ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဖို့ ပူတင် စတင်လိုက်ကြောင်း၊ ငြိမ်းချမ်းသည့် ယူကရိန်းမြို့ကြီးများသည် ယခုအခါ တိုက်ခိုက်မှု ခံနေရပြီဖြစ်ကြောင်း” ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက တွစ်တာလူမှုကွန်ရက်တွင် ပြောကြား ခဲ့သည်။

“ဒါက ရန်လိုတဲ့စစ်ပွဲပါ။ ယူကရိန်းအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံပြီး အောင်နိုင်မှာပါ။ ကမ္ဘာကြီးက ပူတင်ကို ရပ်တန့်နိုင်ရမယ်။ ဒါကို အရေးယူဖို့ အခုအချိန်တန်ပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

သီတင်းပတ် အတန်ကြာကပင် ကျူးကျော်မည်ဟု ကြိုတင်ဟောကိန်းခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယခုရုရှား စစ်တပ်၏ မဆင်မခြင် တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူတွေအပေါ် ဆုတောင်းစကား ပြောကြားခဲ့သည်ဟု ရိုက်တာက သတင်းရေးသားထားသည်။

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး)၏ အရှေ့ဘက်သို့ ချဲ့ထွင်မှု အဆုံးသတ်ရန် ရုရှားက တောင်းဆိုခဲ့ပြီး အမေရိကန် ဦးဆောင်သော နေတိုးမဟာမိတ်ထဲသို့ ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးကို မိမိလက်မခံနိုင်ကြောင်း ပူတင်က ထပ်လောင်း ပြော ကြားခဲ့သည်။

ရုရှားသည် ရွေးချယ်စရာ လမ်းမရှိတော့ဘဲ လူပေါင်း ၄၄ သန်းနေထိုင်သည့် ခေတ်သစ် ယူကရိန်းနိုင်ငံမှ ထွက်ပေါ်လာသော ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် စစ်ရေးအရ ခွင့်ပြုလိုက်ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

“ရုရှားဟာ ခေတ်မီ ယူကရိန်းပိုင်နက်ထဲက ထွက်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကြောင့် လုံခြုံစိတ်ချရတယ်လို့ မခံစားရပါဘူး။ သွေးထွက် သံယိုမှုတွေအားလုံးအတွက် ယူကရိန်းအာဏာရအစိုးရရဲ့ ကြံစည်အားထုတ်မှုတွေအရ တာဝန်ရှိပါတယ်” ဟု ၎င်း က စွပ်စွဲခဲ့သည်။

စစ်ကားများကိုတွေ့ရစဉ်(AP)

ရုရှားစစ်တပ်၏ စစ်ဆင်းရေး နယ်ပယ်အခြေအနေကို လတ်တလော အတိအကျ မသိရသေးသော်လည်း ပူတင်က “ကျနော်တို့ အစီအစဉ်တွေထဲမှာ ယူကရိန်းနယ်မြေ သိမ်းပိုက်ဖို့ မပါဝင်ပါဘူး။ အင်အားသုံးပြီး ဘယ်အရာကို ပြဋ္ဌာန်းမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

နယူးယောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပစဉ် ပူတင်က “ယူကရိန်းပြည်သူတွေကို ကာကွယ်ဖို့ ရုရှားတပ်တွေကို အမိန့်ပေးထားပြီး ယူကရိန်းစစ်တပ် လက်နက်ချဖို့ တောင်းဆိုပါတယ်” ဟု ကြေညာခဲ့သည်။

ရုရှားသည် ယူကရိန်း အခြေခံ အဆောက်အအုံနှင့် နယ်ခြားစောင့် တပ်စခန်းများကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မြို့ကြီး များတွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။

Source: Reuters