- By CNI
- Category: နိုင်ငံရေး
- Hits: 1928
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁
တော်လှန်သော မျိုးဆက်များ၏ ရှေ့ဆောင်လမ်းပြများအဖြစ် နွေဦးတော်လှန်ရေးတွင် ဆက်လက်ကူညီရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုခဲ့သည်။
ABSDF အနေဖြင့် လူထုဒီမိုကရေစီ တော်လှန်ရေးတွင် ယနေ့အထိ စွဲစွဲမြဲမြဲ ရပ်တည်လျှောက်လှမ်းနိုင်ခြင်းမှာ ဝမ်းသာဂုဏ်ယူကြောင်း၊ ယနေ့ (နိုဝင်ဘာ ၁ ရက်) တွင် ကျရောက်သည့် ABSDF တည်ထောင်ခြင်း ၃၄ နှစ်ပြည့် ပေးပို့သည့် Video မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “ကျနော်တို့ အားလုံးဟာ အတိတ်ကတော်လှန်ရေး ဇာတ်ကြောင်းတွေကို လေ့လာပြီး အတုယူစရာ တွေကနေ ခွန်အားယူကြဖို့၊ အမှားတွေအတွက် သင်ခန်းစာယူကြဖို့ လိုတယ်လို့ ယူဆပါတယ်။ ABSDF အနေနဲ့ လူထုဒီမိုကရေစီ တော်လှန်ရေးတပ်ဦးမှာ ယခုအချိန်ထိ စွဲစွဲမြဲမြဲ ရပ်တည်လျှောက်လှမ်းနိုင်ခြင်းဟာ အင်မတန် ဝမ်းသာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ကျနော်အနေနဲ့ မှတ်ယူထားပါတယ်။ တော်လှန်သော မျိုးဆက်အချင်းချင်း လက်ဆင့်ကမ်း သွန်သင်နိုင်တာတွေ ရှိသလို အားကောင်းတဲ့ စစ်ရေးစုဖွဲ့မှုတွေကို အမြင်ကျယ်ကျယ်၊ အမြော် အမြင် ရှိရှိနဲ့ ဘယ်လို တည်ဆောက်ရမလဲဆိုတာကို မြန်မာ့နွေဦးတော်လှန်ရေး မျိုးဆက်သစ်တွေကို လမ်းညွန် သင်ကြားပေးဖို့ ကျနော့်အနေနဲ့ ထပ်လောင်း ပြောကြားချင်ပါတယ်။ တကယ်တော့ ABSDF အနေနဲ့ လက်ရှိ အခြေ အနေမှာလည်း မြန်မာ့နွေဦးတော်လှန်ရေး မျိုးဆက်သစ်တွေကို ကဏ္ဍအတော်များများကနေ ကူညီပေးနေတာ တွေ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိနေပြီး ဖြစ်ပါတယ်။ တော်လှန်သော မျိုးဆက်တွေရဲ့ ရှေ့ဆောင် လမ်းပြတွေအဖြစ် မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဆက်လက် ကူညီပေးကြဖို့ ကျနော်အနေနဲ့ လှိုက်လှိုက် လှဲလှဲ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။

ABSDF ရဲ့ ၃၄ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ်
ABSDF သည် လက်နက်ကိုင် တော်လှန်ရေး ဖြတ်သန်းမှုနှင့် လက်နက်ကိုင် တော်လှန်ရေး အသိအမြင်၊ အတွေး အခေါ်မှာ ရင်းကျက်ပြည့်ဝနေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က “နွေဦးတော်လှန်ရေးကလည်း စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်နေ တဲ့သူတွေ အားလုံးနဲ့ ဆက်လက်ပြီးတော့ ကျနော်တို့ လက်တွဲတိုက်ပွဲဝင် သွားမယ်ဆိုတာကိုလည်း ထပ်လောင်ပြီး တော့ ပြောကြားချင်ပါတယ်။ နွေဦးတော်လှန်ရေး တစ်ခုထဲ မဟုတ်ဘဲနဲ့ ကျနော်တို့ တော်လှန်ရေးအားလုံး ဒီစစ် အာဏာရှင်စနစ် အမြစ်ဖြုတ်ချရေးကို ဆက်လက် လုပ်ဆောင်ဖို့အတွက်က ကျနော်တို့ ကြားထဲမှာ ဒါ့ထက်ပိုမိုတဲ့ ညီညွတ်ရေးတွေ တည်ဆောက်ဖို့ လိုတယ်၊ ဒါ့ထက်ပိုမိုတဲ့ နိုင်ငံတကာ ထောက်ခံမှုတွေ ရဖို့လိုတယ်၊ ဒါ့ထက်ပိုမို တဲ့ ကျနော်တို့ လိုအပ်တဲ့ resource တွေကို ရဖို့လိုတယ်လို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်” ဟု CNI သတင်းဌာန သို့ ပြောသည်။

ABSDF ရဲဘော်များကိုတွေ့ရစဉ်
ဗမာတိုင်းရင်းသားများနှင့် ဗမာမဟုတ်သော တိုင်းရင်းသားများအကြား တံတားထိုးပေးခဲ့သည်မှာ ABSDF ဖြစ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
၎င်းက “တစ်တိုင်းတစ်ပြည်လုံးက ဖက်ဒရယ်ဒီမိုကရေစီကို တောင်းနေတဲ့အချိန် တစ်တိုင်းတစ်ပြည်လုံး ပြည်သူ အသီးသီးက ဖက်ဒရယ်ဒီမိုကရေစီလို့ လမ်းပေါ်မှာ ကြွေးကြော်ဆန္ဒပြ တောင်းဆိုနေတဲ့ အခြေအနေတွေဟာ လက်တွေ့မှာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ရဲဘော်တွေက ဒီလမ်းကို စပြီးဖောက်ခဲ့တာ ဖြစ်တယ်လို့ ကျနော့် အနေနဲ့တော့ အဲဒီလို ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအတွင်းက ကျောင်းသားများ၊ အလုပ်သမားများ၊ လူငယ်များသည် မြန်မာနိုင်ငံနယ်စပ် အသီးသီးသို့ ထွက်ခဲ့ကြပြီး ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့သည်။
လက်ရှိတွင် ABSDF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထား သလို တခြားတစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများဖြင့် လက်တွဲကာ မြန်မာ့တပ်မတော် ဖြုတ်ချ ရေး ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2701
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိကြီးများ တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များ၏ စခန်းတည်နေရာများကို မြန်မာဘက်က မြေပုံနှင့်တကွ အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များမှ တပ်ရင်းမှူးအဆင့် ပုဂ္ဂိုလ်များ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparir dwip လှေဆိပ်၌ အလံတင် အစည်းအဝေး ကျင်းပ၍ အထက်ပါ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
နစက-က “ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော လက်နက်ကိုင်စခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးဆွေးနွေးခြင်း၊ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပိုမို ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် အခြေပြု လှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူ များ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်” စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ခိုး ဝင်/ထွက်မှုများအား ထိရောက်စွာ တားဆီးနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန်နှင့် ၂၀၂၂ အတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးများကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှုများအား မြန်မာဘက်က ချပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကလည်း နယ်စပ်ဒေသလုံခြုံရေး အခြေအနေများ၊ တရားမဝင် ဝင်/ ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးမှုခင်းနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ် ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် နှစ်ဖက် နယ်ခြားစောင့်တပ်ဖွဲ့များအကြား ရှိရင်းစွဲ ရင်းနှီခင်မင်စွာ ဆက် သွယ် ဆက်ဆံရေးကို အခြေခံ၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ကြရန် စသည့် အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
မြန်မာ(ရခိုင်ပြည်နယ်)-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ဘင်္ဂါလီ(ရိုဟင်ဂျာ)အရေးလှုပ်ရှားသည့် ARSA၊ RSO၊ ရက္ခိုင့်တပ်တော်(AA) တို့ လှုပ်ရှားလျက်ရှိသည်။
ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအတွင်းမှာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲ များ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လတ်တလောမှာလည်း စစ်ရေးတင်းမာလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1383
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁
၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မိမိတို့ ပါတီကို ကြိုးစား ပြင်ဆင် သွားမည်ဖြစ်ကြောင်း လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ/မရှိကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။
ဦးရွှေမင်းက “ဒါကလည်း ကျနော်တို့ UEC က ဘယ်လိုများ သတ်မှတ်မယ်ဆိုတဲ့ အချက်ပေါ် အဓိက မူတည်မယ်၊ အဲဒါနဲ့ တွဲလျက်ဖြစ်လာမှာက လုံခြုံရေး အခြေအနေပေါ့ဗျာ၊ ဘယ်ဒေသဟာဖြင့်၊ ဘယ်ခရိုင်ဟာဖြင့် လုံခြုံရေး အခြေအနေအရ မဲရုံထားသင့် ပါတယ်ဆိုရင်တော့ ဖြစ်လာမယ်၊ အခုက ဘယ်မှာ ထားမယ်၊ မထားမယ်ကိုလည်း ကျနော်တို့ကလည်း မသိဘူး။ ရွေးကောက်ပွဲရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ လောက်ပဲ သိရ တယ်၊ ဘယ်ပုံစံနဲ့ သွားမယ်ဆိုတာ ကျနော်တို့က မသိရဘူး။ System (စနစ်) ကတော့ PR (အချိုးကျ ကိုယ်စားပြု စနစ်)လို့တော့ အပေါ်ယံလေး သိရတယ်၊ ဒါပေမဲ့ အသေးစိတ်ခရိုင်တွေကို ကျနော်တို့က အခြေခံပြီး သွားမှာလား၊ မြို့နယ်ကို အခြေခံမှာလားဆိုတာ အတိအကျ တရားဝင် အကြောင်းကြားတာတို့ မရှိသေးဘူးပေါ့ဗျာ၊ အဲဒါကြောင့် မို့လို့ ကျနော်တို့ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် တော်တော်လေး သုံးသပ်ရခက်တယ်၊ ဒီခရိုင်တွေက လည်း ဘယ်ခရိုင်တွေကဖြင့် မဲပေးနိုင်မယ့်၊ မဲရုံဖွင့်လှစ်နိုင်မယ့် အခြေအနေ ရှိ/မရှိ ဆိုတာတော့ လက်ရှိ နိုင်ငံတော် အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ သိပါလိမ့်မယ်၊ ကျနော်တို့ကတော့ အဆင်သင့် အနေအထား ကို ပြင်ဆင်နိုင်ဖို့တော့ ကြိုးစားသွားမှာပါ”ဟု ပြောသည်။

လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မဲဆွယ်စည်းရုံးနေစဉ်
နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် လီဆူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ (ဒူးလေးပါတီ) အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပါတီညီလာခံကို ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လာမည့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က ပြောကြားထားသည်။
အဆိုပါ PR စနစ်မှာ လူနည်းစု တိုင်းရင်းသားများအတွက် လွှတ်တော်ရောက်ရန် အခက်အခဲ ရှိလိမ့်မည်ဖြစ် ကြောင်း ဦးရွှေမင်းက ပြောသည်။
၎င်းက “ကျနော်တို့ သိရသလောက်တော့ PR စနစ်နဲ့သွားမယ်လို့ သိရတယ်၊ ဒီအချိုးကျစနစ်ကတော့ တစ်ပါတီ ချုပ်ကိုင်မှု၊ သို့မဟုတ် တစ်ပါတီ အာဏာရှင်စနစ်ကိုတော့ မဖြစ်ပေါ်စေနိုင်ဘူးပေါ့ဗျာ။ ပါတီများရဲ့ ခဲယဉ်းမှု balanced တော့ ရှိလာလိမ့်မယ်ပေါ့ဗျာ၊ ဒါပေမဲ့လည်း ကျနော်တို့ ဒီလူနည်းစု တိုင်းရင်းသားတွေ အခွင့်အရေး ကတော့ တော်တော်လေး ခက်နေမလားလို့တော့ စဉ်းစားမိတယ်၊ ဘာကြောင့်လဲဆို ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေက အများစုအားဖြင့် FPTP (အနိုင်ရအကုန်ယူစနစ်) မှာ ကျနော်တို့ မြို့နယ်တွေမှာ နိုင်တာများ ကြတယ်၊ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးတွေ အများစု ရှိတဲ့နေရာမှာ နိုင်ကြတယ်၊ အဲဒီတော့ ခရိုင်အနေနဲ့ PR နဲ့ ပြန်သွားမယ်ဆိုရင် ဘယ်လိုသွားမလဲ၊ ကျနော့်တစ်ဦး၊ တစ်ယောက်ရဲ့ သုံးသပ်ချက်ကတော့ PR တော့ ကျနော် တို့ တိုင်းရင်းသားလူနည်းစုတွေ လွှတ်တော်ရောက်ဖို့က တော်တော်လေးကို အခက်အခဲ ရှိလိမ့်မယ်လို့ မြင်မိ တယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မဲဆွယ်စည်းရုံးနေစဉ်
လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ (ဒူးလေးပါတီ-LNDP)သည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နေရာ ၂ နေရာ အနိုင်ရရှိခဲ့သည့် ပါတီ ဖြစ်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြား ထား သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1261
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကနေ မြန်မာနိုင်ငံအနေဖြင့် နုတ်ထွက်မှာ မဟုတ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
နစကအနေဖြင့် လက်ရှိ အာဆီယံ၏ပဋိညာဉ် ချိုးဖောက်မှုများကို ထောက်ပြနေမှာဖြစ်ကြောင်း ၎င်းက ပြော သည်။
ဒေါက်တာအေးမောင်က “ကျနော် အမြင်ကတော့ လက်ရှိ အစိုးရက အာဆီယံကနေ နုတ်ထွက်မှာ မဟုတ်ဘူး။ အာဆီယံရဲ့ ပဋိညာဉ်တွေနဲ့ ပတ်သက်လို့ ထောက်ပြနေမှာပဲ။ ဘာလို့ဆို သူနုတ်ထွက်ရင် လာမယ့် အစိုးရအတွက် သူဆောင်ရွက်ခဲ့တာတွေ အပေါ်မှာ ထောက်ပြစရာ ဖြစ်လာမှာစိုးလို့ ဒီလိုပဲ သုံးသပ်ပါတယ်။ နောက်အစိုးရအတွက် အရင်အစိုးရကတည်းက ဆက်ဆံခဲ့တဲ့ အာဆီယံအပေါ်မှာ အာဆီယံရဲ့ မှားကွက်တွေပေါ့ဗျာ၊ အာဆီယံရဲ့ ပဋိညာဉ် ချိုးဖောက်မှုတွေကို သူထောက်ပြ၊ ထောက်ပြနေရုံလောက်ပဲ သူလုပ်မယ်ထင်တယ်၊ နောက်အစိုးရကပဲ တနည်း အားဖြင့် ရွေးကောက်ခံအစိုးရကပဲ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ ဆုံးဖြတ်နိုင်အောင်အထိ သူ့ဘက် က သွားမယ်ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးမှ သဘောတူညီချက်များကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အား တက်ရောက်ခွင့် မပြု ခဲ့ခြင်းကြောင့် လိုက်ပါ ဆောင်ရွက်မည် မဟုတ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီ ဘက်ကနေတော့ နုတ်ထွက်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါသူ့အနေနဲ့ ရှားရှားပါးပါး ရထားတဲ့ အခွင့်အရေးဖြစ်တယ်၊ ဦးသန်းရွှေ လက်ထက်က မနည်းကြိုးစားပြီးတော့ ဒီဟာရအောင် ကြိုးစားထားတာ၊ အဲဒီတော့ အာဆီယံကနေတော့ ဗမာပြည်ဟာ နုတ် ထွက်မှာ မဟုတ်ပါဘူး။ အာဆီယံအဖွဲ့က နုတ်ထွက်တာလည်း လုပ်မှာ မဟုတ်ဘူး”ဟု CNI သတင်းဌာနသို့ ပြော သည်။
အာဆီယံမှ မြန်မာနုတ်ထွက်ပါက ပြည်ထောင်စုငြိမ်းချမ်းရေးမှာ ကောင်းကျိုးထက် အခက်အခဲ ပိုဖြစ်စေနိုင်ခြင်း ကြောင့် နုတ်ထွက်ရန် အလားအလာ နည်းမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုတွေ့ရစဉ်
၎င်းက “နိုင်ငံအနေနဲ့ စုဖွဲ့ထားတဲ့ အင်အားစုတွေနဲ့သော်လည်းကောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံတကာ အခင်းအကျင်းအရ ဆိုရင်တော့ ဒီလိုမျိုး ကျနော်တို့ နိုင်ငံအနေနဲ့ အာဆီယံ အဝိုင်းအဝန်းထဲမှာ ပူးပေါင်း လုပ် ဆောင်နေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတစ်နိုင်ငံကနေပြီးတော့ အစုအဖွဲ့ကနေ ခွဲထွက်ပြီး တော့ သီးခြားရပ်တည် နေထိုင်နိုင်ဖို့ဆိုရင်ကတော့ ပကတိနိုင်ငံရေး အခင်းအကျင်းအရ သော်လည်းကောင်း၊ နိုင်ငံတကာ ယဉ်ကျေးမှုအရ သော်လည်းကောင်း၊ ပထဝီ အနေအထားအရ သော်လည်းကောင်း၊ ကျနော်တို့ အနေနဲ့ကတော့ လက်တွေ့လည်း မကျဘူး။ အဲဒီလိုမျိုးဆိုရင် ကျနော်တို့ လိုလားနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ကောင်းကျိုးထက် အခက်အခဲ ပိုဖြစ်စေနိုင်တယ်လို့ ကျနော်တို့ နားလည်မှုရှိတဲ့ အပေါ်မှာကတော့ ဒါဟာ ဖြစ်နိုင်တဲ့ အလားအလာ နည်းမယ်လို့ ကျနော်တို့အနေနဲ့ ရိုးရိုးသားသား အဲဒီလိုပဲ နားလည်မှုရှိတယ်ခင်ဗျ” ဟု ပြောသည်။
လက်ရှိတွင် အာဆီယံ သဘောတူညီချက် ၅ ချက်ကို နစက-က အကောင်အထည် ဖော်ပေးနိုင်ခြင်း အားနည်း သည်ဟုဆိုကာ အာဆီယံအစည်းအဝေးများ၌ နစက၏ အဆင့်မြင့် ပုဂ္ဂိုလ်များအား တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနှင့်မဆိုင်သော သံတမန် တစ်ဦးကိုသား အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆုံးဖြတ်ထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1128
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအား ထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသော လုပ်ဆောင်မှုများကို ရှောင်ရှားကြရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က တိုက်တွန်းသည်။
PPST ၏ ၂/၂၀၂၂ အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ယခု ထုတ်ပြန် တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
PPST က “မကြာမီက ဖြစ်ပေါ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်း ဖြစ်စဉ်နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါ ကျေးရွာဖြစ်စဉ်တို့တွင် လေကြောင်းမှ အင်အား အလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရသည့်အတွက် များစွာ ဝမ်းနည်းရပါသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအား ထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အတွက် သက်ဆိုင်သူများ အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ပိုမို ဆိုးရွားစေမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်းရှာကြရန်နှင့် နောက်နောင် မဖြစ်ပေါ်စေရေးအတွက် PPST အနေဖြင့် တိုက် တွန်းသည်”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် NCA အနှစ်သာ ၃ ချက်၊ PPST ၏ နိုင်ငံရေး ရည်မှန်းချက် ၇ ချက်နှင့် နိုင်ငံရေး လမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက် အဆင့် ၈ ဆင့်တို့ကို အခြေခံ ပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု PPST က ပြောသည်။

PPST ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အလားတူ PPST အနေဖြင့် မိမိတို့၏ ရပ်တည်ချက် အခြေခံမူ ၃ ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ် မြောက်ရေး နှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသည့် မူများအပေါ် ခိုင်မာစွာ ရပ်တည်ပြီး ရေရှည် တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လှိုင်း လေထန်သည့် နိုင်ငံရေးမုန်တိုင်းကြား မမှိတ်မသုန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
PPST ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။
NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ်ရေးထိုးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1377
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈
မြန်မာ့တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုမှာ အဖျက်စွမ်းအားကြီးသော်လည်း စစ်ရေးအဆုံးအဖြတ် ပြုနိုင် သည့် ယန္တရားမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
လက်ရှိတွင် ဒေသကာကွယ်ရေးတပ် (PDF) များ သတိပြုရမှာက လေကြောင်းစီးနင်း တိုက်ခိုက်မှုဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်က NUG ၏ ရေဒီယို အသံလွှင့် အစီအစဉ်၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးရည်မွန်က “လေကြောင်းဟာ အနှောင့်အယှက် အဖျက်စွမ်းအားကြီးတာ မှန်ပေမယ့် စစ်ရေးအဆုံးအဖြတ် ပြုနိုင် တဲ့ ယန္တရား မဟုတ်ဘူးလို့ ငါတို့နားလည်တယ်။ ငါတို့တော်လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ငါတို့ ဥာဏ် ရှိရင်ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်” ဟု ပြောသည်။

ဦးရည်မွန်နဲ့ PDF တပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့နောက် မြန်မာ့တပ်မတော် အနေဖြင့် မြေပြင်တွင် တော်လှန်ရေးအင်အားကို မယှဉ်နိုင်ဘဲ အရေးနိမ့်လာသည် နှင့်အမျှ လေကြောင်းကို ပိုမိုအားပြုလာကြောင်း၊ PDF ရဲဘော်များအားလုံး မိမိတို့၏ တော်လှန်ရေးသတိ၊ တော် လှန်ရေး ဉာဏ်ပညာကို အမြင့်ဆုံး တပ်လှန့်ထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် စစ်လေယာဉ် အသုံးပြု တိုက်ခိုက်ရုံဖြင့် နိုင်သည်ဟု ပြော၍မရကြောင်း၊ မြန်မာ့ တပ်မတော်မှာ အင်အားနည်းလာ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြုမှု ပိုများပြားလာခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ Salai Timmy က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “သူတို့ဒီမြေပြင်မှာ အခုလောလောဆယ် သူတို့ အင်အားလည်း အဲဒီလောက်အထိ သူတို့ မလောက်တော့ ဘူးနဲ့ တူပါတယ်၊ ကြည့်ရတာ၊ ဒီထိုးစစ်ဆင်မှုတွေလည်း မြေပြင်ကနေတော့ တော်တော်ကြီးကို နည်းလာတယ် ပေါ့နော်၊ ခုနပြောသလိုပေါ့၊ လေယာဉ်အသုံးပြုမှုတွေ ကလိမ်ကကျစ်နဲ့ အသုံးပြုတာတွေ ပိုပိုများလာတဲ့အတွက် သူတို့တော်တော်ကြီးကို အားနည်းလာတယ်ဆိုတာ သိသာပါတယ်။ ဒီလို တိုက်ရုံနဲ့တော့ ကျနော်တို့လည်း သူတို့ ဟာ နိုင်တယ်လို့တော့ ပြောလို့မရဘူးပေါ့နော်၊ နောက်ပြီးတော့ ဒါဟာ သူတို့ရဲ့ ကောက်ကျစ်မှု၊ ဒါဟာသူတို့ရဲ့ ဥာဏ်နီဥာဏ်နက်တွေ နောက်ပြီးတော့ နိုင်ငံတကာ ဥပဒေချိုးဖောက်တာတွေ ဖြစ်လာတဲ့အတွက် သူတို့ဖက် ကတော့ ပိုပြီးတော့ ရှုံးမှန်း ပိုသိသာလာတယ်ပေါ့” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေး လေ့ကျင့်နေစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တပ်မတော်မှ အာဏာရယူပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့၊ PDF ပူးပေါင်းတပ်နှင့် မြန်မာ့တပ်တော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ မြေပြင်ထိုးစစ်သာမက လေကြောင်းဖြင့်ပါ တိုက်ခိုက် လျက်ရှိသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် တို့တွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2069
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးမှ သဘောတူညီချက်များကို မြန်မာနိုင်ငံ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပြုခဲ့ခြင်း ကြောင့် လိုက်ပါ ဆောင်ရွက်မည်မဟုတ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။
ယနေ့ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ကို နိုင်ငံ ရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ တက်ရောက်ခွင့်ပြုခြင်းကြောင့် မြန်မာနိုင်ငံက မတက်ရောက်ခဲ့ပေ။
ထိုသို့ ဖိတ်ကြားခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူညီတူ ကိုယ်စားပြုရေး “မူ”နှင့် တစ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး “မူ”တို့ကို မြန်မာနိုင်ငံအနေဖြင့် ခိုင်မာစွာလိုက်နာလျက်ရှိသော်လည်း ယခုကဲ့သို့ ခွဲခြား ဆက်ဆံသည့် လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိ ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
၎င်းက “ အစည်းအဝေးတွင် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ ၉ နိုင်ငံဖြင့်သာ ဆွေးနွေး သဘောတူညီ ခဲ့ခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆောင်ရွက်ခဲ့ ခြင်း မဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် လိုက်ပါ ဆောင်ရွက်မည်မဟုတ်ပါ”ဟု ပြောသည်။
ထို့နောက် နစကသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်းတွင် ရှေ့လုပ် ငန်းစဉ်(၅)ရပ် ချမှတ်၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ တစ်ချိန်တည်းမှာပင် အာဆီယံ၏ တာဝန်သိ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်ခြင်းကို အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ရာ အချိန်ကန့်သတ်ချက်ဖြင့် ဖိအား ပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင်၊ ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည် သွားစေနိုင်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးကနေ သဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။ ထိုအချက်များမှာ အကြမ်းဖက် မှုများ ရပ်ဆိုင်းရေး၊ သက်ဆိုင်သူ အားလုံး တွေ့ဆုံ ဆွေးနွေးအဖြေရှာရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်ပေးရေး၊ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခွင့်ပြုရေးတို့ ဖြစ်သည်။
ထိုအာဆီယံ သဘောတူညီချက် ၅ ချက်ကို နစက-က အကောင်အထည်ဖော်ပေးနိုင်ခြင်း အားနည်းသည့် အတွက် အာဆီယံအစည်းအဝေးများတွင် နစကဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့အား မဖိတ်ဘဲ နိုင်ငံရေး အရ ကိုယ်စားမပြုသူ တစ်ဦးကိုသာ ဖိတ်ကြားစေခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1781
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇
ကရင်နီလူမျိုးစုနှင့် ပအိုဝ်းလူမျိုးစုအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများကို သတိကြီးစွာထား၍ စည်းလုံးရမည့် အချိန်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းခဲ့သည်။
ယနေ့ (အောက်တိုဘာ ၂၇ ရက်) နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း-၁၀ (KNDF B-10) ၏ ဖွဲ့စည်းခုံတော်လှန်မှု နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
PNFC မှ ပေးပို့သည့် သဝဏ်လွှာတွင် “နယ်မြေအချင်းချင်း ပဋိပက္ခများကို ဖန်တီး၍ လူမျိုးတစ်မျိုး အတွင်းရှိ မတူကွဲပြားသော အစုအဖွဲ့များ အကြားတွင် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်း၊ နယ်မြေချင်း ပဋိပက္ခများမှ တဆင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး အကြား လူမျိုးစုပဋိပက္ခများ ဖြစ်ပွားစေရန် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်းတို့ကို ဖန်တီးလျက်ရှိသည်။ ကရင်နီ နှင့် ပအိုဝ်းတို့သည် ဆွေရင်းမျိုးရင် ညီကိုမောင်နှမရင်းများ ဖြစ်ကြသကဲ့သို့ “တစ်ဦး နှင့်တစ်ဦး မပစ်ပယ်ကြစတမ်း ကတိကဝတ်များ” ကို သမိုင်းစဉ် တစ်လျှောက်လုံး ထိန်းသိမ်း၍ အေးတူပူအမျှ နေထိုင်ခဲ့ကြသည့် မိသားစုများ ဖြစ် သည့် အလျှောက် ကရန်နီနှင့် ပအိုဝ်းအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများ ကို သတိကြီးစွားထား၍ စည်းလုံးရ မည့် အချိန်ဖြစ်သည်” ဟု ဖော်ပြထားသည်။

KNDF-B 10 တပ်ဖွဲ့ကိုတွေ့ရစဉ်(KNDF)
ထို့အတူ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများ အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတွင် အစဉ်တစိုက် လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပအိုဝ်း နွေဦးတော်လှန်ရေး အင်အားစုများဖြင့် စုဖွဲ့ထားသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည့် ကရင်နီ လက်နက်ကိုင် အစုအဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1107
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များကို နယ်မြေလုံခြုံမှု မရှိဘဲ နေရပ်ပြန်ခိုင်း ခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်မည့် သဘောဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တိုက်ပွဲရှောင်များမှာ နေစရာ အိမ်မရှိတော့သည့် သူများ ပါဝင်ကြောင်း၊ တကျော့ပြန် တိုက်ပွဲမှာလည်း ပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “အဲဒီမှာ စစ်ဘေးရှောင်တွေက အမှန်ပြောရရင် ဟိုမှာ တချို့ကျေးရွာတွေဆိုရင် နေစရာအိမ်ကို မရှိတော့ဘူး။ တချို့ကျေးရွာတွေကလည်း တိုက်ပွဲကာလတုန်းကလည်း ဖျက်ဆီးခံလိုက်ရတဲ့ သဘောမျိုးရှိတဲ့ ရွာတွေဖြစ်တယ်၊ အဲဒါကြောင့် အဲဒီလို ရွာတွေကို ဘာမှ နေစရာ၊ ထိုင်စရာအိမ် စီစဉ်ပေးတာလည်း မရှိဘဲနဲ့ လုပ်ကိုင် စားသောက်ဖို့ အတွက်လည်း ဘာမှ အကူအညီ မပေးဘဲနဲ့ နယ်မြေလုံခြုံမှုလည်း မရှိဘူး။ အခု ရခိုင်ပြည် မှာက တကျော့ပြန် တိုက်ပွဲကလည်း ပိုလို့ ပြင်းထန်လာနိုင်တယ်၊ အဲဒီလို အခြေအနေမျိုးမှာ အတင်းအဓမ္မပုံစံမျိုး လို အဲဒီလို ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာဆိုတော့ ပြည်သူတွေအတွက် အကြီးအကျယ် ဒုက္ခရောက်မယ့် သဘော ဖြစ်နေတယ်။ ကျနော်တို့ သိသလောက် ပြောမယ်ဆိုရင် အဲဒီလူတွေက ကိုယ့်ရပ်ကွက်ကို ပြန်လို့ရတဲ့ အခြေအနေ လုံးဝမရှိသေးဘူးလို့ ကျနော်ကတော့ အဲဒီလိုမြင်တယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့ဆိုင်းဘုတ်ကိုတွေ့ရစဉ် (Cape Diamond)
ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်းများမှ တာဝန်ခံများကို နစက-က ခေါ်၍ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြရန် ပြောခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းထံ CNI သတင်းဌာနက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံ ဖြေကြားခြင်း မရှိပေ။
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များကိုတော့ နေရပ်ပြန်ရန် ညွှန်ကြားချက် မရှိသေးကြောင်း၊ လက်ရှိ အနေအထားအရ နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။
၎င်းက “ကျနော်တို့ဖက်တွေကိုတော့ အဲဒီဟာတွေ အကြောင်းကြားစာတွေတော့ မရောက်သေးပါဘူးခင်ဗျ၊ နေရပ် ပြန်ဖို့ ကိစ္စကတော့ မသေချာသေးဘူး ထင်တယ်၊ ဘာလို့လဲဆိုတော့ နှစ်ဖက်က စစ်ရေးတွေ တင်းမာနေကြတဲ့ အချိန်ကြတော့ ဒုက္ခသည်တွေက နေရပ်ပြန်ဖို့လည်း စိုးရိမ်နေကြတာ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
လက်ရှိတွင် တိုက်ပွဲရှောင်များမှာ မိမိတို့၏ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွားများလည်း မရှိတော့ကြောင်း၊ ၎င်း အခြေအနေတွင် ဖိအားပေး နေရပ်ပြန်ခိုင်းခြင်းမှာ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့ရာကျကြောင်း ဦးသာထွန်းလှက ပြောသည်။
၎င်းက “တိုက်ပွဲရှိနေရင် ဒီလူတွေ အဲဒီဒေသက ကိုယ့်ရပ်၊ ကိုယ့်ရွာကို ပြန်လို့ရတဲ့ အခြေအနေမရှိဘူး။ အဲဒါ ကြောင့် အရေးကြီးတာက တိုက်ပွဲတွေ မရှိမှ၊ ပြီးရင် ရပ်ရွာတွေထဲမှာ အရင်တုန်းကလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့် လက်နက်ကြီးတွေ၊ မပေါက်ကွဲသေးတဲ့ ကျန်နေခဲ့တဲ့ အရာတွေနဲ့ ဒီလူတွေနဲ့ အသက်အန္တရာယ် ကတော့က စိုးရိမ်မှု ရှိမယ်လို့ ကျနော်မြင်တယ်၊ ပြီးရင် ဒီလူတွေမှာ လုပ်ကိုင်စားသောက်ဖို့ ကိရိယာတွေ ဘာမှ အဆင်သင့် မရှိဘူး။ အရင်တုန်းကဆိုရင် မွေးမြူထားတဲ့ ကျွဲတွေ၊ နွားတွေနဲ့ လယ်ယာတွေ ဘာတွေ လုပ်ကိုင် စားသောက်တာ ရှိတယ်၊ အခုအဲဒီလို လုပ်ငန်းခွင်သုံး ကျွဲ၊ နွားတွေကလည်း မရှိတော့တဲ့ အခြေအနေမှာ အခုလို အတင်းအဓမ္မ ပုံစံမျိုးနဲ့ ဖိအားပေးပြီး တစ်စုံတစ်ရာ ကူညီထောက်ပံ့မှု မရှိဘဲနဲ့ အဲဒီလို ပြန်ခိုင်းတာတော့က ပြည်သူ တွေ အပေါ်မှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့ရာ ကျတယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ စက်တင်ဘာလအထိ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့ ကြောင်း၊ ယခင်နှင့် လက်ရှိ ပဋိပက္ခကြောင့် ထွက်ပြေးရသူ စုစုပေါင်း ၉၀၀၀၀ ကျော် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
