CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ အကြား နယ်မြေ အငြင်းပွားမှုထက် အတူအကွ ယှဉ်တွဲနေထိုင်ရေးမှာ အကောင်းဆုံးဖြစ်ကြောင်း ကချင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွှေလီမြစ် အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့နယ်အတွင်းရှိ KIA တပ်မဟာ ၃ နယ်မြေတွင် TNLA တပ်ဖွဲ့များ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီးနောက် KIA နှင့် TNLA တို့ နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ဒီကိစ္စနဲ့ ကျနော်တို့လည်း စောင့်ကြည့်နေတာ၊ မြင်တာတော့ ကြာပါပြီ။ ဒါပေမဲ့ ကျနော်တို့ ပလောင်ပဲ ဖြစ်ဖြစ်၊ ရှမ်းပဲ ဖြစ်ဖြစ်၊ “ဝ”ပဲ ဖြစ်ဖြစ်ပေါ့၊ ပအိုဝ်း၊ နာဂပဲ ဖြစ်ဖြစ် အကုန်လုံး ကျနော်တို့ ညီအကို သွေးချင်းပဲ ဖြစ် ပါတယ်။ ဒါကြောင့်လည်း အငြင်းပွားစရာ ဆိုတာထက် အငြင်းပွားဖြစ်ဖို့ထက် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ဆောင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပလောင်ဆိုတာလည်း ညီအကိုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့လည်း သဘောထားကြီးကြီးနဲ့ အသိအမှတ်ပြုပြီးမှ ကချင်တွေရဲ့ နယ်မြေကို ကချင်တွေမှာ အသိအမှတ်ပြုပြီးမှ လုပ်ပေး တာ အကောင်းဆုံးပါပဲ။ အငြင်းပွား စရာဆိုတာ မကောင်းပါဘူး။ အနာဂတ်ကို ရှေးရှုပြီး သွားရမယ်၊ အငြင်းပွားစရာလည်း ကျနော်တို့လည်း မလိုလားပါဘူး။ ဘယ်သူပဲနေနေ နေလို့ရပါတယ်။ ပလောင်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် နေပြီးမှ အတူတကွ ယှဉ်တွဲနေထိုင်ရေးက အကောင်းဆုံးဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

TNLA ရဲဘော်နဲ့ ပလောင်တိုင်းရင်းသားများ(ဖရွန်းတီးယားမြန်မာ)

KIA က ရွှေလီ အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာသည့် TNLA တပ်ဖွဲ့များကို ပြန်လည် ဆုတ်ခွာရန် အကြောင်းကြားခဲ့သည်။

TNLA ကလည်း ရွှေလီ အနောက်ဘက်ခြမ်းရှိ တအာင်းကျေးရွာများမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင် ရွက်ရန်နှင့် မဟာမိတ် ရေးရာလုပ်ငန်းများ အတူပူးပေါင်း ဆောင်ရွက်ပြီး မဟာမိတ် တပ်ပေါင်းစုကဲ့သို့ နေထိုင်သွားရန် ပြန်လည် အကြောင်းကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ KIA နှင့် TNLA တို့၏ ပြဿနာမဟုတ်ကြောင်း၊ ဒေသဆိုင်ရာ ပြဿနာဖြစ် သည်ဟု ယူဆကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “အဖွဲ့အစည်းနှစ်ခု KIA နဲ့ TNLA တို့ရဲ့ ပါတီနှစ်ခု ပြဿနာ မဟုတ်ပါဘူး။ ဒေသဆိုင်ရာ ပြဿနာ ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။ တစ်ခု ခက်နေတာက နမ့်ခမ်း ပတ်ဝန်းကျင်ဆိုတဲ့ ကိစ္စကလည်း ကချင်လည်း ရှိတယ်၊ တအာင်း ပလောင်တွေလည်း ရှိတယ်၊ ရောထွေး နေထိုင်နေတဲ့ ဒေသပေါ့ဗျာ၊ အဲဒါဟာ ဘယ်သူ့ဒေသလဲလို့ ခုချိန်မှာ ပြောဖို့တော့ ခက်ပါလိမ့်မယ်၊ နမ့်ခမ်းမြို့ထဲကို TNLA က ဝင်ရောက်ပြီး အခွန်ကောက်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ KIA ကလည်း သူ့ နယ် မြေ ဖြစ်တယ်လို့ ပြောတာ ရှိပါတယ်။ အထူးသဖြင့် နမ့်ခမ်းရဲ့ မြောက်ဘက်က ကိုင်းထိပ်တောင်ပေါ်မှာဆို ကချင်တွေ နေတာကိုး သို့သော် နမ့်ခမ်းရဲ့ အနောက်ဘက်က တောင်ပေါ်မှာကြတော့ ပလောင်တွေ နေကြတာကိုး။ အဲဒီတော့ ဒီနေ့ ကာလမှာ အခိုင်အမာ လုပ်ငန်းတွေပေါ့ဗျာ။ အခွန်ကောက်ရေး၊ နောက်ပြီးတော့ လူထုလုပ်ငန်း လုပ်ဆောင်ရေး၊ စတဲ့ ကိစ္စတွေ အောက် ခြေမှာ အဲဒီလို ပြဿနာရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို အကြောင်းပြုပြီးတော့ KIA နဲ့ TNLA ကြားထဲမှာ သဘောထားကွဲပြားမှု အမြင်ကွဲပြားမှုတွေ ဖြစ်ပေါ်နေတဲ့ အနေအထားမျိုးထိ မရောက်ပါဘူး။ ဒါတွေက ဖြစ်နေကြ ပြဿနာတွေပါ” ဟု ပြောသည်။

KIA ရဲဘော်များကိုတွေ့ရစဉ်

အဆိုပါ နယ်မြေ အငြင်းပွားမှုကို နှစ်ဖက် ခေါင်းဆောင် အချင်းချင်း ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထိုပြဿနာကို တပ်မတော်မှ အသုံးမချနိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIA နှင့် TNLA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ တပ်မတော်၊ ပြည်သူ့စစ် စသဖြင့် လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။