CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ဥပဒေများမှာ လိုသလို အဓိပ္ပာယ်ဖွင့်ဆို၍ ရသည့် အပိုင်းတွင် ရှိနေကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ နာယက ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ဖျက်သိမ်းလိုက်သည့် နိုင်ငံရေးပါတီများကို ယင်းနာမည်ဖြင့် ပြန်မှတ်ပုံတင်ရန် ခက်ခဲလိမ့်မည်ဟု မြင်မိ ကြောင်း ၎င်းက ပြောသည်။

ဦးရွှေမင်းက “သူ့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကလည်း အဓိပ္ပာယ် လိုသလိုများ ဖွင့်ဆိုလို့ရတဲ့ အပိုင်းကဏ္ဍ မှာရှိတယ်၊ အဲဒီတော့ ဥပဒေပညာရှင်တွေက ဘယ်လိုများ ဖွင့်ဆိုမလဲပေါ့ဗျာ၊ ကျနော်တို့ အနေနဲ့ မြင်တာကတော့ နိုင်ငံရေးသမားတွေ အနေနဲ့ မြင်တာကတော့ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ နာမည်ကတော့ ပြန်တင်ဖို့ကတော့ ခက် လိမ့်မယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒါအတွက်ကလည်း သိပ်ပြီး ကိစ္စမရှိဘူးလို့လည်း မြင်ပါတယ်။ ဘာကြောင့်လဲဆို တော့ အရင်တုန်းကလည်း (အမျိုးသား)ဒီမိုကရေစီအဖွဲ့ချုပ် NLD က သူ့ရဲ့ အမှတ်တံဆိပ်က ခမောက်ဖြစ်တာကိုး ဒါပေမဲ့ နောက်ပိုင်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ကြတဲ့အခါမှာ အချို့သော NLD တွေ မှတ်ပုံတင်တဲ့အခါ ခမောက်သင်္ကေတကို အသုံးပြုသွားတဲ့အတွက် နောက်ပိုင်းကြတော့ ခွတ်ဒေါင်းဖြစ်သွားတယ်၊ ထိုနည်းလည်း ကောင်းပဲ အခု NLD အနေနဲ့ ပြန်ပြီး မှတ်ပုံတင်မယ်ဆိုရင်လည်း အမည်နာမ တစ်ခုနဲ့ တင်သွားနိုင်တယ်လို့ ကျနော် ဒီအတိုင်းလေး မြင်တယ်ခင်ဗျ” ဟု ပြောသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင် ဉပဒေကို UEC ဥက္ကဋ္ဌ ဦးသိန်းစိုး လက်မှတ်ထိုး ထုတ်ပြန်နေစဉ် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံ‌ရေးပါတီတစ်ရပ် တည်ထောင် လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက “UEC ကတော့ သူ့အလုပ် သူလုပ်နေတာပဲ အန်တီ ပြောပြ မယ်နော်၊ အန်တီ သဘောပြောတာလေ၊ UEC က သူ့သဘော သူလုပ်နေတာ ဒီ UEC ရဲ့ အထက်မှာ ဘယ်သူရှိလဲ ပေါ့၊ ဟုတ်ဘူးလား၊ UEC က မင်းသားပေါ့၊ သူက ဒါရိုက်တာ ခိုင်းသလို သူက လုပ်နေရတာပဲလေ ဟုတ်ဘူးလား။ အန်တီတို့ကလည်း ဘာပဲပြောပြော အလိုက်သင့် လိုက်လုပ်နေရတဲ့ သဘောရှိပါတယ်၊ အဲဒါကြောင့်မို့ ဘယ်ဟာကို ကောင်းတယ်၊ ဘယ်ဟာကို မကောင်းမှန်း မှတ်ချက်မပေးပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်

UEC ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေမှာ နိုင်ငံရေးပါတီများအတွက် အခက်အခဲများ ဖြစ်စေကြောင်း နိုင်ငံရေးသမားများက ပြောသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်းနှင့် အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။