CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၇

ယူကရိန်းအလံများ ဝှေ့ယမ်းကြပြီး စည်းလုံးညီညွတ်မှု ပြသခဲ့ခြင်းဖြင့် မော်စကို၏ဖိအားများကို ဖီဆန်ခဲ့ကြသော ဖေဖော်ဝါရီ ၁၆ ရက်၌ ရုရှားတပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ ခန့်ကို ယူကရိန်းနယ်စပ်အနီး ထပ်တိုးချလာခဲ့ကြောင်း အမေရိကန်က သတိပေး ခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယူကရိန်းနိုင်ငံထဲသို့ ကြောက်မက်ဖွယ် ရုရှားကျူးကျော်မှု မပေါ်ပေါက်ခဲ့သော်လည်း အမေရိကန်နှင့်၎င်း၏ မဟာမိတ်များက ဥရောပလုံခြုံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့အပေါ် ခြိမ်းခြောက်နေခြင်းမှာ အားကောင်းနေဆဲဖြစ်ကြောင်း ဆက်လက် မှတ် ယူထား ကြသည်။ ရုရှားသည် ယူကရိန်းနိုင်ငံ၏ အရှေ့၊ မြောက်နှင့်တောင်ဘက်တို့တွင် တပ်ဖွဲ့ဝင် (၁)သိန်းခွဲခန့် ချထား ကြောင်း အနောက်အုပ်စုက ခန့်မှန်းထားသည်။

ယူကရိန်းပြည်သူများ အမျိုးသားရေးလက္ခာများပြသနေစဉ်(AP)

အဆိုပါ အကျပ်အတည်းမှ ငြိမ်းချမ်းသည့်လမ်းကိုသာ လျှောက်ချင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြသခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “အမေရိကန်အနေဖြင့် သံတမန်ရေးအရ အခွင့်အရေးရှိသမျှ ဆက်ပေးသွားမည်” ဟု ကတိ ပြုခဲ့သော်လည်း မော်စကို၏ ရည်ရွယ်ချက်အပေါ် သံသယလေသံဖြင့် ရှုတ်ချခဲ့သည်။

ဝါရှင်တန်နှင့် မဟာမိတ်များသည် ယူကရိန်း အချုပ်အခြာကို လေးစားလိုက်နာသည့် အခြေခံမူများအား အထိပါးခံမည် မဟုတ် ကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းဗီဒီယိုဖိုင်ထဲတွင် ခရိုင်းမီးယားဒေသရှိ တံတားတစ်စင်းပေါ် သံချပ် ကာယာဉ်များ ဖြတ်သန်း သွားလာနေပုံကို ပြသသွားခဲ့သည်။ ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်၌ ယူကရိန်းထံမှ ရုရှားသိမ်းပိုက်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများအပြီး ၎င်းတို့၏ အမြဲတမ်း အခြေစိုက်စခန်းများသို့ ပြန်သွားကြမည့် မီးရထားတွဲများပေါ်တွင် တင့်ကား များ၊ သံချပ်ကာယာဉ်များ ထပ်မံ တင်ဆောင်ထားကြောင်းလည်း ရုရှားကာကွယ်ရေးက ထုတ်ပြန်ခဲ့သည်။

စစ်ရေးပြင်ဆင်နေသည့် တပ်ကိုတွေ့ရစဉ်(AP)

သို့သော် တစ်ချိန်တည်းမှာပင် ရုရှားသည် ယူကရိန်းနယ်စပ်အနီးနှင့် ၎င်း၏ပိုင်နက်အတွင်း တပ်များ အရွှေ့အပြောင်း လုပ် ခြင်းဖြင့် စစ်ရေးလှုပ်ရှားမှုများ ရှိနေခဲ့သည်။

အကယ်၍ ကျူးကျော်ခဲ့လျှင် ရုရှားအပေါ် ပြင်းထန်စွာ ပိတ်ဆို့အရေးယူမည်ဟူသော ခြိမ်းခြောက်မှုကို အမေရိကန်နှင့် ဥရောပ နိုင်ငံအချို့ကတော့ ဆက်လက် ပြောကြားနေဆဲဖြစ်သည်။ သို့ဖြစ်၍ အရှေ့နှင့်အနောက်တို့အကြား ယုံကြည်မှုမှာ ခဲယဉ်းနေ သေးကြောင်း အေပီသတင်းဌာနက ရေးသားထားသည်။

Source: AP