CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၉
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကိယက်ဗ်မြို့တော် ချေမှုန်းရေး အပါအဝင် ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ပြီဟု မိမိယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းဌာန က ရေးသားဖော်ပြသည်။
ယူကရိန်းနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း လူသားချင်းစာနာမှု အကူအညီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး ရုရှားလိုလားသော ယူကရိန်းသူပုန်များက အရပ်သားများကို ပဋိပက္ခဇုန်ထဲမှ ကယ်ထုတ်ခဲ့သည်။ အလားတူ ဒိုနက်စတက်ဒေသ အရှေ့ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
ကျူးကျော်ဖို့အရေး ပူတင်သည် နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့သလားဆိုသည်မှာ တိကျသေချာခြင်း မရှိကြောင်း ယခင် သီတင်းပတ်များက ပြောကြားခဲ့သော်လည်း ယခုအခါ ဘိုင်ဒန်သည် အမေရိကန် ထောက်လှမ်းရေးသတင်းများကို ကိုးကားပြီး ၎င်း၏အကဲဖြတ်ချက် ပြောင်းလဲသွားကြောင်း အေပီက သတင်းဆက်လက် ဖော်ပြသည်။
“ဒီအခိုက်အတန့်မှာ သူ ဆုံးဖြတ်ချက်ချပြီးပြီလို့ ကျနော် ယုံကြည်ပါတယ်။ ကျနော် အဲဒီလို ယုံကြည်တယ်ဆိုတာ အကြောင်း ပြချက်ရှိတယ်ဗျ။ လာမယ့်နေ့မှာ တိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ်”ဟု ဘိုင်ဒန်က ပြောသည်။
ယူကရိန်းစစ်ရေးပြင်ဆင်နေမှုကိုတွေ့ရစဉ်(AP)
တစ်ချိန်တည်းမှာပင် စစ်ရေးအားဖြည့်ရန် နျူကလီးယား လက်နက်လေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်နေကြောင်း ကရင်မလင်က ထုတ်ပြန်ကြေညာခဲ့ပြီး ရုရှား၏ အမျိုးသားအကျိုးစီးပွားကို အနောက်အုပ်စု ခြိမ်းခြောက်နေခြင်းမှ ကာကွယ် သွားမည်ဟု ပူတင်က ထပ်လောင်း ကတိပြုခဲ့သည်။
အကယ်၍ ယူကရိန်းမြေပေါ် ရုရှားကျူးကျော်ခဲ့လျှင် စီးပွားရေးနှင့် သံတမန်ရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဖြစ် ကြောင်း၊ ပြန်လည် ပေးဆပ်ရမှု တန်ဖိုးကြီးမားမည့် အရေးကို ပြသနိုင်ရန် အမေရိကန်နှင့် အနောက်အုပ်စု မဟာမိတ်နိုင်ငံ များက ယခင်ကထက် ပိုမိုစည်းလုံးနေခဲ့ကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။
ယူကရိန်းနယ်စပ်တဝိုက် ရုရှားတပ်အင်အား (၁) သိန်းခွဲခန့် ချထားပြီး ယူကရိန်းအရှေ့ပိုင်း၌ နှစ်ရှည်လများ လိပ်ခဲတည်း လည်း ဖြစ်နေခဲ့သည့် ခွဲထွက်ရေးပဋိပက္ခသည် ပိုမိုကျယ်ပြန့်သည့် တိုက်ခိုက်မှုများ ဖြစ်လာအောင် မီးပွားတစ်စ ဖြစ်နိုင် ကြောင်း အမေရိကန်နှင့်ဥရောပ အစိုးရများက သတိပေးထားသည်။
ရုရှားတို့သည် ကျူးကျော်ဝင်ရောက်ရန် အလားအလာကို ပြင်ဆင်နေကြောင်း ထပ်လောင်း ပြသသည့်နည်းတူ ယူကရိန်း နယ်စပ်အနီး တပ်စွဲထားသော မြေပြင်တပ်ဖွဲ့များ၏ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ နယ်စပ်ရှိ တိုက်ခိုက်ရေး စခန်း များသို့ အရွှေ့အပြောင်း လုပ်နေကြောင်း အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: AP