CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

နစက၏ ဒုတိယအကြိမ် စတင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မိမိတို့ အနေဖြင့် တက်ရေး/မတက်ရေးကို ဆုံးဖြတ်ထားခြင်း မရှိသေးဘူးဟု KIA နှင့် NDAA မှ CNI သို့ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗဟိုကော်မတီတွင် ဆုံးဖြတ်ချက် မရှိသေးကြောင်း၊ မေလ ၅ ရက် ထုတ်ပြန်ချက် အတိုင်း သဘောထားရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “ဟုတ်ကဲ့ လောလောဆယ်ကတော့ ကျနော်တို့ ဗဟိုကော်မတီက ဘာမှ ဆုံးဖြတ်ချက်မရှိဘူး။ မေလ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတဲ့ ကျ‌နော်တို့ အဲဒီ ထုတ်ပြန်ကြေညာချက် အတိုင်းပဲ ဖြစ်မှာပါ။ ဘာမှ အပြောင်းအလဲ မရှိသေးဘူး” ဟု ပြောသည်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်သည် နိုင်ငံရေးပြဿနာများကို ဆွေးနွေးရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူ များအား ထည့်သွင်း မထားသောကြောင့် KIO အနေနှင့် တက်ရောက်မှာ မဟုတ်ကြောင်း မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

နစက အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက် အဖွဲ့အစည်းဖြင့် ကြေညာထားသည်။

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA- မိုင်းလား)မှ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စကို ဆွေးနွေးထားခြင်း မရှိသေးကြောင်း NDAA မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA ဒုဥက္ကဋ္ဌ   တွေ့ဆုံစဉ်

ဦးကြည်မြင့်က “ကျနော်တို့ မဆွေးနွေးရသေးဘူး။ အခုထက်ထိကတော့။ အခု ထပ်ထွက်လာတာကို မဆွေးနွေးရသေးဘူး။ အဲဒါ ကျနော်တို့ ဒီတစ်လောက ကိုဗစ်ရောဂါနဲ့ ကာကွယ်တဲ့ လုပ်ငန်းတွေ အလုပ်တစ်ခြား၊ လုပ်တာတခြား ဆက်သွယ်ထား တာ မရှိသေးဘူး” ဟု ပြောသည်။

ပထမအကြိမ် နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NDAA၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်ရောက် ဆွေးနွေးထားသည်။

ထို့အတူ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ညီနောင်မဟာမိတ်ဖြစ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တက်ရောက်ခြင်းမရှိပေ။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် နစက၏ ၁၈ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယအကြိမ် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများအတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့သည်။

သို့သော် ယနေ့အချိန်ထိ မည်သည့် အဖွဲ့အစည်းများ တက်ရောက်ရန် ရှိကြောင်းကိုတော့ ထုတ်ဖော် ပြောကြား သွားခြင်း မရှိပေ။