CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က လိုင်ဇာမြို့အပြင်ဘက် ၄ ကီလိုမီတာ အကွာအဝေးရှိ မုန်လိုင်ခတ်ကျေးရွာ တွင် တပ်မတော်၏ တိုက်ခိုက်မှုကြောင့်ဟု စွပ်စွဲခံခဲ့ရသည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးသူငယ် ၁၁ ဦး အပါအဝင် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA ကမူ ပြည်တွင်း တိုက်ပွဲရှောင်များ နေထိုင်သည့် စခန်းကို တပ်မတော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ 

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုဖြစ်စဉ်အတွက် တပ်မတော်တွင် တာဝန်မရှိ ကြောင်း ငြင်းဆိုခဲ့ပြီး  KIA သည် ထိုကျေးရွာအတွင်း အမိုနီယံ နိုက်ထရိတ် ၁၀၅ တန်ခန့်ကို သိုလှောင်ထားရာမှ မတော်တဆ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။ 

 KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ထိုဒေသတွင် ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်ခဲ့ခြင်းမရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို တွေ့ရစဉ်

ထိုဖြစ်စဉ်အပြီးတွင် ထွက်ပေါ်လာသည့် ဗွီဒီယိုမှတ်တမ်းများ၌ အဆောက်အအုံပျက်များ၊ ထရပ်ကား အပျက် များနှင့် အခြားပစ္စည်းကိရိယာ အပျက်အစီးများကို တွေ့ရှိရပြီး ကွင်းပြင်တစ်ခု၏ အလယ်တွင် ကြီးမားသည့် ချိုင့်ခွက်ကြီး တစ်ခုကိုလည်း တွေ့ရှိခဲ့သည်ဟု IISS က ထုတ်ပြန်ခဲ့သည်။

Myanmar Witness အဖွဲ့က ပုံဖော်ပြသခဲ့သည့် ဓာတ်ပုံများတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဗဟိုချက်နှင့် မီတာ ၃၀၀ အကွာအဝေးရှိ အဆောက်အအုံများ ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ 
 
နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (IISS) က အောက်တိုဘာ ၁၆ ရက် နေ့စွဲဖြင့် သရုပ်ခွဲ လေ့လာ ခဲ့သည့် ဂြိုဟ်တု ဓာတ်ပုံများတွင်မူ ပေါက်ကွဲမှု အကျယ်အဝန်း ၄၅၀ မီတာ နီးပါးရှိသည့် ဗဟိုချက်သည် ၂၅ မီတာ အချင်းရှိသည့် ချိုင့်ခွက်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

မြောက်များစွာသော် ထွက်ဆိုချက်များနှင့် ဝိရောဓိဖြစ်စရာ သက်သေ အထောက်ထားများကြောင့် ထိုပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး အတိအကျ ခန့်မှန်းသုံးသပ်ရန် အားထုတ် ကြိုးပမ်းမှုများသည် ရှုပ်ထွေးခဲ့ရသည်ဟု IISS က ပြောသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့ကမူ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းသည် တပ်မတော်၏ လေယာဉ်တစ်စင်းက ကြဲချခဲ့သော အမျိုးအမည်မသိ ခဲယမ်း ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ 

 တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

ထိုကျေးရွာတွင် နောက်ဆက်တွဲ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများသည် အနီးနားရှိ တပ်မတော် စစ်စခန်းတစ်ခုမှ မော်တာကျည်များဖြင့် ပစ်ခတ်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့က သုံးသပ်ခဲ့သည်။  

ထို့ပြင် တပ်မတော်၏ လက်နက်တိုက်တွင် အကြီးဆုံးဗုံးသည် ပေါင် ၂၀၀၀ အလေးချိန်ရှိသည့် ဗုံးသာရှိကြောင်း သတင်းရင်းမြစ်တစ်ခုက IISS ကို ပြောကြားခဲ့သော်လည်း တပ်မတော်သည် တိုက်ပွဲအတွင်း ထိုလက်နက်ကို အသုံးပြုခဲ့ခြင်းမရှိဟု IISS ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

မုန်လိုင်ခတ်ကျေးရွာ ဖြစ်စဉ်တွင်လည်း ပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည့် ချိုင့်ခွက်၏ အချင်းနှင့် ပေါက်ကွဲမှုကို တိုင်းတာရရှိသည့် ဂြိုဟ်တုဓာတ်ပုံများအရ ပေါင် ၂၀၀၀ ဗုံး ကျရောက် ပေါက်ကွဲခဲ့သည်ဆိုသည့် ယူဆချက်များနှင့် ကွဲလွဲလျက် ရှိသည်။

ထို့ပြင် ပေါက်ကွဲမှုကြောင့် အနီးနားတွင် ထိခိုက်ပျက်စီးခဲ့သည့် ဗုံးအစအနများနှင့် ဗုံး၏ ကျည်ခွံ အစရှိသည့် သက်သေ အထောက်အထား များလည်း တိကျစွာ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ 

ထိုပေါက်ကွဲမှု ဖြစ်စဉ်တွင် ထိခိုက်ပျက်စီးမှုနှင့် ပေါက်ကွဲမှု၏ အကြွင်းအကျန် အစအနများကို တတိယပါတီ တစ်ခုခုက စစ်ဆေးလေ့လာခြင်းဖြင့် ပိုမိုတိကျသည့် ကောက်ချက်များ ထွက်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများ က သုံးသပ်ခဲ့သည်ဟုလည်း IISS ၏ အစီအရင်ခံစာမှာ ရေးသားထားသည်။

Source: IISS