CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅

နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတသည့် အခြေအနေများရှိမှသာ ရွေးကောက်ပွဲ ကျင်းပရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ် The Elders ဒုဥက္ကဋ္ဌ ဘန်ကီမွန်းက ဧပြီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ဧပြီ ၂၄ ရက်နေ့က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သီးခြားစီ တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

နစကသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ထိုထဲတွင် အထွေထွေ ရွေး ကောက်ပွဲ ကျင်းပ၍ အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် ပြန်လည် လွှဲပြောင်းပေးရန် အချက် ပါဝင်သည်။

လက်ရှိ အချိန်ထိ နစကသည် ရွေးကောက်ပွဲကို မည်သည့် အချိန်တွင် ကျင်းပမည်ဟု ထုတ်ပြန် ကြေညာထား ခြင်း မရှိသေးပေ။

ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်က တွေ့ဆုံစဉ်

သို့သော် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)ကလည်း နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံပြန်တင်ရန် သတ်မှတ်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်နေသလို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင်လည်း ဗုံးပေါက်ကွဲမှုများနှင့် လုပ်ကြံ သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။