- By CNI
- Category: နိုင်ငံရေး
- Hits: 989
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသော မြို့နယ်များထဲတွင် ပါဝင်သဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်နေသည့် MOU လုပ်သားများ၏ လုံခြုံရေးမှာ ပို၍ စိုးရိမ်ရကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် MOU လုပ်သားများအား စေလွှတ်ရာတွင် မြဝတီ-မဲဆောက် အမှတ် (၂) တံတား လမ်းကြောင်းမှ အဓိကအများဆုံးစေလွှတ်ခြင်းဖြစ်ပြီး ထိုသို့စေလွှတ်ရာတွင် မြဝတီ-ကော့ကရိတ် (အာရှလမ်းမကြီး) မှ ဖြတ်သန်းသွားလာရခြင်းဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့်အခါတွင် အလုပ်သမားများအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီလို ရွှေ့ပြောင်းအလုပ်သမားစေလွှတ်တဲ့လမ်းကြောင်းမှာ စစ်ဇုန်အဖြစ် ကြေညာတာ တစ်နည်းအားဖြင့် စစ်ရိပ် မျက်နှာစာအဖြစ်ကြေညာတာတွေဟာ အပြစ်မဲ့တဲ့ သွားလာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအပါအဝင် နယ်မြေခံ ပြည်သူတွေအတွက်လည်း အန္တရာယ်ကြီးတာပေါ့။ ဒါဟာ အကြောက်တရားတစ်ခု ပိုမို ဖြစ်စေဖို့အတွက် တံဆိပ် ရိုက်လိုက်တယ်လို့ မြင်တယ်။ ဒီအလုပ်သမားတွေကို တာဝန်ယူစေလွှတ်တဲ့ သက်ဆိုင်ရာ အေဂျင်စီ တွေအပေါ်မှာ ပိုတာဝန်ကြီးသွားတာပေါ့။ နောက်တစ်ခုက ကျနော်တို့နိုင်ငံမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် တရားဥပဒေစိုးမိုးမှုဆိုတာ လုံးဝ လုံးဝ မရှိဘူး ဖြစ်တဲ့အတွက် အလုပ်သမားတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးကို ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်သတိထားဖို့ လိုအပ်သလို ဒီအလုပ်သမားတွေကို တာဝန်ယူ စေလွှတ်တဲ့ အေဂျင်စီက ပိုမိုပြီးတော့မှ ဂရုစိုက်သင့်တယ်၊ တာဝန်ယူသင့်တာပေါ့နော်။ နောက် အလုပ်သမားတွေ အစုလိုက် အပြုံလိုက် ရာနဲ့ချီ ထောင်နဲ့ချီ express ကားကြီးတွေနဲ့ တောတောင် ဖြတ်ပြီးတော့ နယ်စပ်ကိုလာတာဖြစ်တဲ့အတွက် အင်မတန် အန္တရာယ်ကြီးတာပေါ့” ဟု ၎င်းက ပြောသည်။

MOU ဖြင့် စေလွှတ်နေသည့် မြန်မာအလုပ်သမားများ
စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည်ဆိုသော်လည်း တိုက်ပွဲများ မဖြစ်ပွားပါက ရွှေ့ပြောင်းအလုပ်သမားများ သာမက ဒေသခံများအတွက်ပါ အဆင်ပြေသော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါက မိမိလုံခြုံရေးအား မိမိသာလျှင် တာဝန်ယူရမည့် အနေအထားဖြစ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။
ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက် ခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းများမှ တရားဝင်သာမက တရားမဝင်နည်းလမ်းဖြင့်ပါ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် MOU အလုပ်သမားများသာမက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့်ပါ ယခင်ထက်ပို၍ သတိထား သွားလာရန်သာ အရေးကြီးကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက အကြံပြုသည်။
MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “စစ်အုပ်ချုပ်ရေးအနေနဲ့ ကြေညာထားတယ်ဆိုတော့ သူတို့အတွက် လည်း စိတ်ပူရတာပေါ့။ သွားရလာရတာ အရင်ကထက် အလုပ်သမားတွေအတွက် စိုးရိမ်စရာဖြစ်တာပေါ့။ စစ်ပွဲတွေ ဘာတွေဖြစ်လာမယ်၊ အင်မတန်မှ အနှောင့်အယှက်တွေ ဖြစ်လာနိုင်တာပေါ့။ စစ်ပွဲဖြစ်၊ မဖြစ် အဲဒီ အပေါ်မှာပဲ မူတည်ပါတယ်။ စစ်ပွဲမဖြစ်ရင်တော့ သိပ်စိုးရိမ်စရာ မရှိလောက်ပါဘူး။ စစ်ပွဲဖြစ်ရင်တော့ MOU နဲ့ လာတဲ့ အလုပ်သမားတွေလည်း ရပ်နားနိုင်ဖွယ် ရှိတာပေါ့။ တိုက်ပွဲတွေဘာတွေဖြစ်ပြီဆိုရင် အောက်လမ်းက လူတွေအတွက်လည်း ဒါ သွားလာရတာ အင်မတန်မှ ခက်ခဲတယ်။ အလုပ်သမားတွေပဲဖြစ်ဖြစ်၊ ဒေသခံတွေပဲ ဖြစ်ဖြစ်၊ ကျနော်တို့အမြင်ကတော့ ကိုယ့်ကိုယ်ကိုကနေပြီး လုံခြုံဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ စောင့်ရှောက်ရမယ့် အနေအထားပါ။ တကူးတကကို ပြည်တွင်းမှာကတော့ ခရီးသွားပြည်သူတွေအတွက်သော်လည်းကောင်း၊ MOU နဲ့ လာတဲ့ ရွှေ့ပြောင်းအတွက်သော်လည်းကောင်း သီးသန့်စီမံချက်တွေ၊ သူတို့အတွက် လုံခြုံရေးတွေချတာ ကျနော် တို့ကတော့ မတွေ့ရှိပါဘူး။ သွားလာသူအတွက်ပဲ အဓိက ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ သွားလာဖို့ အတွက်ပဲ အရေးကြီးတယ်လို့ပဲ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ကော့ကရိတ်မြို့အဝင်ဆိုင်းဘုတ်
ကော့ကရိတ်မြို့အား စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် MOU အလုပ်သမားများ စေလွှတ်ရာတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်ကြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သို့ ပြောသည်။
“လုံးဝကို တာဝန်ယူသင့်တာပေါ့။ ဒီလိုလမ်းကြောင်းမှာ ဒီလိုဖြစ်နေရင် ဘယ်ပုံသဏ္ဍာန်နဲ့ အလုပ်သမားတွေကို မထိခိုက်ဘဲနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမလဲဆိုတာကို ပြင်ဆင်သင့်တာပေါ့ ဝန်ကြီးဌာနက။ အဲဒီတော့ နယ်စပ်မှာ ဒီ မြဝတီ-မဲဆောက်နယ်စပ်ကို အများဆုံး MOU ကူးကြနေတဲ့ ဒီလမ်းကြောင်းကို စစ်ဇုန်အဖြစ် ကြေညာတယ်ပေါ့နော်။ ဒါတစ်နည်းအားဖြင့် ဥပဒေမဲ့၊ အကြောင်းမဲ့လည်း ပစ်သတ်လို့ရတဲ့ပုံစံမျိုးတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အလုပ်သမားတွေအပေါ်မှာ ပိုမိုပြီးတော့မှ စိုးရိမ်တာပေါ့နော်။ အစုလိုက်အပြုံလိုက်လာရင် ဘယ်သူဘယ်ဝါက ပစ်သွားမှန်းမသိ၊ ဘာမှန်းမသိ။ သူတို့ စစ်ဇုန်ကြေညာထားပြီးသားဖြစ်တဲ့အတွက် စစ်ဇုန်ထဲကို သွားနေတယ်၊ စစ်အုပ်ချုပ်ရေး ဒီလိုကြေညာထား တယ်၊ ဒါမျိုးတွေလည်း အကြောင်းပြချက်တွေ လာနိုင်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ်(၃၇) မြို့နယ်အား စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် နစက-က အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့ နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ၅ မြို့နယ်၊ ကယားပြည်နယ်တွင် ၄ မြို့နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် ၂ မြို့နယ်၊ မွန်ပြည်နယ်တွင် ၁ မြို့နယ်တို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 878
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်နိုင်မှသာ လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေသည့် အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) က ထုတ်ပြန်ခဲ့သည်။
ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် သျှမ်းပြည် အမျိုးသားနေ့နှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။
RCSS က “သျှမ်းပြည်တိုင်းရင်းသားများနှင့် ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသားများ အားလုံးအနေဖြင့် သျှမ်း ပြည် အမျိုးသားနေ့ အနှစ်သာရနှင့် ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံစာချုပ်ပါ သဘောတူချက်များ အတိုင်း စုပေါင်း အကောင်အထည်ဖော်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ လက်ရှိ တိုင်းပြည် အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မည်”ဟု ပြောသည်။

RCSS ဌာနချုပ် လွယ်တိုင်းလျဲန်တွင် သျှမ်းပြည်အမျိုးသားနေ့ကျင်းပနေစဉ်
ပင်လုံစာချုပ်သည် အနာဂတ် တိုင်းပြည် တည်ဆောက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ပြီး တိုင်းရင်းသားများ အားလုံး အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းကို ဖော်ညွှန်း သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခြင်းကြောင့်သာလျှင် ပြည်ထောင်စုအား တည်ဆောက်နိုင်ခဲ့ခြင်းကို သျှမ်းပြည် ပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့် အမြဲထာဝရ သတိရပြီး ပင်လုံစာချုပ်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံးနှင့်လည်း ဆက်စပ် သက်ဆိုင်သည်ကို နှလုံးသွင်း ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1341
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး မြန်မာတွေပဲ အဖြေရှာရမှာ ဖြစ်ကြောင်း ရခိုင့်ဦး ဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ ပြဿနာ ဖြေရှင်းရေးအတွက် ထွက်ပေါက်ဟု သုံးသပ်မှုများလည်းရှိသလို နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဟုသုံးသပ်မှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲကို ကျင်းပမည့် နစကနှင့် အာဆီယံအနေဖြင့် ယခုနောက်ပိုင်းတွင် ထိစပ်မှု မတွေ့ရကြောင်း၊ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို အာဆီယံအနေဖြင့် ဖြေရှင်းနိုင်ရေး ချည်းကပ်မှု ရှိနေကြောင်း ဒေါက်တာ အေးမောင် က ပြောသည်။

အာဆီယံမှာ မြန်မာကိုယ်စားလှယ် တက်ခွင့်မရလို့ ထိုင်ခုံလွတ်နေစဉ်
၎င်းက “အာဆီယံလက်ခံခြင်း၊ မလက်ခံခြင်းက အာဆီယံရဲ့ သဘောထားလေ၊ အာဆီယံနဲ့ လက်ရှိ ရွေးကောက်ပွဲ ကို ကျင်းပမယ်ဆိုတဲ့ အစိုးရကလည်း သိပ်ပြီး ထိစပ်မှု နောက်ပိုင်းမှာ မတွေ့ရဘူး။ မြန်မာ့နိုင်ငံရေးကို ဘယ်လို ဖြေရှင်းမှာလဲဆိုတဲ့ ပုဒ်စာတစ်ပုဒ်က အာဆီယံမှာ ကျန်ခဲ့တာကိုး။ သူတို့က ဖြေရှင်းပေးနိုင်မှာလား၊ ဘယ်လို ချည်း ကပ်မှု ပုံသဏ္ဍာန်နဲ့ မြန်မာ့နိုင်ငံရေးကို ဖြေရှင်းဖို့ ကြိုးစားမှာလဲဆိုတာ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ အာဆီယံရဲ့ အခြေအနေပေါ့၊ အာဆီယံကို ကနဦး တည်ထောင်တာက ကျနော်တို့ နားလည်တာက တစ်နိုင်ငံရဲ့ ပြည်တွင်းရေး ကို တစ်နိုင်ငံက မစွက်ဖက်ရဘူးဆိုတဲ့ မူကြီးတွေ ရှိတာကိုး၊ အဲဒီမူကြီးတွေကို အာဆီယံလိုက်နာ သလားဆိုတာ လေးက အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ဆိုင်တာပေါ့၊ မြန်မာ့နိုင်ငံရေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် သတ် မှတ်လို့ ဖြေရှင်းပေးလိုပါတယ်လို့ အာဆီယံဘက်က ပြောရင် မြန်မာ့နိုင်ငံရေးရဲ့ အရွှေ့က ဘယ်ဖက်ကို သွားနေ သလဲ၊ ဘယ်လိုရွှေ့ရင် ကောင်းမလဲဆိုတာ အာဆီယံကိုယ်တိုင်ကပဲ ဆုံးဖြတ်ပေးရမှာ မြန်မာ့နိုင်ငံရေးနဲ့ အာဆီယံ သည် တိုက်ရိုက် မပတ်သက်ဘူး။ မြန်မာ့နိုင်ငံရေးကို မြန်မာတွေက ထွက်ပေါက်အဖြစ် ရှာရမှာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ အာဆီယံတွင် တရုတ်လိုလားသည့် အာဆီယံနှင့် အနောက်အုပ်စုကို လိုလားသော အာဆီယံဟူ၍ အုပ်စု ၂ စု ကွဲနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ဒီမိုကရေစီအရေးတောင်းဆိုကြစဉ်
၎င်းက “အာဆီယံအနေနဲ့ ပြောရရင်တော့ အာဆီယံက တချို့က လက်ခံတယ်ဗျ၊ တချို့က လက်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ လက်ခံတဲ့ နိုင်ငံတွေကလည်း ဘယ်နိုင်ငံလဲဆိုတာ မပြောဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံကလည်း ၂ ခြမ်းကွဲနေတာ၊ တရုတ်လိုလားတဲ့ အာဆီယံတွေနဲ့ အမေရိကန်နဲ့ အနောက်တိုင်းကို လိုလားတဲ့ အဖွဲ့အစည်းတွေ ရှိတော့ အဲဒီအဖွဲ့အစည်းတွေ အဲဒီနိုင်ငံတွေကတော့ ဒီရွေးကောက်ပွဲကို လုံးဝလက်မခံပါဘူး။ တရုတ်လိုလားတဲ့ အင်အားစုတွေကတော့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် သဘောရှိပါတယ်။ အဲဒါကြောင့် တစည်းတလုံး တည်း၊ တညီတညာတည်း အနေထားဖြင့် မရှိပါဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေစာရင်းများ ကောက်ခံပြီးဖြစ်သလို၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ပြန်တင်ရန် ဥပဒေ၊ နည်းဥပဒေများလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံ တော်အာဏာ လွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1101
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် တည်ဆောက်၍ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စင်တာဖွင့်ပွဲကို နစကဥက္ကဋ္ဌနှင့်အတူ ရုရှားဖက်ဒရယ်ရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရယ်ရေးရှင်း သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နစကဥက္ကဋ္ဌက “ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမ အကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် ROSATOM တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ယနေ့တွင်လည်း နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးတော့မည် ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့နောက် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယား အခြေခံ အဆောက်အအုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကာ လို အပ်သည့် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ် အခြေအနေတုန့်ပြန် ဆောင် ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ မှတ်တိုင်ပါ အချက် ၁၉ ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev “နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အားကောင်းသည့် တွန်းအား တစ်ခုဖြစ်လာမည်”ဟု ပြောသည်။
ထို့နောက် နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးကိစ္စရပ်များတွင် အရည်အချင်း ပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း မိမိတို့အနေဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရလဒ်နှင့် အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1286
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဌာနချုပ် လွယ်တိုင်းလျန်မှာ ကျင်းပမည့် ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို RCSS/SSA က ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ပြင်ဆင်နေသည်။

ရှမ်းပြည်အမျိုးသားများနေ့ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့က စတင် သတ်မှတ်ခဲ့ပြီး နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ၇၆ နှစ်မြောက်ခဲ့ပြီး ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 942
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သလဲနှင့် မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများဖြင့် ဖြေရှင်းမှ ရမည်လဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ဆွေးနွေး လျက်ရှိနေသည်။
အဆိုပါ နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲတစ်ခု လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တွေ့ဆုံဆွေးနွေးမှုကိုတော့ အထူးသဖြင့်ပေါ့နော်၊ ဒီပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ အားလုံးပေါ့နော်၊ တွေ့ဆုံဆွေးနွေးမယ်ဆိုလို့ရှိရင် ကျနော်တို့ အဖြေတစ်ခုတော့ ရမှာပေါ့၊ ဒါတွေ့ဆုံဆွေးနွေးမှုဆို တာကလည်း တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း အနေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ နောက်ပြီးတော့ အားလုံးစုပေါင်းပြီးတော့ လည်း ဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ကျနော်တို့ ညှိနှိုင်းမယ်ဆိုလို့ရှိရင် အဆင်ပြေဆုံးပါပဲ” ဟု ပြောသည်။
၎င်းတို့ပြောသည့် တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ရန်ဆိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ဆိုသည်မှာ မည်သည့် အဖွဲ့အစည်းကို ဆိုလိုကြောင်း တိတိကျကျ ပြောဆိုခြင်းမျိုး မရှိပေ။

ချင်းပြည်နယ်အတွင်းက နေအိမ်များ မီးရှို့ခံရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့မှာ အဖက်ဖက်က ယိုယွင်းလျက်ရှိနေသည်။
အာဏာပိုင် အဖွဲ့အစည်းအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီကဲ့သို့ ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်ကို လုပ် ဆောင်နိုင်ပါက မည်သည့် အဖွဲ့အစည်းနဲ့မျှ ဆွေးနွေးစရာမလိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ လက်ရှိ ကြံ့ခိုင်ရေးပဲလာလာ၊ တပ်မတော်ပဲ ပြောပြော၊ ရှိတဲ့ အစိုးရတွေက တရုတ်ကွန်မြူနစ် ပါတီ အစိုးရနဲ့ ပါတီက ကျင့်သုံးသလို ပြည်သူလူထုအပေါ်မှာ Attention ပေါ့ဗျာ၊ ပိုပြီးတော့ အာရုံစိုက်ပေးမယ်၊ အုပ်ချုပ်ရေးမှာလဲ ပိုကောင်းအောင် လုပ်မယ်ဆိုရင် ကျနော်တို့က ဘယ်သူ့ကိုမှ စေ့စပ်ဆွေးနွေးစရာမလိုဘူး။ ပြောရလို့ရှိရင်တော့ ဟိုတုန်းက ဖြစ်ခဲ့တဲ့ မြေသိမ်း၊ ယာသိမ်းတဲ့ မတရားမှုတွေ လူထုက မတရားဘူးလို့ ခံစားရတဲ့ ဟာတွေကို ဖြေဖျောက်ပေးပြီးတဲ့အခါမှာ ဥပဒေကလည်း လူထုကို ကာကွယ်တဲ့ ဥစ္စာမျိုးကို ကျနော်တို့က အထူး သဖြင့်တော့ Reform ပေါ့ဗျာ၊ Reform ဆိုတာ ဦးသိန်းစိန် ပြောတဲ့ Reform ပြောတာ မဟုတ်ပါဘူး။ ပြည်သူလူထု အပေါ် အမှန်တကယ် ရပ်တည်ပေးနိုင်မယ့် ဥပဒေတွေနဲ့ Reform တွေနဲ့ သေသေချာချာ အမှန်တိုင်း ပြောရရင် Good Governance ပေါ့ဗျာ၊ ကောင်းမွန်စွာ အုပ်ချုပ်ရေးကို တရုတ်အစိုးရလို လုပ်နိုင်မယ်ဆိုရင် ကျနော်တို့က ဒီပါတီတွေ အမှန်တိုင်း ပြောရလို့ရှိရင်တော့ NLD နဲ့လည်း ကျနော်တို့က ဆွေးနွေးစရာ မလိုပါဘူး။ ကျနော်တို့က လက်နက်ကိုင်တွေနဲ့လည်း ဆွေးနွေးစရာ မလိုပါဘူး။ ကျနော်က လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့ကိစ္စကို ကျနော် က တစ်သက်လုံးဘယ်တော့မှ သဘောမတူဘူး။ အဓိကတော့ ပါတီတွေ ရှိနေတာပဲပေါ့၊ ကျနော်က အဲဒီလို မြင်ပါ တယ်” ဟု ပြောသည်။

ကရင်နီတပ်မတော်(KA)ကိုတွေ့ရစဉ်
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ပြည်တွင်းရှိ အင်အားစု အဖွဲ့အစည်းတချို့နှင့် အာဆီယံက လည်း ဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1299
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြု ရန် လိုအပ်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နစက၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှီသူအချို့က အပြုသဘောမဆောင်သော သတင်းများ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပိုမိုအားကောင်းလာ စေမည့် ထုတ်ပြန်မှုများ ပြုလုပ်နေမည့်အစား ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှ ဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားလျက် အပြုသဘော အထောက်အကူပြုသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှ ရှေ့ဆက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆက်လက် အကောင်အထည်ဖော်ခြင်းမှတဆင့် နိုင်ငံတော် အေးချမ်း တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုရန် လို အပ်သည်။ ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန် ပျက်ကွက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး ကို စွက်ဖက်နေသည့် နိုင်ငံအချို့နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန် လုပ်ဆောင်နေသူ ကုလသမဂ္ဂမှတာဝန်ရှိသူအချို့ ၏ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွယ်ပယ်ချသည်”ဟု ပြောသည်။
ထို့နောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန် တစ်နိုင်ငံလုံး အကြား အလပ်မရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည် စစ်မှန် သော ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ်သည့် အခြေခံလမ်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူ အချို့အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းလျက်ရှိသော်လည်း တစ်ဖက်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပရေး အစိုးရ၏ ကြိုးပမ်း မှုများအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်မှာ ရှေ့နောက်မညီကြောင်း တွေ့ရှိရသည်ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်ကြေညာခဲ့သည်။
ထို့နောက် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားမှု ၁ နှစ်ပြည့်ကာ ၆ လ နှစ်ကြိမ် သက်တမ်း တိုးခဲ့ရာ စုစုပေါင်း ၂ နှစ်ပြည့်ခဲ့ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံသည် သာမန်အခြေအနေ မဟုတ်သေးဘူးဟုဆို ကာ တပ်မတော်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပ၍ ပုဒ်မ ၄၂၅ အရ သက်တမ်း ၆ လတိုးထားသည်။
တခြားတစ်ဖက်မှာတော့ NLD ပါတီ အမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့် ဒီမိုကရေစီ လိုလားသူ များက နွေဦးတော်လှန်ရေးဟုဆိုကာ လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြစ် တပ်မတော်ကို ဖြုတ်ချရန် ကြိုးပမ်း လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 962
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်း ဖန်တီးပေးထားသလို ဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတစ်ဝန်း ရွေးကောက်ခံမည့် နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် ငွေကြေး အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “ပိုက်ဆံရှိတဲ့ လူတွေက အဲဒီလိုပုံစံမျိုး ပိုက်ဆံရှိတဲ့ လူတွေအတွက်ပဲ တစ်နိုင်ငံလုံး ပါတီအဖြစ် ရပ်တည်လို့ရအောင် သဘောမျိုး သွားသက်ရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေမှာက သိန်း ၁၀၀၀ တင် ရမယ်၊ ပြီးရင် ပါတီဝင် ၁၀၀၀၀၀(တစ်သိန်း)ရယ်၊ ပြီးရင် မြန်မာနိုင်ငံ မဲဆန္ဒနယ်ရဲ့ တစ်ဝက်မှာ ရုံးဖွင့်ရမယ်ဆို တော့ ၁၆၅ မြို့မှာ ရုံးဖွင့်ရမယ့် သဘောလို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံမြို့နယ် တစ်ဝက် ၁၆၅ မြို့မှာ ရုံးဖွင့်ဖို့အတွက် အဲဒါကို လည်ပတ်အောင် လုပ်ဖို့အတွက်က ပိုက်ဆံလိုတယ်ဆိုတာ သေချာသွား တယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် ဒီလိုတစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပါတီတစ်ခုအဖြစ် ရပ်တည်သွား မယ်ဆိုရင် ပိုက်ဆံရှိဖို့ လိုတာက သေချာသွားတယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် အခွင့်အလမ်း ပိုဖန်တီး သလိုတော့က သွားဖြစ်သွားတယ်လို့ ကျနော်ကတော့ အဲဒီလိုတော့ မြင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ UEC ကိုတွေ့ရစဉ်
ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက် ရှိရမည်ဟု နစက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများက နိုင်ငံရေးပါတီများကို လှူ၍ရကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တော့ ပိုက်ဆံ မရှိဘူးဗျ၊ ပြည်တွင်းမှာ ရှိတဲ့ သူဋ္ဌေးတွေ ကျားဖြူပါတီကို လှူချင်လည်း လှူခိုင်းလိုက်ဦး ကျနော်တို့ ရေခန်းနေတယ်၊ လှူလို့ရတယ်လေ၊ ပြည်တွင်းမှာ ဘယ်သူမဆို လှူလို့ရတယ်လေ၊ ဘယ် သူဋ္ဌေးပဲ ဖြစ်ဖြစ်၊ FRC (Foreign Registration Certificate) ကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်လေ၊ ဧည့် နိုင်ငံသားလည်း လှူလို့ရတယ်၊ ခင်ဗျားလည်း လှူချင်လှူလို့ရတယ် မီဒီယာကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်၊ နိုင်ငံခြားမရဘူးလေ၊ နိုင်ငံခြား အဖွဲ့အစည်း မရဘူးလေဗျာ၊ ပြည်တွင်းကတော့ ရတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
ငွေကြေးချမ်းသာသည့် ပုဂ္ဂိုလ်များ၊ ဉာဏ်ပညာရှိသည့် ပုဂ္ဂိုလ်များ စုပေါင်းလုပ်ဆောင်မှ ပါတီတစ်ခုမှာ အောင်မြင် မှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ဒီလိုဗျ ဟိုတုန်းကတည်းကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းကလည်း ကျနော်သိထားတာက ပညာတတ်တာလည်း ပါတာပဲ၊ ပိုက်ဆံရှိတဲ့ သူဌေးလည်း ပါတာပဲ၊ အားလုံးစုပေါင်းပြီးတော့ နိုင်ငံရေးဆိုတာ စုပေါင်းပြီးတော့ အလုပ်လုပ်ရတာလေ၊ ပိုက်ဆံရှိပါတယ်ဗျာ၊ သူရရွှေမန်းတို့ ဘာတို့ သူတို့ ဆက် လုပ်လို့ မရဘူးလေ၊ ဆိုလိုချင်တဲ့ သဘောက ပိုက်ဆံရှိမှ မဟုတ်ပါဘူး။ အရေးကြီးတာက ပိုက်ဆံရှိတဲ့လူ စိတ်ရင်း စိတ်ဓါတ်ကောင်းတဲ့ လူလာခဲ့၊ အရည်အချင်းရှိတဲ့လူ၊ ဥာဏ်ပညာရှိတဲ့လူ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ အချိန်ပေးနိုင်တဲ့လူ၊ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ ဒီလိုမျိုး ခေါင်းဆောင်တွေ Level တွေ ရှိတဲ့ဟာနဲ့ စုပေါင်းပြီးတော့ လုပ်မှ အောင်မြင်တာလေ၊ အဲဒါမှ ပါတီတစ်ခုက အောင်မြင်တာ” ဟု ပြောသည်။
ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေမှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံး၏ အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ဝန်ခံချက် လိုအပ်ကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1857
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဆိုသည့် အချက်ပါ အပါအဝင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို နစက-က ထုတ်ပြန် ကြေညာသွားသည်။
ယနေ့(ဖေဖော်ဝါရီ ၃ ရက်) ညပိုင်းက ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်ကို ထုတ်ပြန်သွားခဲ့သည်။
နစက-က “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက် လက် ဆောင်ရွက်သွားမည်”ဟု ပြောသည်။
ထို့နောက် နံပါတ်(၁)အနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် အလေးထားလုပ်ဆောင်မည် ဖြစ်ကြောင်း နံပါတ်(၂) အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်း များကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်က နိုင်ငံရေးပါတီ ၃၀ ကျော်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်
အလားတူ နံပါတ်(၃)အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက် သွားမည်၊ နံပါတ်(၄) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။
လက်ရှိတွင် နစကသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီ အစည်းအဝေးကနေ အရေးပေါ်ကာလကို နောက်ထပ် သက်တမ်း ၆ လတိုးကြောင်း ဆုံးဖြတ်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိနေသည်။
