CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၄

မကြာခင်မှာ ရုရှားသည် ယူကရိန်းကို တိုက်ခိုက်လာနိုင်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် နေတိုးက သတိပေးနေ စဉ်မှာပဲ ယူကရိန်းကို ရုရှားတပ်က ဝင်ရောက်တိုက်ခိုက် လာခဲ့ပြီဟု အေပီသတင်းအရ သိရသည်။

နိုင်ငံတကာရှုတ်ချမှုနှင့် ပိတ်ဆို့အရေးယူမှုများကို ဘေးဖယ်ထားသူ သမ္မတဗလာဒီမာပူတင်က “ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုတိုင်းသည် မမြင်ရသော အကျိုးဆက်များဆီသို့ ဦးတည်ကြောင်း” အခြားနိုင်ငံများအပေါ် သတိပေးပြောကြားခဲ့ဖူး သည့်အတိုင်း ရုရှားတပ်များက ယူကရိန်းသို့ ဖေဖော်ဝါရီ ၂၄ ရက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေပြီဟု အေပီသတင်း က ရေးသားဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ပြုတ်ကျစေမည့် ရုရှားကျူးကျော်မှု စတင်ခြင်းအား ကမ္ဘာ့ခေါင်းဆောင်အသီးသီးက ရှုတ်ချခဲ့ကြသော်လည်း ကိယက်ဗ်မြို့တော်၊ ခါကစ်ဗ်နှင့် အိုဒီဆာမြို့တို့တွင် ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်အရုဏ်မတက်မီ ပေါက်ကွဲသံများ ကြားနေရသည်။

ရုရှားသည် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာ၍ နိုင်ငံတစ်ဝန်း ပေါက်ကွဲသံများ ကြားနေရသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့ပြီး စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ခဲ့သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

၎င်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး ယူကရိန်းအတွက် နိုင်ငံတကာထောက်ခံမှုကို အမေရိကန်အနေဖြင့် လှုံ့ဆော်ပေးနေကြောင်း ဇာလန်းစကီးက ဆက်လက်ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသားများ နေအိမ်များတွင်သာ နေထိုင်ကြပြီး ထိတ်လန့်စိုးရွံ့ မနေကြရန်လည်း ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်သတ္တပတ် အတန်ကြာအောင် မျှော်လင့်ထားခဲ့သလို သံတမန်နည်းလမ်းဖြင့် မတားဆီးနိုင် ခဲ့သော ရန်လိုသည့် လုပ်ရပ်အတွက် ရုရှားကို အပြစ်ပေးရန် ပိတ်ဆို့အရေးယူမှု အသစ်များအား ဘိုင်ဒန်က ကတိပြုပြီးဖြစ် သည်။

ယူကရိန်းအရှေ့ပိုင်းရှိ အရပ်သားများကို ကာကွယ်ရန်အတွက် တိုက်ခိုက်ရန် လိုအပ်ကြောင်း၊ ယင်းသို့တိုက်ခိုက်ခြင်းမှာ တရားမျှတကြောင်း ၎င်းရုပ်သံမိန့်ခွန်းထဲတွင် ပူတင်ကို အခိုင်အမာ ပြောကြားခဲ့သည်။

ရုရှားစစ်တပ်က ယူကရိန်းလေတပ် စခန်းများနှင့် အခြားစစ်ဘက် နေရာများကို တိုက်ခိုက်ခဲ့ပြီး လူနေထူထပ်သည့် နေရာများ အား ပစ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း လေတပ်စခန်းများ၊ လေကြောင်းရန် ကာကွယ်ရေး ကိရိယာများနှင့် အခြားစစ်ဘက် အခြေခံ အဆောက်အအုံများ ကို ပစ်မှတ်ထားရန် မိမိတို့စစ်တပ်က ချိန်ရွယ်မှု တိကျသော လက်နက်များအား အသုံးပြုနေသည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းပြည်သူများကိုတွေ့ရစဉ်(AP)

“အရပ်သားလူထုကို ခြိမ်းခြောက်မှု မရှိဘူး” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး၏ အကြံပေး အန်တွန်ဂီရာရှချန်ကို (Anton Gerashchenko)က “ရုရှားစစ်တပ်သည် ကိယက်ဗ် မြို့တော်၊ ခါကိဗ်မြို့ နှင့် ဒီနီပရိုမြို့များရှိ ယူကရိန်းစစ်ဌာနချုပ်များ၊ လေတပ်စခန်းများနှင့် စစ်ဘက်ဆိုင်ရာဌာနများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း” Facebook လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့တော်တွင် ကနဦး ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လမ်းများပေါ်တွင် လူများက အော်ဟစ်သံများ ကြားနေရ ကြောင်း၊ သို့သော် မော်တော်ယာဉ်များ ပုံမှန်မောင်းနှင်နေကြပြီး နံနက်မိုးလင်း အလုပ်သွားချိန်၌ လမ်းမများပေါ်တွင် ယခင် နေ့များအတိုင်း သွားလာနေသူများကို တွေ့နေရကြောင်း အေပီသတင်းအရ သိရသည်။

Source: AP