CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းမှာ ဗဟိုကော်မတီ၏ အဆိုပြုချက်အရ လက်ခံခြင်းဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

သစ်လွင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး ၆ လအကြာကတည်းက ၎င်းကို ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ ယခုကဲ့သို့ အကျပ်အတည်းကာလမှာ တပ်မှူးများနှင့် တိုင်ပင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒေါ်စောမြရာဇာလင်းက “အများစုက ကျမကို မြင်ကြတာက ကြာလှပါပြီ။ ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် သက်တမ်း အားဖြင့် သစ်လွင်တဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလို့ ၆ လလောက် အကြာကတည်းက ကျမကို တိုက်တွန်း နေကြတဲ့ သူတွေရှိတယ်၊ ဆရာမက ဒီတာဝန်တွေကို ယူသင့်ပြီဆိုပြီးတော့မှ အခုလည်းပဲ ပဋိပက္ခတွေ ဝိုင်းလာတဲ့ အချိန်အခါမျိုးမှာ ဆိုလို့ရှိရင် ကျမတို့ ဒီမှာ နီးစပ်ရာ ခေါင်းဆောင်တွေ တပ်မှူးတွေနဲ့ တိုင်ပင်ကြတယ်၊ ဒါပြီးလို့ရှိ ရင် နိုင်ငံရေးပါတီထဲမှာပေါ့နော်၊ ကျမတို့ပါတီထဲမှာ ပါတဲ့ ဗဟိုကော်မတီတွေ အဲဒီလူတွေနဲ့ ကျမတို့ အွန်လိုင်း အစည်းအဝေးတွေ ကျမတို့ ထိုင်ဖြစ်တယ်၊ ထိုင်ဖြစ်ပြီးတော့မှ ကျမတို့က ဥက္ကဋ္ဌနေရာကိုတော့ ဆရာမကြီးကို ပေးရမယ်ဆိုတဲ့ သူတို့ရဲ့ proposal (အဆိုပြုချက်) အရ ကျမက လက်ခံလိုက်တာ ဖြစ်တယ်၊ ပြီးလို့ရှိရင် ဆရာကြီး ခိုင်နီအောင် ဆိုလို့ရှိရင် ဒုဥက္ကဋ္ဌ ခိုင်နီအောင် ဆိုလို့ရှိရင်လည်း ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းနဲ့အတူ မိုးလင်းရာဇာ စစ် ကြောင်းမှာ ပါလာတဲ့ ဝါရင့်သမ္ဘာရင့် နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်တယ်။ သူ့ကိုလည်း လေးစားသမှု ပြုရမယ်၊ အသက်အရွယ် အိုသည်ဖြစ်စေ၊ အားမရှိသည်ဖြစ်စေ၊ တစ်ခုခု အားနည်းသည်ဖြစ်စေ၊ သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်း လာမှု အတွေ့အကြုံအရ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ကို လေးစားတန်ဖိုး ထားရမယ်ဆိုတဲ့ စဉ်းစားချက်နှစ်ခုနဲ့ ကျမတို့ နှစ်ဦးကို ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ALP ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ဒေါ်စောမြရာဇာလင်းသည် ယခင်က ဒုဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်က ALP ကို ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည့် အခါမှာတော့ ဒေါ်စောမြရာဇာလင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အဖြစ် ခိုင်နီအောင် တာဝန်ယူခဲ့ကြောင်း ဖော်ပြထားသည်။

ALP ပါတီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်စောမြရာ ဇာလင်းက ပြောသည်။

၎င်းက “ကျမတို့က အစိုးရနဲ့ တိုင်ပင်ပြီးတော့မှ အတတ်နိုင်ဆုံး လုပ်သွားရမှာပါ၊ ကျမက အဓိက ရခိုင်ပြည် တည်ငြိမ် အေးချမ်းရေးကို လုပ်ချင်တယ်၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ချင်တယ်၊ ဘယ်အစိုးရပဲ တက်လာ တက်လာ တက်လာတဲ့ အစိုးရနဲ့ ကျမတို့က ငြိမ်းချမ်းရေးစကား ပြောရမယ်၊ ပြည်သူတွေ ငြိမ်းချမ်းဖို့အတွက်ကို ကျမတို့ ဖန်တီးရမယ်၊ ပြည်သူတွေ ဝဖြိုးဖို့အတွက် ကျမတို့ လုပ်ရမယ်ဆိုတဲ့ စဉ်းစားချက်က ကျမတို့ ရင်ထဲမှာ အပြည့်ရှိတယ်၊ အဲဒါကြောင်မို့လို့ ဒီလုပ်ငန်းတွေကို တစိုက်စိုက်မတ်မတ် လုပ်ဆောင်နေဖို့အတွက်ပဲ ကျမအနေနဲ့ ကြိုးပမ်းဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့ က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့်အဖွဲ့ကို ပါတီသစ်တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ALP မှ ထုတ်ပယ် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ALP ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယခင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ခိုင်ရဲခိုင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့တွင် ပါဝင်သည်။