- By CNI
- Category: နိုင်ငံရေး
- Hits: 4224
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉
ထဲမှ အထောက်အထားမရှိသူများအား မေလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် အဖမ်းအဆီးများလာနိုင်ကြောင်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်း အလုပ်သမား များစွာရှိနေသောကြောင့် ပါမစ်အား မေလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုးကြရန် ထိုင်းအာဏာပိုင်များက အချိန်တိုးပေးထားခြင်းဖြစ်သည်။
သို့သော် မေလ ၁၄ ရက်နေ့တွင် ၎င်းတို့နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် မေလ ၁၅ ရက်နေ့နောက်ပိုင်းတွင် အထောက်အထားမရှိသူများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများလာနိုင်ကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“၁၅ ရက်နေ့ နောက်ပိုင်းဆိုရင်တော့ မြန်မာတွေကို စစ်ဆေးတော့မှာလေ။ အခုတောင်မှ ဖမ်းနေပြီး စစ်ဆေး နေပြီ။ တစ်နေရာနဲ့တစ်နေရာ၊ တစ်မြို့နဲ့တစ်မြို့ သွားတဲ့အခါကြရင် ဒီအထောက်အထား ရှိ၊ မရှိ စစ်ဆေးတာတွေ။ နောက်ပြီးတော့ ခိုးဝင်တာတွေလည်း အစုလိုက် အပြုံလိုက် အဖမ်းခံရတာတွေရှိတယ်။ ကျနော် ပြောချင်တာက တော့ ဒီမြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီ မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ စာရွက်စာတမ်း မပြည့်စုံတော့ ဘူးဆိုရင် သွားလာတဲ့နေရာမှာ အင်မတန် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အထောက်အထား မပြည့်စုံတော့ဘူးဆိုရင် သူတို့ ဖမ်းတော့မယ်။ ဖမ်းရင် သာမန်အထောက်အထားမရှိတဲ့ ခိုးဝင် တဲ့ မြန်မာနိုင်ငံသားနဲ့မတူဘဲနဲ့ လက်ဝယ်ကိုင်ဆောင်ထားတဲ့ အထောက်အထားအဟောင်းတွေ သက်တမ်း ကုန်ဆုံးသွားတယ်။ သက်တမ်း ပြန်မတိုးထားတာဖြစ်တဲ့အတွက် အဲဒီဥပဒေနဲ့ သူတို့ကအရေးယူလိမ့်မယ်။ ထောင်ချခွင့်ရှိတယ်၊ ဒဏ်ငွေရိုက်ခွင့်ရှိတယ်။ နောက်ဆုံး ပတ်စပို့တွေဆိုရင်လည်း ဗီဇာသက်တမ်းကုန်သွား တာဖြစ်တဲ့အတွက် ဗီဇာတွေကို Blacklist လုပ်ခွင့်ရှိတယ်။
နိုင်ငံအတွင်းကို ပြန်မဝင်တာ တစ်နှစ်ကနေ ငါးနှစ် အထိ အထောက်အထားပေါ်မှာ မူတည်ပြီးတော့မှ ဒီလိုအပြစ်ပေးလာနိုင်စရာ အကြောင်းရှိတယ်။ ဒါ သူ့နိုင်ငံရဲ့ တည်ဆဲဥပဒေပဲ” ဟု ၎င်းက ပြောသည်။
ယခု မေလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည့်အတွက် လက်ရှိ အုပ်ချုပ်နေသည့် အစိုးရအာဏာပိုင်များအနေဖြင့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းအသစ်များအား ချပိုင်ခွင့် မရှိကြောင်းလည်း သိရသည်။

ပုံ-အသားထုတ်လုပ်သည့် စက်ရုံလုပ်ငန်းခွင်တစ်ခု(ဓါတ်ပုံ-Getty Images)
ထို့ကြောင့် မေလ ၁၅ ရက်နေ့တွင် သက်တမ်းမတိုးရသေးသူ အများအပြားရှိနေပါကလည်း အထောက်အထား သက်တမ်းတိုးကာလအား ထိုင်းအာဏာပိုင်များမှ ရက် တိုးမြှင့်သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်သကဲ့သို့ မလွယ်ကူ လှကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီတော့ အနီးကပ်မှ လုပ်မယ့်သူတွေက တော်တော်လေး ဒုက္ခရောက်တယ်။ အထူးသဖြင့်တော့ ရွှေ့ပြောင်း အလုပ်သမား အများစုက ပွဲစားတွေ၊ အေဂျင်စီတွေကို မှီခိုနေတာဆိုတော့ ပွဲစား၊ အေဂျင်စီတွေရဲ့ ထိထိ ရောက်ရောက် ဝန်ဆောင်မှုပေးတဲ့အပေါ် မူတည်ပြီးတော့ သူတို့အနေနဲ့က အထောက်အထားနဲ့ ပတ်သက် ပြီး တော့ အဆင်ပြေမှု၊ မပြေမှုဆိုတာ ဖြစ်တယ်။ အဲဒီတော့ တချို့ ပွဲစားတွေ အေဂျင်စီတွေက ပိုက်ဆံ ယူထားပြီး တော့ တကယ့်တကယ် အချိန်ဆွဲပြီး မလုပ်ပေးဘူး။ နောက်ဆုံး အနီးကပ်တဲ့အခါကျမှ သတ်မှတ်တဲ့ရက်က ကုန်တော့မယ်ဆိုတဲ့အခါကျတော့ ပိုက်ဆံကုန်ထားပြီးတော့ အထောက်အထားမရှိတာမျိုးတွေ အခုလည်း ထပ်ကြုံဦးမှာပဲ။ အခုတကယ်လို့ မလုပ်နိုင်တဲ့လူက များတယ်၊ အများကြီးကျန်တယ်ဆိုရင် သူတို့ ဖြေလျှော့ပေး တာတို့ ဒါမျိုးတွေတော့ လုပ်တတ်တယ်။ ဖြေလျှော့ပေးတယ်ဆိုတာက နောက်ထပ် တစ်လ တန်သည်ပေါ့။ အဲဒါကကျတော့ သိပ်ပြီးတော့မလွယ်ဘူး အဲဒီလိုပြောလို့ရတယ်။ ဒီအတောအတွင်းမှာဆို သူတို့ ထုတ်ပြန်ဖို့က ခက်တယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင် သက်တမ်းမတိုးရသေးသည့် မြန်မာရွှေ့ပြောင်းများအနေဖြင့် မေလ ၁၅ ရက်နေ့ မတိုင်ခင် အမြန်ဆုံး သက်တမ်းတိုးပြုလုပ်ကြရန်နှင့် ပွဲစားများအနေဖြင့်လည်း ၎င်းတို့အား အပ်နှံ၍ သက်တမ်းတိုး ပြုလုပ်ထားသူများ အား အချိန်မီ သက်တမ်းတိုး ပြုလုပ်ပေးကြရန် ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 941
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၊ လာဘွမ်ဘဂျိုပင်လယ်မြို့မှာ ယနေ့ (မေလ ၉ ရက်)တွင် စတင်ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာကိုယ်စားလှယ် ထိုင်ခုံလွတ်နေဆဲကို မြင်တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1196
ရွေးကောက်ပွဲ ဖျက်မှာက နစက အကြိုက်ဖြစ်စေသည်ဟု ပြော
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၈
ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဆိုခြင်းက နစကအကြိုက် ဖြစ်စေကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ထို့အတူ ရွေးကောက်ပွဲ မကျင်းပဖြစ်ပါက နှစ် ၂၀၊ ၃၀ စသဖြင့် နစကမှ အုပ်ချုပ်သွားမှာဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ မိမိတို့အနေဖြင့် ဘာမှ ပြောပိုင်ခွင့်မရှိကြောင်း ၎င်းက ပြောသည်။
ဦးလီပေါ်ရဲ့က “ရွေးကောက်ပွဲတစ်ခုတော့ လုပ်သင့်တယ်၊ လုပ်ပြီးမှ လွှတ်တော်ပေါ်လာရမယ်၊ အစိုးရကိုတော့ ကျနော်တို့ မပြောပါဘူး။ အစိုးရကတော့ ဘယ်အစိုးရပဲ တက်တက်ပါ၊ လွှတ်တော်ရှိရင် လွှတ်တော်ကနေ အစိုးရကို ထိန်းကျောင်းနိုင်တဲ့ အခြေအနေ အလားအလာ အများကြီးရှိတဲ့အတွက် အခုရွေးကောက်ပွဲ မလုပ်ဘဲနဲ့ နစက ဒီလိုပဲ အုပ်ချုပ်သွားတာ ထက်စာရင် ကျနော်တို့ အမြင်ကတော့ ရွေးကောက်ပွဲ လုပ်ပြီးမှ ဘယ်အစိုးရပဲ တက်တက် လွှတ်တော်တစ်ရပ်နဲ့ နိုင်ငံတော်ကို ရှေ့လျှောက်သွားမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အလားအလာ ကောင်းတယ်လို့ ကျနော်တို့က မြင်တယ်၊ ဒါမှမဟုတ် ရွေးကောက်ပွဲကို မလုပ်နဲ့ ရွေးကောက်ပွဲကိုဖျက်မယ်၊ ရွေးကောက်ပွဲကို ဟိုလုပ်မယ်၊ ဒီလုပ်မယ်ဆိုတာကတော့ တကယ် နစကအကြိုက် ဖြစ်သွားမှာပေါ့၊ ဟုတ်တယ်မလား၊ နှစ် ၂၀၊ ၃၀ အုပ်ချုပ်သွားရင်လည်း သူတို့ သဘောဖြစ်သွားမှာပေါ့၊ အဲဒီတော့ အခုလက်ရှိမှာ ကျနော်တို့မှာ ဘာမှ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်မရှိဘူး။ တိုင်းပြည်တိုးတက်ဖို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တင်ပြပိုင်ခွင့်က ပြည်သူလူထုမှာ မရှိဘူး။ အခုလက်ရှိမှာ အဲဒီတော့ ကျနော်တို့ ပြည်သူလူထုမှာရှိတဲ့ အခြေအနေကို ကျနော်တို့က လိုချင်တာ ဒါက ရှင်းရှင်းပြောရရင် ဘယ်ပါတီအနိုင်ရမှ ဟိုပါတီအနိုင်ရမှ ကျနော်တို့က အစိုးရဆင်းမှ ကျနော်တို့ ဒါကို မမျှော်ကိုး ဘူး။ ကျနော်တို့ မျှော်ကိုးတာက လွှတ်တော်ရှိမယ် လွှတ်တော်ကနေ တိုင်းပြည်အတွက် မတရားတဲ့ အမိန့်အာဏာတွေ လွှတ်တော်ကနေ ထိန်းကျောင်းမယ် ဥပဒေတွေ၊ မတရားတဲ့ ဥပဒေတွေ ပြည်သူလူထုအတွက် ရှိနေတဲ့ ဥပဒေ ကို လွှတ်တော်ကနေ ပြုပြင်မယ် ကျနော်တို့ကတော့ အဲဒါပဲ လိုချင်တာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူတစ်ဦး ရွေးကောက်ပွဲ မဲထည့်နေစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ယာယီသမ္မတ ဒူးဝါလရှီလက ပြောကြားထားသည်။
ထို့နောက် NUG ၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF)များက နစက၏ ရွေးကောက်ပွဲအတွက် လူဦးရေ သန်းခေါင်စာရင်း လိုက်ကောက်သည့် လ.ဝ.က ဝန်ထမ်းများကို တိုက်ခိုက်ခြင်းနှင့် ရုံးများ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ပြည်သူများ စိတ်ဆန္ဒရှိရှိနှင့် ပါဝင်ဆောင်ရွက်နိုင်သည့် အခင်းအကျင်းဖြစ်ရန် အရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ဦးသာထွန်းလှက “အခု မြန်မာနိုင်ငံမှာ ပြည်သူတွေက စိုးရိမ်စိတ်နဲ့ နေထိုင်ရတဲ့ အခြေအနေမျိုးပဲ ရှိတယ်၊ ပြီးရင် ပြည်သူတွေ အသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေလုပ်ကိုင် စားသောက်နေရတဲ့ အပိုင်းမှာလည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အလုပ်အကိုင်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ သတင်းမျိုးလည်း နေ့စဉ်ရက်ဆက် ကြားသိနေရတယ်၊ အဲဒါကြောင့် ရွေးကောက်ပွဲဆိုတာက ပြည်သူတွေ ကြည်ကြည်လင်လင်နဲ့ စိတ်ဆန္ဒရှိရှိနဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ အရေးကြီးတယ်လို့ မြင်တယ်၊ အဲဒါကြောင့် အဓိက အရေးကြီးတာက မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာ ရှိနေတယ်ဆိုတာကို ပကတိအခြေအနေ အရှိတရားကို လက်ခံပြီး အဲဒီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်တဲ့ နေရာမှာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မျိုး ဖြစ်အောင် အရင်ဆုံး လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် အဓိကလိုအပ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောလိုတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲနိုင်လို့ NLD ကို ထောက်ခံနေသူတစ်ဦး
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့နောက် လက်နက်ကိုင် နွေဦးတော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့က ဖော်ဆောင်ကာ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသလို နစက ကျင်းပမည့် ရွေး ကောက်ပွဲကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။
သို့သော် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိတွင်လည်း နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးပါတီ မှတ်ပုံတင်နိုင်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက် ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1206
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၆
နိုင်ငံရေးပါတီများအနေဖြင့် သံတမန်များနှင့် တွေ့ဆုံမည်ဆိုပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ရှေ့တွင် တွေ့ဆုံရမည်ဟု နိုင်ငံရေးပါတီများ အသိုင်းအဝန်းကြားမှာ သတင်းထွက်ပေါ်နေသည်။
ထိုကန့်သတ်ချက်မှာ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကြောင့် ဖြစ်နိုင်ကြောင်း လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးလီပေါ်ယဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ အခု UEC လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဖြစ်မှာပါ။ တကယ်တမ်းတော့ ပါတီတွေကတော့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ရှိပြီးသားပါ၊ ဒါပေမဲ့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ မူတည်ပြီးမှ သူတို့ အဲဒီဟာလေးတွေ ကြိုတင် သတ်မှတ်ချက်လေးတွေ လုပ်ထား၊ ကာထား တယ်လို့ မြင်တယ်လေနော်၊ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်လေ၊ ရွေးကောက်ပွဲ လုပ်ပြီးမှ လွှတ်တော် ထွက် လာမယ် ဘယ်အစိုးရပဲ တက်တက်ပါ၊ အဓိကတော့ လွှတ်တော်ကြီးရှိဖို့ လိုတယ်လေ၊ လွှတ်တော်ရှိမှ ဒီဟာတွေ က လွှတ်တော်ထဲကနဲ့ပဲ အမိန့်အာဏာတွေက တရားသော အမိန့်အာဏာဖြစ်ဖို့အတွက် လွှတ်တော်ရှိမှ လွှတ်တော်ကနေ တဆင့် ဒါတွေ ထိန်းကျောင်းလို့ ရတယ်လေ၊ အဲဒီတော့ လွှတ်တော် မရှိဘူးဆိုရင်တော့ အခုလိုပဲ ပေါ့၊ ရှင်းရှင်း ပြောမယ်ဆိုရင်တော့ တစ်ဖက်သတ် အမိန့်အာဏာပဲ ရှိလာမှာပဲလေ၊ လွှတ်တော် ရှိတာကတော့ ကျနော်တို့ ပြည်သူလူထုအတွက်ပဲ တစ်ပန်းသာမှာပေါ့ကွာ၊ နိုင်ငံရေးပါတီ အတွက်လည်း အခုလို ကိစ္စတွေက တကယ်တမ်း ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ရှိလာရင် ဒီဟာတွေက ပျောက်သွားမှာပဲလေ” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံနေစဉ်
နိုင်ငံရေးပါတီများ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံမည်ဆိုလျှင် UEC အရှေ့မှာ တွေ့ရမည်ဆိုသော ကန့်သတ် ချက်လုပ်ထားသည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ CNI သတင်းဌာနက မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
နိုင်ငံရေးပါတီများ နိုင်ငံတကာ သံတမန်များနှင့် တွေ့မည်ဆိုပါက UEC အရှေ့မှာ တွေ့ရမည်ဆိုသော ကန့်သတ် ချက်ကို တရားဝင် နိုင်ငံရေးပါတီများထံသို့ စာပို့ ကန့်သတ်ခြင်းမဟုတ်ဘဲ ၎င်း၏ရုံးရှိ ဝှိုက်ဘုတ်တွင် ရေးသားထား ခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့သည့် နိုင်ငံရေးပါတီတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီများ သံတမန်နှင့် တွေ့ဆုံပါက UEC ပါရမည်ဆိုသည်မှာ နိုင်ငံရေးပါတီများကို ကန့်သတ်ချုပ်ခြယ်မှု များပြားနေကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးက CNI သတင်းဌာနသို့ ပြော သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးကို တွေ့ရစဉ်
မန်းအောင်ပြည့်စိုးက “ဒီဟာကြီးကြတော့ နည်းနည်းလေး ကျနော်တို့ကို ချုပ်ထားတာ နည်းနည်းများ များနေ မလားပေါ့၊ ချုပ်ထားတာ များနေမလားပေါ့လေ၊ အရင်တုန်းကတော့က ကျနော်တို့ တွေ့ကြုံဖူးတယ်၊ နိုင်ငံခြား သံတမန်တွေနဲ့ ဘယ်သူမှ ဘာမှ မပြောဘူး။ နောက်ပြီးတော့ ကျနော်တို့ဆီ တရားဝင်စာနဲ့ ပေနဲ့တော့ မတွေ့ရ သေးဘူးဗျ၊ သူတို့ရုံးမှာပဲ ချိတ်ထားတယ်ဆိုလို့ရှိရင်လည်း တစ်ပြည်လုံးက ပါတီတွေက အဲဒီမှာ ရှိတာမှ မဟုတ် တာ တစ်ပြည်လုံးအနှံ့ရှိနေတဲ့ အခါကြတော့ သိချင်မှ သိမယ်၊ အဲဒီတော့က ကျနော်ပြောချင်တာတော့ အရင်တုန်း ကတော့ ကျနော်တို့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရှိတယ် အခု အဲဒီလိုဆိုရင်တော့လည်း တစ်မျိုးတော့ တစ်မျိုး လေးပေါ့ဗျာ၊ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျနော်လည်း ပြောလို့မရသေးဘူးပေါ့နော်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ အကြောင်းကြားရမည်ဟု နိုင်ငံရေးပါတီများသို့ UEC က ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်က စာပို့ အကြောင်းကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1600
CNI News
၂၀၂၃ ခုနှစ်၊ မေ ၅
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ခေါင်းဆောင် အပြောင်းအလဲကြောင့် ပိုမိုကောင်းမွန်သည့် စည်းရုံးမှု တစ်ခုကို ရောက်ရှိသွားမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ယခင် KNU ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြန်လည် အရွေးမခံခြင်းမှာလည်း ကောင်းမွန်ကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးအပေါ် KNU ခေါင်းဆောင် အပြောင်းအလဲက သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “ကျနော်တို့က တကယ်တမ်းကြတော့ နွေဦးတော်လှန်ရေးနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်ကတော့ နော်စီဖိုးရာစိန်တို့ အုပ်စုပဲလို့ ကျနော်တော့ သဘောပေါက်ပါတယ်၊ ဒါပေမဲ့ အခု ပဒိုစောကွယ်ထူးဝင်းလည်း မဆိုး ပါဘူး။ သူက ကြားသမားပေါ့ဗျာ၊ ကြားနေတာပေါ့၊ ပြင်းပြင်းထန်ထန် တိုက်တိုက်တွန်းတွန်း လုပ်တဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ သူက အစွန်းရောက် လှုပ်ရှားမှုတွေလည်း မရှိဘူး။ နောက်ပြီးတော့ သက်တမ်းအရလည်း ဆိုလို့ရှိရင် လည်း သူက ဒုဥက္ကဋ္ဌဆိုတော့ သူက ဥက္ကဋ္ဌ နေရာပေးသင့်တဲ့သူ တစ်ယောက်ပေါ့ဗျာ၊ အဲဒါကြောင့် ဒီလို အပြောင်း အလဲ လုပ်လိုက်တာဟာ KNU အဖွဲ့အစည်းအတွက်တော့ ပိုမိုကောင်းမွန်တဲ့ ပိုမိုစည်းရုံးနိုင်တဲ့ အနေအထား တစ်ခု ကို ရောက်ရှိသွားနိုင်တယ်လို့ ယူဆပြီးတော့ ကြိုဆိုပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို တွေ့ရစဉ်
(၁၇)ကြိမ်မြောက် KNU ကွန်ကရက်မှ ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး၊ တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုတရားသူကြီးချုပ်မှာ ပဒိုနော်မြိုင်ဖိုးတို့ ရွေးချယ်ခံခဲ့ရသည်။
လက်ရှိ ရွေးချယ်ခံရသူ အများစုမှာ အမာလိုင်းကို အားသန်သည့် ပုဂ္ဂိုလ်အများစုပါဝင်ကြောင်း ငြိမ်းချမ်းရေးနှင့် တော်လှန်ရေး မည်သည့်ဘက်ကို သွားမည်ဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
မန်းအောင်ပြည်စိုးက “အခုလူတွေ အများစုကတော့ အမာစားထဲက ဖြစ်နေတယ်ပေါ့ဗျာ၊ ပြောရမယ်ဆိုရင်တော့ Hard Liner ပေါ့။ Hard Liner ဆိုတော့ နည်းနည်း မာတဲ့အထဲက ဖြစ်တာပေါ့ဗျာ၊ မာတဲ့အထဲကဆိုတော့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်လို့ သူတို့ တင်းတင်းမာမာပဲ သွားမလား၊ ပျော့ပျော့ပြောင်းပြောင်းပဲ သွားမလား ဆိုတာကတော့ ခဏလေးတော့ စောင့်ကြည့်ရဦးမှာပေါ့လေ၊ မာတယ်လို့ ပြောပေမဲ့လည်း ပဒိုကွယ်ထူးဝင်းတို့က အရင်တုန်းက ဦးသိန်းစိန်တို့ လက်ထက်ကတည်းကိုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တောက်လျှောက် လုပ်လာခဲ့တဲ့သူတွေ ဖြစ် နေတော့ အခြေအနေ အရပ်ရပ်ကို သူတို့က သိတော့ သိနေတယ်၊ ဒါပေမဲ့ အခုပါလာတဲ့ လူတွေ အတော်များများ ကတော့ လူလတ်ပိုင်းတွေ ဖြစ်နေတော့က နည်းနည်းမာတဲ့ တောနီးတို့ဘာတို့က သိတဲ့အတိုင်းပဲ နောက် ဗိုလ်မှူးချုပ် တာမလာစောဆိုတာ လူငယ်ပဲ သူကလည်းပဲ ဒီလောက်မဆိုးဘူး။ အဲဒီတော့ ခဏလေးတော့ စောင့်ကြည့်ရမှာပေါ့လေ၊ လောလောလတ်လတ်ကြီးတော့ ကျနော် သုံးသပ်လို့ မကောင်းသေးဘူး။ သုံးသပ်လို့ မဖြစ်သေးဘူးပေါ့ဗျာ” ဟု ပြောသည်။

KNU ဒုဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရသူ ပဒိုစောဆဲဂေကို တွေ့ရစဉ် (Salween Press)
KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါနှင့် တပ်မတော်က အာဏာရယူပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရွှေ့ ဆိုင်းခဲ့ရကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
တခြားတစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများကို လူသားချင်း စာနာထောက်ထားမှုအရ စောင့် ရှောက်ထားသလို PDF များနှင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက် ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1222
CNI News
၂၀၂၃ ခုနှစ်၊ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာအနီးတွင် ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ် (HPDF)နှင့် ဟုမ္မလင်းဒေသအတွင်း လှုပ်ရှားနေသော PDF ပူးပေါင်းတပ်နှင့် မြန်မာ့တပ်မတော်တို့အကြား ယနေ့ (မေလ ၄ ရက်) နံနက် ၁၀ နာရီခန့်က စတင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
HPDF မှ မြင်သာကျေးရွာ အတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ယနေ့ ညနေ ၄ နာရီအထိ တပ်မတော်က လေယာဉ်ဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

HPDF တပ်ဖွဲ့၀င်များကိုတွေ့ရစဉ်
၎င်းက “ဒေသခံတွေ ပိတ်မိနေတာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ အိမ်နောက်ဖေး ၄ လုံးလောက်ကျတာ၊ ခုထိ ကြဲနေတုန်း၊ မြင်သာတစ်ရွာလုံး PDF ဝင်စီးနေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်မှ စတင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေကာ လက်ရှိအချိန်အထိ စစ်ရေးအရှိန် မြင့်နေဆဲဖြစ်ကြောင်း မြန်မာ့တပ်မတော်နှင့် တခြား လက်နက်ကိုင်အဖွဲ့များ တပ်ထိုင်သော နေရာများ၊ လုံခြုံရေး ကင်းထိုးသော နေရာများမှ ဝေးဝေးရှောင်ဖို့ HPDF မှ ယနေ့ မေလ ၄ ရက်နေ့မှာ ထုတ်ပြန် ခဲ့သည်။
လက်ရှိတွင် ဟုမ္မလင်းမြို့နယ်အတွင်း ဖုန်းလိုင်းများ ဖြတ်တောက်နေကြောင်း သိရသည်။
မြန်မာ့တပ်မတော်နှင့် ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (HPDF) ပူးပေါင်းတပ်တို့အကြား ဟုမ္မလင်းမြို့နယ် အတွင်း၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1791
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၄
တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန်နှင့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေတို့ မေလ ၂ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာန တစ်ခု ဖြစ်သည့် CGTN က ရေးသား ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့် တွေ့ဆုံခဲ့စဉ်တွင် မစ္စတာကျင်းဂန်က “တရုတ်သည် မြန်မာနိုင်ငံအတွက် အားကိုး၍ရသော အိမ်နီးချင်း ကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း တစ်နိုင်ငံဖြစ်ကာ တည်ငြိမ်မှုကို ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတို့အတွက် အစဉ်တစိုက် ထောက်ပံ့ပေးခဲ့ကြောင်း”ပြောသည်။
ထို့နောက် မစ္စတာကျင်းဂန်က ကိုယ်ပိုင်အခြေအနေများ၊ မြန်မာ့စရိုက်လက္ခဏာများ ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတစ်ခု ရှာဖွေရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ခိုင်မာစွာ တိုးတက်လာစေရေးတို့ အတွက် ထောက်ပံ့သွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့်တွေ့ဆုံစဉ် ပြောခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မစ္စတာကျင်းဂန် တွေ့ဆုံစဉ်
၎င်းက “ တရုတ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လေးစားကြောင်း၊ မြန်မာနိုင်ငံ၏ လွှတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အား ထိန်းသိမ်းရေး၊ နိုင်ငံရေး တည်ငြိမ်မှုနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်မှုတို့ ရရှိဖို့ ထိန်းသိမ်းရေးတို့တွင် ခိုင်မာစွာ ထောက်ပံ့ကူညီလျက်ရှိတယ်”ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန်သည် မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့မှ ၄ ရက်ထိ ရောက်ရှိလာခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်တွေ့ဆုံ၍ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2261
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၄
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီး ၂ နှစ်အတွင်းအရ မိမိတို့၏ တိုက်ခိုက်ရေး အင်အားသည် ရန်သူ့ထက် သာလွန်အင်အား ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
ထို့အတူ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့်အတူ ပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီတို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
NUG က “စစ်ရေးကဏ္ဍ တစ်ခုလုံးကို ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ၊ ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)များ ခြေကုတ်ယူထားတဲ့ မြို့နယ်ပေါင်း (၂၅၀) ကျော်နဲ့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး လူအင်အား (Man Power) အရ မိမိတို့ရဲ့ တိုက်ခိုက်ရေး အင်အား သည် ရန်သူ့ထက် သာလွန်အင်အား ဖြစ်အောင် ဤအချိန် (၂) နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
NUG ဖွဲ့စည်းပြီး (၂) နှစ်တာ ကာလအတွင်း မဟာမိတ် ERO များနှင့် ခုခံတော်လှန်စစ် ပူးပေါင်း ဆောင်ရွက်မှုများ မှတဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်တွင် စစ်ဆင်ရေး နယ်မြေအလိုက် Chain of Command တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
နိုင်ငံတစ်ဝှမ်းရှိ PDF များအားလုံး NUG ၏ လက်အောက်တွင် မရှိသေးဟု ယူဆကြောင်း၊ သို့သော်လည်း တစ်စု တစ်စည်းတည်း ဖြစ်လာပါက အားကိုးရသည့် တပ်မတော်တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “တစ်နိုင်ငံလုံးမှာရှိတဲ့ PDF တွေအားလုံး NUG ရဲ့အောက်မှာ တစ်စုတစ်စည်း၊ တစ်စုတစ်ဖွဲ့တည်း အဲလို စုစည်း ထားနိုင်တယ်ဆိုရင်တော့ အဲဒီလိုပြောလို့ ရတာပေါ့၊ အခုနေမှာတော့ သူတို့အောက်မှာ ရှိကောင်း ရှိလိမ့်မယ်၊ တချို့အဖွဲ့တွေလည်း သူ့ဟာနဲ့တူ သီးခြားရှိနိုင်မယ်၊ အဲဒါတွေကို စည်းရုံးပြီးတော့ တစ်ဖွဲ့ထဲဖြစ်အောင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးအောက်မှာ တကယ့် standard army တစ်ခု ပုံဖော်ဖို့အထိ တဖြည်းဖြည်း ဖြစ်လာ အောင်ပေါ့၊ အင်အားစုတွေကို စုစည်းထားနိုင်ဖို့က အရေးကြီးဆုံး လုပ်ရမယ့် လုပ်ငန်းလို့ ကျနော်တို့ မြင်တယ်၊ အခုတော့ သူတို့ပြောသလောက် ဒီ PDF တွေ အားလုံးဟာ သူတို့ရဲ့ လက်အောက်မှာကြီး မဟုတ်ဘူးလို့ ကျနော်တို့ က ယူဆတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒီလို လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ အင်အား ဘယ်လောက်ရှိတယ်၊ တပ်မတော်တစ်ခုကို ဖွဲ့စည်းတည်ထောင် နိုင်မလဲပေါ့၊ အဲဒီလို ခြေလှမ်းမျိုးလည်း လုပ်သင့်တယ်၊ အဲဒီလို အခြေ အနေမျိုး ဖြစ်လာမယ်ဆိုရင်တော့ တကယ့် အင်အားကြီးတစ်ရပ် NUG အောက်မှာ တကယ့် Army အားကိုးရတဲ့ တပ်မတော်တစ်ခု ဖြစ်လာမယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တော်လှန်ရန် စစ်သင်တန်း တက်နေကြသူများကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်အား ဖြုတ်ချနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဖွဲ့စည်းကာ တော်လှန် တိုက်ခိုက်လျက်ရှိပြီး လက်ရှိတွင် NUG ဖွဲ့စည်းမှု ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1110
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂
မြန်မာနိုင်ငံကို ရောက်ရှိနေသည့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန် (H.E.Mr.Qin Gang)နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ဆောင် ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန် သွယ်မှုများ မြှင့်တင်ရေး အခြေအနေများ၊ စွမ်းအင်နှင့်လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအ နေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန် တွေ့ဆုံစဉ်
မစ္စတာကျင်းဂန်က “ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည် သာမက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းပင် ဖြစ် ကြောင်း” ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန်သည် မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့မှ ၄ ရက်အထိ ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။
ထိုခရီးစဉ်အတွင်း ပုဂံ-ညောင်ဦးသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
