- By CNI
- Category: နိုင်ငံရေး
- Hits: 1894
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၅ ရက်)တွင် ကျရောက်သည့် NCA စာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုခြင်း (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ၊ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ရာမှာ ရပ်တည်သွားရမယ့် အခြေခံအချက် နှစ်ခုရှိပါမယ်၊ ဒါတွေ ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွား ပါမယ်၊ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်၊ NCA အပေါ်မှာ ဘာကြောင့် ရပ်တည်သင့်တယ်ဆိုတာ ကျနော်ပြောခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်ဟာလည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားတာ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ အစုအဖွဲ့၊ တိုင်းရင်းသားလူမျိုးများ အစု အဖွဲ့၊ တောင်သူလယ်သမား အစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ အခြားဖိတ်ကြားသင့်တဲ့ အစုအဖွဲ့များ စတဲ့ အစုအဖွဲ့ (၈) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေး စွဲခြင်း ကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၉၆ ခုနှစ်အထိ နှစ်နှစ်ကျော်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၌ အဆိုပါ အစုအဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးမှ ဆွေးနွေး ရေးဆွဲခဲ့ဖြစ် ကြောင်း ၎င်းက ပြောသည်။
နစကနှင့် တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကြေညာထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရပ်တည်သွားမည်ဆိုသည်မှာ လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ကိစ္စများကို ရည်ရွယ်၍ ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များတွေ့ဆုံစဉ်
၎င်းက “အဓိက ပြောချင်တာက ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲအတိုင်းပဲ သွားမယ်ဆိုတာ အဓိကပြောချင်တာက ငြိမ်းချမ်းရေးကိစ္စကို ပြောချင်တာ၊ ငြိမ်းချမ်းရေးကိစ္စ အခုသူက တာဝန်ယူထားတဲ့ ကာလမှာ နစက တာဝန်ယူ ထားတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ တင်ပြတဲ့ အထဲကနေပြီးတော့ သူတို့ သဘောကျတယ်၊ ဖြစ်သင့်တယ်၊ ဖြစ် စေချင်တယ်ဆိုတဲ့ဟာကို ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ အခြေခံဥပဒေ ပြင်စရာတွေ ပါလာရင် လွှတ်တော်ထဲကြ မှ ပြင်မယ်၊ အဲဒီအခါမှာ တပ်အနေနဲ့ ထောက်ခံပေးမယ်၊ အဓိကအားဖြင့် အဲဒါကို သူပြောချင်တာ၊ အဲဒါကို ပြောချင် တဲ့ အတွက်ကြောင့်မို့ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ သွားမယ်ဆိုပြီးတော့ ဒီငြိမ်းချမ်းရေး (၇) နှစ်မြောက်ကို ရည်ရွယ်ပြီးမှ ပြောတာ” ဟု ပြောသည်။
နစကအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှ ရွေးကောက်ပွဲကို လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပ သွား မည်ဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာကို လွှဲအပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1717
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အသုံးပြုမည့် ပစ္စည်းကရိယာများ ဝယ်ယူလိုခြင်းကြောင့် တင်ဒါခေါ်ယူလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။
နစကဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိမည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက် တွန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1103
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃
လက်ရှိ တည်ဆဲဥပဒေများကို လိုက်နာရန် ရခိုင်အမျိုးသားပါတီ (ANP)အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှ သတိပေးခဲ့ကြောင်း ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံလူထုများ၏ အခက်အခဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက် တစ်စောင်ကို ANP မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် မျှတမှု မရှိဟုဆိုကာ UEC က ခေါ်ယူ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တိုက်ပွဲ အခြေပြုမြေပုံ
ဦးသာထွန်းလှက “တွေ့ဆုံဆွေးနွေးတာကတော့ အဓိကကြတော့ ကျနော်တို့ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ Statement ကိစ္စလေ အဲဒီအပေါ်မှာ UEC ဘက်က သူတို့ အဲဒီ Statement ကို သုံးသပ်ရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက တချို့ပုဒ်မတွေနဲ့ အဲဒီပုဒ်မတွေကို စောင့်ထိန်းလိုက်နာဖို့အတွက် အားနည်း ပျက် ကွက်မှုတွေ တွေ့တယ်ဆိုပြီး အဲဒီလို မနေ့က ရှင်းပြတယ်၊ ပြီးရင် ဒီထုတ်ပြန်ချက် အပေါ်မှာ တဖက်သတ် ဆန်မှု တွေ ရှိတယ်ဆိုတဲ့ အမြင်လည်း သူတို့ ပြောတယ်၊ အဲဒါကြောင့် အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နောက် နောင် အဲဒီလို ထုတ်မယ်ဆိုရင် ဒီလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်၊ အဲဒီဥပဒေတွေကို လိုက်နာမှု မရှိဘဲ ဆန့်ကျင်တဲ့ သဘောထား ထုတ်ပြန်ချက်တွေကို မထုတ်ပြန်ဖို့ လိုအပ်တယ်၊ UEC ဖက်က အမြင်ကို သူတို့က အဲဒီလို သူတို့အမြင်ကို ပြောတယ်၊ အခုလက်ရှိ ဥပဒေတွေ အပေါ် မှာ လိုက်နာဖို့ လိုတယ်ဆိုတဲ့ ကိစ္စကိုတော့ သူတို့ဖက်က ကျနော်တို့ကို ပါတီကို အသိပေးသလို၊ သတိပေးတဲ့ ပုံစံ မျိုးလည်း ရှိတယ်လို့ ပြောလို့ရတယ်၊ ကျနော်တို့ကလည်း အဲဒီအပေါ်မှာ မူတည်ပြီးကျနော်တို့ ပြန်ပြီး ကျနော်တို့ ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင် ကြရန်၊ မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
ထို့အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေကြသည့် INGOs၊ NGOs နှင့် CSOs များအား ပိတ်ပင် ထားမှုကို ပြန်လည်ဖွင့်ပေးရန်၊ စစ်ပွဲဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့် နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေလမ်းများကို အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ၎င်းဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ထုတ်ပြန်ချက်က ပြောထားသည်။
ဦးသာထွန်းလှက “ကျနော်တို့ကလည်း သဘောထားထုတ်ပြန်ချက်က အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ တကျော့ပြန် စစ်ပွဲမှာ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်၊ အဲဒါကြောင့် ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေ ရှိနေတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ ပါတီ အနေနဲ့လည်း ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ထူထောင်ထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း အဲဒီလို ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်၊ ယုံလည်း ယုံကြည်တယ်၊ အဲဒါကြောင့် ပြည်သူတွေအတွက် ကျနော်တို့ ပြည်သူတွေ ထိခိုက်နစ်နာမှု အတွက် ရည်ရွယ်လို့ အဲဒါကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်၊ ကာကွယ်ဖို့လည်း လိုအပ်တယ်လို့ ယူဆလို့ ထုတ် ပြန်တာ ဖြစ်တယ်၊ အဲဒါကြောင့် အဲဒီအပေါ်မှာကတော့ တစ်ဖက်က အမြင်စိုးရိမ်မှု ရှိနိုင်တယ်၊ ကျနော်တို့ ဖက်က လည်း လိုအပ်လို့ ထုတ်ပြန်တာ ဖြစ်တယ်ဆိုတာ ကျနော်တို့လည်း ပြန်ရှင်းပြတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက စတင်ကာ တကျော့ပြန် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းမှာ တိုက်ပွဲရှောင် လူဦးရေ ၆၁၆၇ ဦး တိုးလာကြောင်း AA က ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1708
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းအဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်က ဆောင်နိုင်ကြီးရွာ ဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင် တောင်တက်ကားဂိတ်အား ပစ်ခတ်ပြီး ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်သွားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA/PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်မှုခဲ့သည်ဆိုသော အခြေပြမြေပုံကို နစကထုတ်ပြန်
အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ကျိုက်ထီးရိုး ကင်မွန်းချောင်တွင် ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ တောင်တက်ကားဂိတ်ကို ပစ်ခံလိုက်ရတာတော့ ဟုတ်တယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေတော့ ရှိတယ်”ဟု ပြောသည်။
ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး KNLA နှင့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့(NUG)ဘက်က အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီကျော်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1694
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂
နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။
၂၀၂၃ ခုနှစ်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ၎င်းတို့အတွက် နိုင်ငံရေး ထွက်ပေါက်အဖြစ် မျှော်လင့် ထား ကြောင်း၊ ထို့ကြောင့် နစကကို နိုင်ငံရေးထွက်ပေါက်မရှိရေး လုပ်ဆောင်ထားရန် လိုအပ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် NUG အစည်းအဝေးတွင် ပြောကြားခဲ့သည်။
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက် အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်း အလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေ ကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျနော်တို့ ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

NUG ၏ အစည်းအဝေးကို တွေ့ရစဉ်
တပ်မတော်မှ အာဏာရယူမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးမှာ ပိုမို များလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများ ပေးနေသော်လည်း နစကကို ကျော်လွန်ကာ လူထုထံ အရောက်ကူညီရန် အကန့်အသတ်များ တွေ့နေရကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက စစ်အုပ်ချုပ်ရေးအတိုင်း ပြန်သွားရတော့မည့် အနေအထား ရောက်သွားမည်ဟု တအာင်းအမျိုးသားပါတီ (TNP) မှ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
မိုင်းအုဏ်းခိုင်က “ဒါ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် အခက်အခဲ၊ အကျပ်အတည်း အများကြီးတော့ တွေ့ကြုံသွားနိုင်တယ်လို့တော့ ကျနော်တော့ ကျနော်တို့က ဒီလိုတော့ မြင်ပါတယ်၊ အဲဒါကတော့ မှန်းဆလို့တော့ ခက်တယ်လေ၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ဖြစ်၏၊ မဖြစ်၏ အပေါ်မှာပဲ မူတည်တယ်လေ၊ တကယ်လို့ မဖြစ် ခဲ့ဘူးဆိုရင်တော့ ဒါလောလောဆယ် အနေအထား ကျနော်တို့ မြင်တာ စစ်အုပ်ချုပ်ရေးအတိုင်းပဲ ပြန်သွားရတော့ မယ့် အနေအထား ရောက်သွားတာပေါ့၊ အခုပြောမယ့် အနေအထားက စောပါဦးမယ် အဲဒီလိုပဲ မြင်ပါတယ်၊ ဘာလို့ လဲဆိုတော့ ရွေးကောက်ပွဲ၊ ဖြစ်၏၊ မဖြစ်၏ဆိုတာ ကံသေကံမ မပြောနိုင်သေးလို့ပါ” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်
ထို့နောက် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က နစက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာ့တပ်မတော်၏ ထွက်ပေါက်သာဖြစ်သည်ဟု ဆိုလျှင် ရွေးကောက်ပွဲလည်း မဖြစ်၊ မြန်မာ့တပ်မတော်ကိုလည်း မဖြုတ်ချနိုင်ခဲ့ ဘူးဆိုလျှင် အလုံးစုံ အာဏာသိမ်းမှုဖြစ်ကာ မည်မျှကာလကြာမည် မသိသော စစ်အုပ်ချုပ်ရေးကို ရောက်သွားမည့် အခြေအနေအပေါ် မည်သို့ဆောင်ရွက်မှာလဲ မေးခွန်းထုတ်စရာရှိသည်ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့နောက် လက်နက်ကိုင် နွေဦးတော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့က ဖော်ဆောင်ကာ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသလို နစက ကျင်းပမည့် ရွေး ကောက်ပွဲကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။
သို့သော် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြား ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1785
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ဖျက်သိမ်းသွားရန် ပါတီခေါင်းဆောင်များက ဆောင်ရွက်လျက်ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။
UBP ပါတီနှင့် နီးစပ်သူများကလည်း ပါတီမှတ်ပုံတင် ဖျက်သိမ်းရန် လုပ်ဆောင်နေခြင်းမှာ မှန်ကန် ကြောင်း၊ ဦးစောလှထွန်းကို ဆက်သွယ် မေးမြန်းခြင်းက အသေးစိတ်ကို ပိုမို သိရှိနိုင်ကြောင်း ပြော သည်။
UBP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး UBP ပါတီဥက္ကဋ္ဌလည်း ဖြစ်သူ ဦးစောလှထွန်းကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီဟု ယနေ့ (အောက်တိုဘာ ၁၁ ရက်)တွင် သူ၏ တရားဝင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသား ထုတ်ပြန်ခဲ့သည်။
UBP ပါတီ ပါတီမှတ်ပုံတင် ဖျက်သိမ်းကြောင်းကို ယနေ့ (အောက်တိုဘာ ၁၁ ရက်)တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စာတင် အကြောင်းကြားထားကြောင်း ပါတီနှင့်နီးစပ်သူများက ပြော သည်။

ဦးစောလှထွန်း ရေးသားထားခြင်းကိုတွေ့ရစဉ်
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး ဧပြီ ၂၅ ရက်တွင် တရားဝင် ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိအမှတ်ပြုခဲ့သည်။
ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
UBP ပါတီကို ဦးဆောင် တည်ထောင်ခဲ့သူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ နုတ်ထွက်ခဲ့သော သူရဦးရွှေမန်း တို့ဖြစ်သည်။
လက်ရှိ နိုင်ငံရေးပါတီများသည် နစက ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး မပြိုင်ရေး၊ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်း နှင့် ဝင်ရောက် မယှဉ်ပြိုင်ပါက ပါတီဖျက်သိမ်းခံရမည့် အကျပ်အတည်းများ အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရေးဆွဲနေခြင်းကနေ ပေါ်ပေါက် လာနိုင်မည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1674
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
နိုင်ငံရေးနှင့် စစ်ရေး၏ တိုက်ရိုက်သက်ရောက်မှုမှာ ပြည်သူဖြစ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးမှာ ထိလွယ်ရှလွယ် ကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထု၏ အခက်အခဲများကိုလည်း ထည့်သွင်း စဉ်းစားသင့် ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူး စိုင်းခမ်းစံက “အဓိကကြတော့ အခုက နိုင်ငံရေးမှာ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေ ဖြစ်နေတာလေ၊ တချို့ တွေက နိုင်ငံရေး ရှုထောင့် တစ်ခုတည်းနဲ့ နေပြီးတော့မှ သုံးသပ်တာတွေ၊ အမြင်မတူတာတွေ ရှိတယ်၊ အကောင်း မမြင်တာတွေ ရှိတယ်လေ၊ တချို့ကလည်း စစ်ရေးအမြင် တစ်ခုတည်းနဲ့ ဟိုသုံးသပ်လိုက် ဒီသုံးသပ်လိုက်ဆိုတော့ နောက် လူငယ်တွေ၊ ပြည်သူလူထုတွေ သံဃာတော်တွေကြတော့ နိုင်ငံရေးနဲ့ သိပ်မနီးစပ်တဲ့ ပြည်သူတွေပေါ့၊ အဲဒါ ဆိုရင်တော့ တွေဝေစေနိုင်တယ်လေ၊ သုံးသပ်ချက်တွေက အွန်လိုင်းမှာ ဆိုရှယ်မီဒီယာမှာကြတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေ များလာတာလေ၊ အဓိကကြတော့ တိုက်တွန်းချင်တာက သုံးသပ်ချက်တစ်ခုကို သုံးသပ်လို့ရှိရင် နိုင်ငံရေးတစ်ခုတည်းနဲ့ မရဘူး။ စစ်ရေးပါတွဲပြီး သုံးသပ်သင့်တယ်၊ စစ်ရေးကြတော့ နိုင်ငံရေးနဲ့ ပေါက်ဖွားလာတာ၊ နိုင်ငံရေးဆွေးနွေးလို့ မပြေလည်လို့ သူက စစ်ရေးဖြစ်လာတာ၊ နောက်တစ်ခုက အများက သိပ် မစဉ်းစားမိဘူး။ ဒီတစ်ချက်က ပြည်သူလူထုကိစ္စ နိုင်ငံရေးနဲ့ စစ်ရေးရဲ့ တိုက်ရိုက် သက်ရောက်မှုရှိတာက ထိခိုက်မှု ရှိတာ ပြည်သူလူထုလေ၊ နိုင်ငံရေးရယ်၊ စစ်ရေးရယ်၊ နောက်ပြည်သူလူထုရဲ့ စားဝတ်နေရေးပါ ဒီဟာကို ချင့်ချိန်ပြီး မှ သုံးသပ်မယ်ဆိုရင် ဒါနီးစပ်နိုင်တဲ့ သုံးသပ်ချက် ပကတိ အခြေအနေနဲ့ မှန်ကန်နိုင်တဲ့ သုံးသပ်ချက်ကို၊ ထင်မြင် ယူဆ ချက်တွေကို နီးစပ်နိုင်မှာလေ၊ ဒါဆိုထွက်လာနိုင်မှာလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

RCSS တပ်ဖွဲ့ကိုတွေ့ရစဉ် (Taifreedom)
ရှမ်းပြည်နယ်တွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသတချို့တွင် လည်း စစ်ရေးတင်းမာသည့် အနေအထားများ ရှိနေကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း သတင်းစီးဆင်းမှု၊ အပြန်အလှန် ဆက်သွယ်မှု အားနည်းခဲ့ ကြောင်း၊ အပြန်အလှန် ယုံကြည်မှု မရှိသည့်အတွက် ယနေ့ အချိန်ထိ စစ်ရေးတင်းမာနေကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။
၎င်းက “စစ်ရေးတင်းမာနေတဲ့ ဒေသထဲမှာ သူက နှစ်ဖက်ကနေ ကြားညှပ်ရတာလေ၊ ဟိုဖက်ကလည်း တင်းမာ ထား၊ ဒီဖက်ကလည်း တင်းမာထားဆိုတော့ ပြည်သူလူထုအတွက် ဒုက္ခရောက်တယ်၊ အခုဆိုရင် နေရပ်စွန့်ခွာ လာတာ များလာတာ၊ များလာတော့ နေရပ်စွန့်ခွာလာတာ တချို့တွေက မြို့ပေါ်နဲ့ မြို့အစပ်တွေမှာ ရွှေ့ပြောင်း ပြီးတော့မှ IDP အနေနဲ့ သူတို့ ယာယီရွှေ့ပြောင်းသွားတာပေါ့နော်၊ ဒါပေမယ့် ထူးခြားတာ တစ်ခုကတော့ နေရပ် စွန့်ခွာပြီးတော့ နယ်စပ်လမ်းကြောင်းကို ထွက်လာတာ များတယ်ခင်ဗျ၊ ကျနော်တို့ ရရှိထားတဲ့ အချက်အလက် တွေ အရဆိုရင်တော့ တနေ့စာကို ထိုင်းဖက်ကို ကူးသွားတာ တရားမဝင်နည်းနဲ့ ဝင်ရောက်သွားတာ ရာချီရှိတယ် ခင်ဗျ၊ ကျနော်တို့ စစ်ရေးတင်းမာတာ ၂ နှစ်၊ ၃ နှစ်အတွင်းမှာဆိုရင်တော့ ဒါ သောင်းဂဏန်း၊ သိန်းဂဏန်း နီးနီးရှိ သွားပြီပေါ့နော်၊ အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်းမှာ တချို့ရွာတွေဆိုရင် ရွာပျက်သလောက်ရှိသွားပြီ အဲဒီလို မျိုးတွေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

RCSS တပ်ဖွဲ့ကိုတွေ့ရစဉ်(Taifreedom)
ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး RCSS မှ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရှမ်းပြည်နယ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ပအိုဝ်းအမျိုး သား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရက္ခိုင့်တပ်တော်(AA) နှင့် ပြည်သူ့စစ် စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှား လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1363
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
မြန်မာ့ နွေဦးတော်လှန်ရေးကာလ ကြာရှည်လာတာနှင့်အမျှ လူထုသည် တော်လှန်ရေးမှာ အီလာတတ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၁ ရက်) တွင် ပြုလုပ်သည့် NUG ၏ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “ မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်း ကဏ္ဍမှာ ရှိနေတယ်ဆိုတာ မမေ့ဖို့။ မပေါ့လျော့ကြဖို့။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျနော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က NUG ၏ အစည်းအဝေးလုပ်နေစဉ်
လက်ရှိ အခြေအနေသည် မိမိတို့မှာ ဖြစ်နိုင်ခြေများ အများကြီးရှိကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ် တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် မိမိတို့အားလုံး ပြင်ဆင်ထားကြရမည်ဟု ပြောကြားလိုကြောင်း၊ အထူးသဖြင့် မဟာမိတ် စစ်ရေး တပ်ပေါင်းစုနှင့် စနစ်တကျ စီမံကွပ်ကဲကြရန် ၎င်းက ပြောသည်။
NUG က နွေဦးတော်လှန်ရေးသည် ၂၀၂၃ ခုနှစ်တွင် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောသည်။
သို့သော် ၂၀၂၃ ခုနှစ်၏ ဘယ်လ ဘယ်ရက်သည် အဆုံးသတ် တိုက်ပွဲကာလဟုကိုတော့ မပြောပေ။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် PDF၊ LDF (ဒေသခံကာကွယ်ရေးတပ်ဖွဲ့)၊ တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1342
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)-PDF ပူးပေါင်းအဖွဲ့ နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်နေ့အထိ တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်ပွားခဲ့သည်။
ထို့ကြောင့် သံဃာတော်တချို့ မိမိသီတင်းသုံးနေသော ကျောင်းမှ တခြားနေရာသို့ ရွှေ့ပြောင်း သီတင်းသုံးရခြင်း( ဝါတွင်းကာလဖြစ်သည့်အတွက် သံဃာတော်များ ဝိနည်းအရ အခက်တွေ့စေသည်)၊ မြို့တွင်း စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ မြို့နေပြည်သူများ အခြားဒေသသို့ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ လက်နက်ကြီးကြောင့် ဘုန်းတော်ကြီးကျောင်းများ လူနေအဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခြင်း၊ တိုက်ပွဲအတွင်း ပြည်သူတချို့ ထိခိုက်မှု (မစိုးရိမ်ရ)ရှိခြင်း စသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က အောက်တိုဘာ ၉ ရက်နေ့စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
TNP က "ပြည်သူများနေထိုင်သော ကျေးရွာအတွင်း၊ မြို့တွင်းများ၌ တိုက်ပွဲဖော်ဆောင်ခြင်းကို ရှောင်ကျဉ်ပေးပါရန် တောင်းဆိုပါသည်"ဟု ပြောသည်။
ထို့နောက် မလွှဲသာ မရှောင်သာသော အခြေအနေအရ တိုက်ပွဲဖြစ်ပွားခဲ့ပါက အများပြည်သူနှင့် သက်ဆိုင်သည့် ဘာသာရေးအဆောက်အဦး ၊ ဆေးရုံ၊ စာသင်ကျောင်းနေရာများ၌ အကာအကွယ်ယူ တပ်စွဲခြင်း မပြုလုပ်ကြပါရန် တောင်းဆိုပါသည်ဟု TNP က ထုတ်ပြန်ခဲ့သည်။
