- By CNI
- Category: နိုင်ငံရေး
- Hits: 1558
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းမှာ ဗဟိုကော်မတီ၏ အဆိုပြုချက်အရ လက်ခံခြင်းဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
သစ်လွင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး ၆ လအကြာကတည်းက ၎င်းကို ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ ယခုကဲ့သို့ အကျပ်အတည်းကာလမှာ တပ်မှူးများနှင့် တိုင်ပင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ဒေါ်စောမြရာဇာလင်းက “အများစုက ကျမကို မြင်ကြတာက ကြာလှပါပြီ။ ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် သက်တမ်း အားဖြင့် သစ်လွင်တဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလို့ ၆ လလောက် အကြာကတည်းက ကျမကို တိုက်တွန်း နေကြတဲ့ သူတွေရှိတယ်၊ ဆရာမက ဒီတာဝန်တွေကို ယူသင့်ပြီဆိုပြီးတော့မှ အခုလည်းပဲ ပဋိပက္ခတွေ ဝိုင်းလာတဲ့ အချိန်အခါမျိုးမှာ ဆိုလို့ရှိရင် ကျမတို့ ဒီမှာ နီးစပ်ရာ ခေါင်းဆောင်တွေ တပ်မှူးတွေနဲ့ တိုင်ပင်ကြတယ်၊ ဒါပြီးလို့ရှိ ရင် နိုင်ငံရေးပါတီထဲမှာပေါ့နော်၊ ကျမတို့ပါတီထဲမှာ ပါတဲ့ ဗဟိုကော်မတီတွေ အဲဒီလူတွေနဲ့ ကျမတို့ အွန်လိုင်း အစည်းအဝေးတွေ ကျမတို့ ထိုင်ဖြစ်တယ်၊ ထိုင်ဖြစ်ပြီးတော့မှ ကျမတို့က ဥက္ကဋ္ဌနေရာကိုတော့ ဆရာမကြီးကို ပေးရမယ်ဆိုတဲ့ သူတို့ရဲ့ proposal (အဆိုပြုချက်) အရ ကျမက လက်ခံလိုက်တာ ဖြစ်တယ်၊ ပြီးလို့ရှိရင် ဆရာကြီး ခိုင်နီအောင် ဆိုလို့ရှိရင် ဒုဥက္ကဋ္ဌ ခိုင်နီအောင် ဆိုလို့ရှိရင်လည်း ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းနဲ့အတူ မိုးလင်းရာဇာ စစ် ကြောင်းမှာ ပါလာတဲ့ ဝါရင့်သမ္ဘာရင့် နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်တယ်။ သူ့ကိုလည်း လေးစားသမှု ပြုရမယ်၊ အသက်အရွယ် အိုသည်ဖြစ်စေ၊ အားမရှိသည်ဖြစ်စေ၊ တစ်ခုခု အားနည်းသည်ဖြစ်စေ၊ သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်း လာမှု အတွေ့အကြုံအရ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ကို လေးစားတန်ဖိုး ထားရမယ်ဆိုတဲ့ စဉ်းစားချက်နှစ်ခုနဲ့ ကျမတို့ နှစ်ဦးကို ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ALP ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ဒေါ်စောမြရာဇာလင်းသည် ယခင်က ဒုဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်က ALP ကို ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည့် အခါမှာတော့ ဒေါ်စောမြရာဇာလင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အဖြစ် ခိုင်နီအောင် တာဝန်ယူခဲ့ကြောင်း ဖော်ပြထားသည်။
ALP ပါတီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်စောမြရာ ဇာလင်းက ပြောသည်။
၎င်းက “ကျမတို့က အစိုးရနဲ့ တိုင်ပင်ပြီးတော့မှ အတတ်နိုင်ဆုံး လုပ်သွားရမှာပါ၊ ကျမက အဓိက ရခိုင်ပြည် တည်ငြိမ် အေးချမ်းရေးကို လုပ်ချင်တယ်၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ချင်တယ်၊ ဘယ်အစိုးရပဲ တက်လာ တက်လာ တက်လာတဲ့ အစိုးရနဲ့ ကျမတို့က ငြိမ်းချမ်းရေးစကား ပြောရမယ်၊ ပြည်သူတွေ ငြိမ်းချမ်းဖို့အတွက်ကို ကျမတို့ ဖန်တီးရမယ်၊ ပြည်သူတွေ ဝဖြိုးဖို့အတွက် ကျမတို့ လုပ်ရမယ်ဆိုတဲ့ စဉ်းစားချက်က ကျမတို့ ရင်ထဲမှာ အပြည့်ရှိတယ်၊ အဲဒါကြောင်မို့လို့ ဒီလုပ်ငန်းတွေကို တစိုက်စိုက်မတ်မတ် လုပ်ဆောင်နေဖို့အတွက်ပဲ ကျမအနေနဲ့ ကြိုးပမ်းဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့ က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့်အဖွဲ့ကို ပါတီသစ်တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ALP မှ ထုတ်ပယ် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ALP ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယခင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ခိုင်ရဲခိုင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့တွင် ပါဝင်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1833
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တရားရေးဌာနအမည်ကို သုံးစွဲ၍ ပါတီတည်နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိုင်ငံဆွေးနွေးရေးကော်မတီ ခေါင်းဆောင် တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ရှိ တာဝန်များကနေ ရပ်စဲကြောင်း စာပို့ လာခြင်းသည် လုံးဝတရားမဝင်သည့်အတွက် လက်မခံကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။
PPST သည် တိုင်းရင်းသား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။
လက်ရှိတွင် ALP သည် ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သည့်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ဆိုကာ ၂ ဖွဲ့ကွဲနေပြီး လုပ်ပိုင်ခွင့် အာဏာ ကျင့်သုံးရေးမှာလည်း အငြင်းပွားမှုများဖြစ်ပေါ်နေသည်ဟု ရခိုင် လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူများက ပြောသည်။
ဒေါ်စောမြရာဇာလင်းကို တာဝန်မှ ရပ်စဲခြင်းကို လက်မခံဟု ထုတ်ပြန်ခဲ့သော ALP ဗဟိုကော်မတီဆိုသည်မှာ ဒေါ်စောမြရာဇာလင်းအား ထောက်ခံသော အုပ်စုများက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။
ALP ဗဟိုကော်မတီက “ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ခိုင်မင်းစိုးအား ဖမ်းဆီးအရေးယူထားခြင်းနှင့် ပတ်သက်၍ ပါတီတရားစီရင်ရေးဟု အမည်သာသာမျှပင် မရှိတော့သည့် တရားရေးဌာနအမည်ကို သုံးစွဲကာ ပါတီတည် နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ဆရာမကြီး စောမြရာဇာလင်း အား နိုင်ငံရေးဆွေးနွေးရေး ကော်မတီခေါင်းဆောင် တာဝန်နှင့် PPST ရှိ တာဝန်များမှ ရပ်စဲကြောင်း စာပို့ခြင်း သည် လုံးဝတရားမဝင်ပေ”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂ ရက်တွင် ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ခိုင်ပေါ်လင်း ဖမ်းဆီးခံသွားရပြီး နောက် ပါတီခေါင်းဆောင်အချို့သည် ပါတီနှင့် တပ်အခြေစိုက်ရာ ဒေသမှ အသီးသီး စွန့်ခွာသွားခဲ့ကြကြောင်း၊ ထိုသို့ ပါတီနှင့်တပ်၏အကျိုးကို ငဲ့ညှာထောက်ထားခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြသော သူများ၏ အရေးယူခြင်းကို မိမိတို့ လုံးဝ လက်ခံမည်မဟုတ်ဟုလည်း ထိုထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ALP ဗဟိုကော်မတီက “ ခိုင်မင်းစိုးအား ဖမ်းဆီးထားခြင်းအပေါ် မိမိတို့မှ စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးလျက်ရှိနေ သည်။ ခိုင်မင်းစိုးအား ဖမ်းဆီးပြီးသည့်နေ့ကတည်းက ဤကိစ္စကို စကားဖြင့် ဖြေရှင်းရန် မိမိတို့ဘက်မှ ၂ ကြိမ် တောင်းဆိုခဲ့သည်။ သို့သော် စဉ်းစားခြင်းမရှိကြပဲ ပါတီနှင့် တပ်မတော်အတွက် အဓိကတာဝန်ယူ လုပ်ဆောင် နေသော ဆရာမကြီး စောမြရာဇာလင်းအား တာဝန်မှ ရပ်စဲရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်” ဟု ပြောသည်။
ဤလုပ်ရပ်များသည် ပါတီနှင့်တပ်မတော် ပြိုကွဲပျက်စီးစေရေးကို ဦးတည်လုပ်ဆောင်သည့်အတွက် အသျှင် ပညာသာမိမှ စာပို့ခြင်းသည် တရားမဝင်ကြောင်း ထုတ်ပြန်သည်၊ ထိုသို့ အရေးယူဆောင်ရွက်မှုအပေါ် မိမိတို့မှ လက်မခံသည့်အပြင် မိမိတို့ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်၌ ဖြောင့်မတ်စွာသွားနိုင်ရေး အတွက် မတ်လ ၅ ရက်ကတည်းက လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ထားပြီး ဖြစ်သည်ဟု ၎င်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားသော မိမိတို့ ခေါင်းဆောင်များသည် နစကနှင့်လည်းကောင်း၊ PPST နှင့်လည်းကောင်း၊ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်လည်း ကောင်း ပုံမှန် ဆက်သွယ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။
ALP သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ NCA ထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1464
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၈
လက်ရှိ ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင် ဆောင်ရွက် မှုအပေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) က ကြိုဆိုထောက်ခံခြင်းက သံတမန် ရေးရာတစ်ခုဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် တရုတ်က တစ်စုံတစ်ရာ ဩဇာသက်ရောက်မှုရှိကြောင်း၊ ငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ ကြိုဆိုသည်ဟု ပြောရမှာဖြစ်ကြောင်း ၎င်း ပြောသည်။
ဦးဖေသန်းက “တရုတ်ကတော့ ဒီအဖွဲ့တွေပေါ်မှာ တစ်စုံတစ်ရာ သူတို့က ဆက်နွယ်မှုရှိတယ်၊ တစ်စုံတစ်ရာလည်း ဩဇာသက်ရောက်မှုရှိတယ်၊ တရုတ်ကိုယ်၌က အဲဒီလို ကမကထပြုပြီးတော့ ငြိမ်းချမ်းရေးကို လုပ်လာတယ် ဆိုရင်တော့ သူတို့က အဲဒီစကားကိုပဲ ပြောရမှာပဲလေ၊ ကြိုဆိုတယ်ဆိုတဲ့ စကားပဲပြောရမှာ လက်တွေ့မှာ တကယ် တမ်း အလုပ်ဖြစ်လား၊ မဖြစ်ဘူးလားဆိုတာကတော့ သိပ်မသေချာဘူး၊ ပြီးတော့ ခရီးကလည်း တော်တော့ကို ဝေးဦးမယ်ဆိုတော့ လက်တွေ့ ပကတိ အခြေအနေနဲ့ ကိုက်ညီမလား မကိုက်ညီဘူးလား သူတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်၊ နိုင်ငံရေးအားဖြင့် အရှုပ်အရှင်းတွေရှိတယ်၊ အဲဒီမှာ ဘယ်လိုငြိမ်းချမ်းရေးမျိုးက သူတို့ တည်ဆောက်မလဲ၊ ဘယ်လို ပြည်ထောင်စုမျိုးကို တည်ဆောက်ကြမလဲ၊ တစ်ဖွဲ့ချင်းရဲ့ သဘောထားရော သက်ဆိုင်မလား အဲဒါကတော့ အများကြီးပေါ့နော်၊ ခြုံပြီးပြောရရင်တော့ ဒီကြေညာချက်ဟာ တစ်ဖက်က တရုတ်ကိုယ်၌က ဖြစ်စေချင်တဲ့ ကမကထပြုမှုနဲ့ ပါဝင်လာတဲ့အတွက် သံခင်း တမန်ခင်းပေါ့ဗျာ၊ သံတမန်ပရိယာယ်မျိုးပေါ့နော်၊ အဲဒီပုံစံမျိုးထက် ကျနော်တော့ ပိုပြီးတော့ မမြင်ဘူးဗျ” ဟု ပြောသည်။

FPNCC အဖွဲ့၀င်များကိုတွေ့ရစဉ်
FPNCC ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ နိုင်ငံအမှန်တရားနှင့် မျှတသော အမျိုးသားပါတီ (MNTJP)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့် ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပြေလည်ရေး တရုတ်က ကြားဝင်ဆောင်ရွက်ပါက မြန်မာပြည်မြောက် ပိုင်းတွင် ပြေလည်နိုင်သော်လည်း အနောက်အုပ်စုနှင့် နီးစပ်သည့် အဖွဲ့အစည်းများအပေါ် သက်ရောက်မှု မရှိနိုင် ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

FPNCC ၊ တရုတ်အထူးကိုယ်စားလှယ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တရုတ်က ကြားဝင်ရင် ပြေလည်တာက အထက်ပိုင်းပေါ့ဗျာ၊ ဗမာပြည်မြောက်ပိုင်းတော့ ဖြစ်နိုင်ပါတယ်၊ ပဋိပက္ခမရှိရေး၊ နည်းသွားမယ်၊ တရုတ်စီးပွားရေး လုပ်ငန်းတွေ ရထားလမ်း၊ ကားလမ်း၊ ပိုက်လိုင်း တွေ အားလုံး အဆင်ပြေ ချော့မွေ့မယ်ပေါ့ဗျာ၊ အဲဒါတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တရုတ်က လုပ်လို့ မရတာက NUG တို့၊ CRPH တို့၊ တရုတ်က ပေါင်းသင်းဆက်ဆံမှု မရှိဘူး။ အဲဒါတွေက အနောက်နိုင်ငံဘက် ရောက်နေတယ်၊ အနောက်နိုင်ငံဘက်က ကိုင်ထားတဲ့ အစုနဲ့ တရုတ်ကိုင်ထားတဲ့ အစုက အံဝင်ဂွင်ကျတော့ မဖြစ်ဘူး။ အဲဒါကြောင့် တရုတ်က ဝင်လို့ရှိရင် တစ်စိတ်တစ်ပိုင်းတော့ ပြေလည်နိုင်တယ်” ဟု ပြောသည်။
မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားများအနေဖြင့် ဗမာပြည်မနှင့် အလုံး စုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြမည်ဟု ယူဆကြောင်း FPNCC က ထုတ်ပြန်ခဲ့သည်။
အဆိုပါ အယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
FPNCC အဖွဲ့ဝင်များသည် တရုတ် - မြန်မာ နယ်စပ်တွင် လှုပ်ရှားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1444
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်း(နမ်းနိမ့်)ကျေးရွာမှာ သံဃာတော်သုံးပါး အပါအဝင် ပအိုဝ်းဒေသခံ ၂၀ ကျော် အသတ်ခံရမှုကြောင့် ပအိုဝ်းနှင့် ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား တိုက်တွန်းလျက်ရှိနေသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားများအပြင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများအကြား အပြန်အလှန် စွပ်စွဲလျက် ရှိနေသည်။

ပင်လောင်းမြို့နယ်ကိုတွေ့ရစဉ်
လက်ရှိ အချိန်သည် ပအိုဝ်းနှင့် ကယား(ကရင်နီ) အကြား လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများ ဖန်တီးနေ ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ခွန်မြင့်ထွန်းက “အခုအချိန်မှာ အင်မတန် စိတ်မကောင်းတာကတော့ ပအိုဝ်းနဲ့ ကရင်နီကြားမှာ လူမျိုးရေး ပဋိပက္ခ ရော၊ ဘာသာရေး ပဋိပက္ခရော စစ်ကောင်စီက ကောက်ကျစ်စွာနဲ့ ဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီ ပင်လောင်း၊ ဆောင်းဖြောင်းဒေသဆိုတာက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ဆိုသော်လည်းပဲ ပအိုဝ်းတွေချည်းပဲ နေတာ မဟုတ်ဘူး။ အထူးသဖြင့် ပြောစမတ် စကားတစ်ခွန်း ရှိပါတယ်၊ အဲဒါက ဘာလဲဆိုရင် ပအိုဝ်းရှိရင် ကယန်းရှိတယ်၊ ကယန်းရှိရင် ပအိုဝ်းရှိတယ်၊ အထူးသဖြင့် ကယန်းတိုင်းရင်းသားများနဲ့ ကျနော်တို့ ပအိုဝ်းတွေဟာ အတူတကွ မောင်နှမတွေ အနေနဲ့ မိသားစုတွေလို ကူညီဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီနေရာကနေ ပန်ကြားချင်တာက ပအိုဝ်းပြည်သူတွေရော၊ ကရင်နီပြည်သူတွေရော စစ်ကောင်စီရဲ့ လိမ် ညာ ဝါဒဖြန့်တာတွေကို မယုံကြဖို့ လိုတယ်။ နောက်တစ်ခုကတော့ ကရင်နီနဲ့ ပအိုဝ်းကြားမှာရှိတဲ့ မိသားစု စိတ်ဓာတ်ကို အပြိုကွဲမခံဘဲနဲ့ မိသားစုစိတ်ဓာတ်ကို ဆက်လက် စောင့်ရှောက်ဖို့ လိုတယ်ဆိုတာ တင်ပြချင်ပါ တယ်” ဟု ပြောသည်။
ထို့အတူ နာယက ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO/PNA ပြည်သူ့စစ်အနေဖြင့် မြန်မာ့တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းကို ပြန်လည်သုံးသပ်ပေးရန် ခွန်မြင့်ထွန်းက တောင်းဆိုခဲ့သည်။

KRU တပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ တစ်နိုင်ငံလုံးမှာရှိသည့် တော်လှန်ရေး လက်နက်ကိုင်များ အနေဖြင့် ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ရန်လိုအပ်ကြောင်း၊ ပြဿနာဖြစ်လာပါက အချင်းချင်း ညှိနှိုင်းကြရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေက မဟာမိတ်ဖွဲ့တာတို့ ပြီးတော့ စည်းမျဉ်းစည်းကမ်း တစ်ခုပေါ်မှာ ပဋိညာဉ်တစ်ခုခု တည်ဆောက်ထားတာတို့ မရှိဘူးဗျ၊ အဲဒီလို အခြေအနေ ကြောင့် ပွတ်တိုက်မှုတွေက အလျားလိုက်တစ်မျိုး၊ ဘေးတိုက်တစ်မျိုး အမျိုးမျိုးဖြစ်နိုင်တယ်၊ တစ်ဖက်ကလည်း သွေးခွဲပြီးတော့ စည်းရုံးတာလည်း ဖြစ်နိုင်တာပေါ့၊ လက်ရှိ EAO တွေပေါ့နော် တစ်နိုင်ငံလုံးမှာရှိတဲ့ EAO တွေက ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ဖို့လိုတယ်၊ ပြဿနာတစ်ခုခု ဖြစ်လာရင် အချင်းချင်း အရင် ညှိနှိုင်း ဖြေရှင်းဖို့လိုတယ်၊ အဲဒီလို အဖွဲ့အစည်းအောက်မှာ ဆိုရင်တော့ အဲဒါဖြစ်နိုင်တယ်၊ ပဋိပက္ခဖြစ်တဲ့ နှစ်ဖွဲ့ချင်း ဖြေရှင်းမယ်ဆိုရင်လည်း သိပ်မဖြစ်နိုင်ပြန်ဘူး။ ဒီကိစ္စမျိုးကိုတော့ လောလောဆယ် ပဋိပက္ခကိုပဲဖြစ်ဖြစ်၊ ရေရှည် နိုင်ငံရေးအတွက်ပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတွေက တတ်နိုင်သမျှ စုစည်းပြီးတော့ အဖြေရှာဖို့လိုတယ်၊ အဲဒီလိုမှသာ လည်း ကျနော်တို့က တကယ်တမ်း စစ်မှန်တဲ့ အဖြေဆိုတာ ဖြစ်လိမ့်မယ်၊ မဟုတ်ရင်တော့ ဟိုဖက်က အသံ တစ်မျိုးထုတ်၊ ဒီဖက်က အသံတစ်မျိုးထုတ် ကြားက အမြတ်ထုတ် အဲဒီပုံစံမျိုး ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်း ဌာနဆိုင်ရာများ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။
ထိုကဲ့သို့ မတူကွဲပြားသော လူမျိုးစုများအကြား နယ်မြေအငြင်းပွားမှု၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခ များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1771
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည် ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံပါသည်ဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ(FPNCC)က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
FPNCC သည် လုပ်ငန်းအစည်းအဝေးကို “ဝ”ဒေသ ပန်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်း/ရှေ့ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC-NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရက္ခိုင့်တပ်တော်(AA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)တို့မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။
FPNCC က “မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပါသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထို့နောက် ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC က ထုတ် ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို မြန်မာ့တပ်မတော်မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော် ဆန့်ကျင်မှုများ ပေါ်ပေါက်လာခဲ့သလို ဖြုတ်ချရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF) စသည့် အဖွဲ့အစည်း များ ပေါ်လာကာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1654
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
ရှမ်းနီအမျိုးသားများ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်၊ ပျက်စီးအောင် ဖန်တီးနေကြသည့်အတွက် အားလုံး သတိထားကြရန် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆေစိုင်းထွန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်က SNA ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့သည့် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ်ဆေစိုင်းထွန်းက “တစ်ဆက်တည်း ပြောကြားလိုတာကတော့ အခုလို နေ့မျိုးအတွက် တချိန်က ရွှေထီးဆောင်း အောင်မြင်ခဲ့ကြခြင်းတွေကို သာယာစမြှုပ်ပြန်ပြီးမှာ အချိန်တွေကို အချည်းနှီး မကုန်ဆုံး စေကြဖို့ ကိုလည်း တိုက်တွန်း ပြောကြားလိုပါတယ်။ ယခုအချိန်ခါမှာ ရှမ်းနီ တစ်မျိုးသားလုံးဟာ အဖက်ဖက်က ဝိုင်းဝန်း တိုက်ခိုက်ခြင်းရဲ့ အခက်အခဲတွေကို ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းနီပြည်သူလူထုနဲ့ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့လိုသလို ကျနော်တို့ ရှမ်းနီအမျိုးသားများတပ်မတော် အနေနဲ့လည်း ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် ရပ်တည် ကာကွယ်သွားမယ်ဆိုတာ အခုလို တွေ့ဆုံချိန်မှာ ထပ်လောင်း ပြောကြားလိုပါတယ်။ အခုလို အချိန်မှာ ပြည်သူလူထုနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဟာ ကျောခြင်းကပ်၊ ရင်ခြင်းကပ် အနေ အထားနဲ့ သွေးစည်းချစ်ကြည်ကြရမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ပန်းတိုင်းကို အောင်မြင်တဲ့အထိ ချီတက်ကြရမှာ ဖြစ်ပါတယ်။ အဖက်ဖက်က သွေးထိုးပြီး ရှမ်းနီအမျိုးသားများ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်၊ ပျက်စီးအောင် ဖန်တီးနေကြတဲ့ သူတွေရဲ့ မူလစိတ်ယုတ်တွေကိုလည်း နားလည်အောင် မြင်နိုင်အောင် သဘောပေါက်နိုင်ကြဖို့ သတိထားကြဖို့ လိုမယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ရှမ်းနီအမျိုးသားနေ့ ကျင်းပနေစဉ်
လက်ရှိတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့်အတူ ရှမ်းနီဒေသများတွင်လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်များဖြင့် ရင်ဆိုင်နေရပြီး ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပွားလျက် ရှိနေသည်။
ရှမ်းနီဘုရင် သိုဟန်ဘွား လုပ်ကြံခံရပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများ စည်းလုံးညီညွတ်သည့် အင်အားတစ်ရပ် ကို မတည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ကျစ်လစ်ခိုင်မာသည့် အမျိုးသားတပ်မတော် တစ်ရပ်ကို ထူထောင် နိုင်ခဲ့ကြောင်း SNA တပ်မဟာ ၇၅၃ မှ တပ်မဟာမှူးတစ်ဦးက ပြောသည်။
၎င်းက “အဲဒီလို စည်းလုံးညီညွတ်အောင် ပြန်လည်တည်ဆောက်ကြဖို့ ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီလို ကြိုးစားကြရင်းနဲ့ ခင်းဗျားတို့ ကျနော်တို့ခေတ်မှာ ကျစ်လစ်ခိုင်မာတဲ့ အင်အားစု တစ်စုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သမိုင်းကို ပြန်လှန် ကြည့်ရင် သိုဟန်ဘွား လုပ်ကြံခံရပြီးတဲ့ နောက်ပိုင်းတောက်လျှောက် ကျနော်တို့ ရှမ်းနီလူမျိုးတွေဟာ စုစည်းတဲ့ အင်အားတစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ယနေ့ အချိန်အခါမှာတော့ SNA လို့ခေါ်တဲ့ ကျစ်လစ်ခိုင်မာတဲ့ အမျိုးသားအင်အားစု တစ်ရပ်၊ အမျိုးသားတပ်မတော် တစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်” ဟု ပြော သည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ထိန်းချုပ်နယ်မြေကိုတွေ့ရစဉ်
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုးကောင်းမြို့နယ်တို့တွင် လှုပ်ရှားလျက် ရှိသည်။
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် ဟုမ္မလင်းခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1532
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅
လာမည့် ရွေးကောက်ပွဲမှာ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲအပ်မည်ဟု နစကဥက္ကဋ္ဌက ပြောကြားထား သော်လည်း တကယ် အာဏာလွှဲအပ်ပေးမလားဆိုသည့် အပေါ်ကိုတော့ နိုင်ငံရေးပါတီများကြား ယုံကြည်သူနှင့် မယုံကြည်သူဆိုကာ ကွဲပြားနေကြသည်။
နစကသည် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာလွှဲအပ် သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေအရ နိုင်ငံတဝန်း ဝင်ပြိုင်နိုင်သည့်ပါတီ သိပ်မရှိကြောင်း၊ လက်ရှိ အနေအထားအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အများဆုံးနိုင်ခြေရှိကြောင်း၊ ထို့ကြောင့် အာဏာအပ်မည်ဆိုပါက ကြံ့ခိုင်ရေးပါတီကိုသာ အပ်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆို ခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “ကျနော်တို့ လက်ရှိ အနေအထားအရပေါ့လေ၊ ပြည်ထောင်စုတဝန်းလုံးမှာ ဝင်ပြိုင်တဲ့ပါတီတော့ သိပ်မရှိဘူးပေါ့။ သိပ်မရှိတော့ နိုင်မယ့် အနေအထားက ပြည်ခိုင်ဖြိုးရယ်၊ နောက်ပြီးတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီရယ်၊ NLD ကတော့ မပြိုင်ဘူးဆိုတော့လေ အဲတော့ တကယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီတို့ အခြားပါတီကလည်း အနည်းအကျဥ်းပဲနိုင်တာ အထူးသဖြင့်တော့ ပြည်ခိုင်ဖြိုးက အများကြီးနိုင်မှာပေါ့ အဲတော့ အာဏာအပ်မယ်ဆိုရင်လည်း ပြည်ခိုင်ဖြိုးကိုပဲ အာဏာအပ်နိုင်မှာပေါ့၊ အဲလိုရှိတာပေါ့နော်။ လက်ရှိ အနေအထားအရပေါ့” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
နစကဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည်ဟု ပြောကြားထားသော်လည်း တကယ် လွှဲပေးမှာလား သံသယဖြစ်နေမိကြောင်း၊ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းကလည်း တပ်မတော်က ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည်ဟု ပြောခဲ့သော်လည်း လက်တွေ့မှာ မဖြစ်မလာခဲ့သည့် သမိုင်းများရှိကြောင်း နိုင်ငံရေးပါတီကြီး တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်မည်ဟု ပြောကြားထားပြီး ဖြစ်သည့်အတွက် ၎င်းတို့ ပြောဆိုချက်အတိုင်း လုပ်ဆောင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စိုင်းအိုက်ပေါင်းက “ပြောထားပြီးသားပဲလေ၊ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ပြောထားပြီးသားလေ၊ ဒါက တော့ ဟုတ်တယ်မလား၊ နိုင်တဲ့ ပါတီတွေ သဘောက လွှတ်တော်ထဲ ရောက်လို့ရှိရင် ဒါက သမ္မတ၊ ဒုသမ္မတနှစ်ယောက်ရွေးမယ်၊ ပထမ သမ္မတရွေးမယ်၊ ပြီးရင် အစိုးရဖွဲ့မယ်၊ ဖွဲ့ပြီးတာနဲ့ သဘောက နိုဝင်ဘာလ၊ ဧပြီလ ၁ ရက် နေ့ကြရင် အာဏာလွှဲပေးမှာပေါ့၊ အဲဒီလို ပုံစံဖြစ်သွားမှာပေါ့၊ ဒါက ကျနော်တို့ ခန့်မှန်းတာပေါ့နော်၊ ခန့်မှန်းတာ အဲဒီလိုတော့ ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်နည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်လာခြင်းကို လက်ခံလျှက်ရှိသည်။

NLD အစိုးရကို ဖြုတ်ချပြီးနောက် မြို့တွင်းမှာ လုံခြုံရေးလှည့်နေတဲ့ စစ်ဘက်သုံးယာဉ်ကိုတွေ့ရစဉ်
လက်ရှိတွင် နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်လာသည့် ပါတီ စုစုပေါင်း ၂၃ ပါတီရှိကြောင်း၊ ထို ၂၃ ပါတီ အနက် ပြည်ထောင်စုတဝန်းလုံး ပြိုင်မည့် ပါတီမှာ ၅ ပါတီရှိကြောင်း UEC က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ထို့နောက် တခြားသော အင်အားကြီး နိုင်ငံရေးပါတီတချို့ကတော့ နစကမှ ရွေးကောက်ပွဲ ကျင်းပ၍ အမှန်တကယ် အနိုင်ရသည့် ပါတီကို အာဏာလွှဲအပ်မည်ဟု အာမခံမှသာ ဝင်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားနေမှုများလည်း ရှိ သည်။
အခြား တစ်ဖက်မှာတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1831
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
၄၉၆ နှစ်မြောက်(သတ္တမအကြိမ်) ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ထိန်းချုပ်ထားသည့် လွတ်မြောက် နယ်မြေတစ်နေရာမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။
ရှမ်းနီနွယ်ဖွား အမျိုးသားထု တစ်ရပ်လုံး၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန်နှင့် စည်းလုံး ညီညွတ်ရေး၊ ရှမ်းနီအမျိုးသားလူထု တိုးတက်ဖွံ့ဖြိုးရေးတို့ ပေါ်ပေါက်ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ရှမ်းနီအမျိုးသားနေ့ကို ရှာ ဖွေ ဖော်ထုတ်၍ အမျိုးသား အထိမ်းအမှတ်နေ့ဖြစ် အစီအစဉ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
သာသနာနှစ် ၂၀၇၀ ခုနှစ်၊ ရှမ်းနှစ် ၁၆၂၁၊ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်၊တန်ခူးလဆန်း ၁၂ ရက်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့သည် ရှမ်းနီအမျိုသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလေ့ရှိသည်။
လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1959
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဗမာပြည်နယ် ဖွဲ့စည်းရေးမှာ အန္တရာယ်ရှိပြီး ကွဲထွက်ရန် ပိုမိုလွယ်ကူကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဗမာပြည်နယ် ဖွဲ့စည်းမည်ဆိုပါက နောက်ထပ် ပြည်နယ်သစ် တောင်းဆိုမှုကို လူမျိုးအလိုက် တောင်းဆိုမှုများ လည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “ကျနော်တို့က အနာဂတ်မှာ အဲဒီလို ဗမာပြည်နယ် ဖွဲ့မယ်ဆိုတဲ့ ဥစ္စာက အန္တရာယ်တော့ ရှိတယ်၊ လူမျိုးစွဲတွေကြောင့်မို့လို့ နောက်ထပ် ပြည်နယ်ကလေးတွေ လူမျိုးအလိုက်၊ လူမျိုးအလိုက် ပြည်နယ်လေးတွေ လည်း အများကြီး တောင်းလာနိုင်စရာရှိသလို ကွဲထွက်ဖို့လည်း လူမျိုးလိုက်အတိုင်း ကွဲထွက်ဖို့လည်း ပိုလွယ် တယ်၊ ဆိုတော့ ဒီနိုင်ငံကို ဦးဆောင်ကြမယ့် လူတွေအနေနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အဲဒါကို နားလည်ကြဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားများ တန်းတူရေးအတွက် ဗမာပြည်နယ် ပေါ်ထွန်းရေးသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)မှ ကိုယ်စားလှယ် လွေးပိုးငယ်မှ အကြံပြု ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ တွေ့ရတဲ့ လူမျိုးစု လူငယ်များ
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် နစကတို့ ငြိမ်းချမ်းရေး ဆွေး နွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြဆွေးနွေးခဲ့သော်လည်း နစကဘက်မှ လက်ခံသည့် အနေအထား မရှိကြောင်း သိရသည်။
အနာဂတ်မှာ ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်ပါက ဗမာပြည်နယ် လိုအပ်သလို၊ ဗမာလူမျိုးကို ကိုယ်စားပြု သည့် သင်္ကေတများလည်း လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “ဖက်ဒရယ်နိုင်ငံတွေမှာပေါ့ဗျာ၊ ပြည်နယ်ကြီးတယ်၊ ငယ်တယ်တွေနဲ့ မဆိုင်ပါဘူး။ ငယ်ရင်လည်း ယူနစ်တစ်ခုပဲ၊ ကြီးရင်လည်း ယူနစ်တစ်ခုပဲ၊ ဒါက ပြည်နယ် မဖွဲ့ချင်ဘူးပေါ့နော်၊ ဗမာလူမျိုးဟာ သက်သက် အုပ်ချုပ်တဲ့ လူမျိုးလို့ အဲဒီလို စိတ်ဓါတ်မျိုး ခံယူချက်မျိုး ရှိနေတယ်၊ ကျန်တဲ့သူတွေဟာ တိုင်းရင်းသား ဗမာ လူမျိုး ကပဲ အုပ်ချုပ်တဲ့ လူမျိုးလို့ နိုင်ငံရေးသမားတွေ၊ စစ်ခေါင်းဆောင်တွေမှာ ပိုပြီးရှိတာပေါ့၊ အဲဒါ အစဉ်အဆက်ပေါ့ဗျာ၊ ဗမာပြည်နယ် ဖွဲ့စည်းဖို့ တိုက်တွန်းတိုင်း၊ တိုက်တွန်းတိုင်း အဲဒီအသံမျိုး ထွက်လာတယ်၊ ပြည်ထောင်စု ပြိုကွဲသွား မယ်၊ ဘာမှ မဆိုင်ဘူးဗျ၊ ယူနစ်ကြီးတာ၊ ငယ်တာနဲ့ ဘာမှ မဆိုင်ဘူးဗျ၊ ဥပမာ ဗမာပြည်နယ် ဖွဲ့မယ်ဆိုရင် တိုင်း ၇ တိုင်းက ဗမာပြည်နယ်ဖြစ်သွားမှာပေါ့၊ ဒါမှ မဟုတ် အမျိုးသားပြည်နယ်ဆိုပြီးတော့ ကျနော်တို့ လွှတ်တော်ထဲမှာ တော့ သုံးခဲ့ကြတယ်၊ ဥပမာ ရန်ကုန်ဆိုရင်တော့ ဗမာတွေရော အကုန်လုံးနေတာပေါ့ဗျာ၊ လူမျိုးပေါင်းစုံနေတဲ့ အမျိုးသားပြည်နယ်ပေါ့၊ အဲဒီလို ယူနစ်တွေ သတ်မှတ်ထားတာ ရှိတယ်၊ ဆိုတော့ အဲဒီလို မဖွဲ့တဲ့အတွက် ပြည်ထောင်စုဆိုတာ သရုပ်မပေါ်ဘူးပေါ့၊ ဗမာလူမျိုးဟာ ပျောက်နေတယ်၊ တိုင်းဒေသကြီးတွေမှာ အလံထောင်ရင် ပြည်ထောင်စုအလံထောင်တယ်၊ ပြည်နယ်အလံမရှိတော့ဘူး၊ ဗမာကို ကိုယ်စားပြုတဲ့ အလံမရှိဘူး။ ဗမာကို ကိုယ်စားပြုတဲ့ သင်္ကေတ မရှိဘူး။ ပြည်ထောင်စု အလံကိုပဲ ဗမာတွေက ဗမာနိုင်ငံရေးသမားတွေက ဗမာ ခေါင်းဆောင်တွေက ဗမာအလံလို့ ခံယူထားတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးနေကြစဉ်
ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့ကလည်း ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။
အလားတူ လီဆူနှင့် မိုင်းလား (NDAA တပ်ဖွဲ့)ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပေးရန် တောင်းဆိုလျက်ရှိ နေသည်။
လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။
