CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇
ယူကရိန်းနယ်စပ်မှ ၎င်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာနေပြီဟု ရုရှား၏ပြောကြားချက် မှားယွင်းနေကြောင်း၊ မကြာသေးမီ ရက်ပိုင်းအတွင်း တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ထပ်မံချထားခဲ့ကြောင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းကို မည်သည့်အချိန်တွင်မဆို ကျူးကျော်ရန် အတုအယောင်အကြောင်းပြချက်ဖြင့်လည်း လုပ်ဆောင်နိုင်ကြောင်းလည်း ၎င်းအရာရှိက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် စစ်ရေးလေ့ကျင့်မှုအဆုံးသတ်ပြီးနောက် ယူကရိန်းနယ်စပ်မှ ၎င်းတပ်ဖွဲ့ဝင်များကို ခဏဆိုင်းငံ့ထားလိုက် ပြီဟု မော်စကိုကတော့ ပြောကြားနေခဲ့သည်။
သို့သော် ထိုကဲ့သို့ မော်စကိုပြောကြားချက်ကို လက်ခံဖို့ ခိုင်လုံသည့်အထောက်အထားမတွေ့ရသေးကြောင်း အနောက်အုပ်စုအစိုးရအရာရှိများက တုံ့ပြန်ခဲ့သည်။
“ရုရှားအနေဖြင့် တင်းမာမှုလျော့ပါးရေးအတွက် အမှန်တကယ် ခြေလှမ်းများ လှမ်းပြရမည်ဖြစ်ကြောင်း” အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဂျာမန်ဝန်ကြီးချုပ် အိုလာရှော့ဇ်တို့ ဖေဖော်ဝါရီ ၁၆ ရက် တယ်လီဖုန်းခေါ်ဆိုမှု၌ ဂျာမန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံနယ်ခြားတွင် ရုရှားတပ်ဖွဲ့ဝင် ၁ သိန်းကျော် ချထားသော်လည်း ယူကရိန်းကျူးကျော်မည့်အစီအစဉ်ကို ရုရှားက အကြိမ်ကြိမ်ငြင်းဆိုနေခဲ့ပြီး ယင်းသို့ကျူးကျော်လာမည့်အရေးကိုလည်း အနောက်အုပ်စုက စိုးရိမ် ပူပန်နေခဲ့သည်။
စစ်ရေးလေ့ကျင့်မှုအပြီး ၎င်းတို့ မူလအခြေစိုက်စခန်းများသို့ ပြန်ရောက်လာကြသည့် ရုရှားတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိရိယာများ ပြသထားသည့်ဓါတ်ပုံများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြခဲ့သည်။
သို့သော် နောက်ထပ် ရုရှားတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ မကြာသေးမီရက်ပိုင်းအတွင်း အဆိုပါနယ်ခြားဒေသသို့ ထပ်မံ ရောက်ရှိလာခဲ့ကြောင်း အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယူကရိန်းနယ်စပ်မှ တပ်ဖွဲ့ ဝင်များ ရုပ်သိမ်းပြီဟု ရုရှားသတင်းထုတ်ပြန်ချက်ကို အမေရိကန်တို့က သံသယဝင်နေဆဲဖြစ်သည်။
“ကျနော်တို့နိုင်ငံမှာရော တကမ္ဘာလုံးကပါ အဲဒီပြောကြားချက်ကို အများအပြားအာရုံစိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပြောကြားချက် လွဲနေတယ်ဆိုတာတော့ ကျနော်တို့ သိပါတယ်” ဟု ၎င်းအရာရှိက ပြောကြားခဲ့သည်။
“တပ်တွေ ပြန်ရုပ်သိမ်းတာ မတွေ့ရသေးပါဘူး။ အခုမှ ကြားသိရပါတယ်” ဟု မော်စကို၏ပြောကြားချက် ထွက်ပေါ်အပြီး နာရီပိုင်းအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ဘီဘီစီသို့ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံတဝန်းတွင် အပြာရောင်နှင့်အဝါရောင်ပါသည့် နိုင်ငံတော်အလံများကို လွှင့်ထူထားပြီး ဖေဖော်ဝါရီ ၁၆ ရက်ကို စည်းလုံးညီညွတ်သည့်ယူကရိန်းနေ့အဖြစ် ဂုဏ်ပြုဖော်ထုတ်နေကြကြောင်း ဇာလန်းစကီးက ဆက် လက် ပြောကြားခဲ့သည်။
ယူကရိန်းကို ရုရှားဝင်တိုက်နိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးသတင်းများကို တုံ့ပြန်သည့်သဘောမျိုး မျိုးချစ်စိတ်ဓာတ်ဖော်ထုတ်ပြသသည့်အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက်ကို အားလပ်ရက်ဟူ၍ သမ္မတ ဇာလန်း စကီးက ကြေညာခဲ့သည်။
Source: BBC