- By CNI
- Category: နိုင်ငံရေး
- Hits: 817
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် တိုက်ပွဲရှောင် ပြည်သူများကို နစကနှင့် NUG ပါ အကူအညီပေးသင့်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောည်။
အပစ်ရပ် လက်မှတ် ရေးထိုးထားသော အဖွဲ့အစည်းများမှ ဆက်ဆံရေးရုံးကနေတဆင့် ကူညီနေကြောင်း၊ နိုင်ငံရေး ကို မတွက်ဘဲ လူသားချင်း စာနာထောက်ထားမှုအရ အကူအညီပေးသင့်ကြောင်း ၎င်းက ပြောသည်။
စဝ်ခွန်းဆိုင်က “အပစ်ရပ်တွေက ဆက်ဆံရေးရုံးဆိုလည်း သူက စစ်တပ်နဲ့ တိုက်ရိုက်ဆက်နွယ်တယ်၊ နောက်ပြီး တော့မှ TSC ကလည်း စစ်တပ်နဲ့ တိုက်ရိုက်ဆက်နွယ်တယ်၊ အဲဒီတော့ တချို့ နိုင်ငံခြားက အဖွဲ့အစည်းတွေ ကလည်း သူတို့က အဲဒီ TSC တို့ အခု ဆက်ဆံရေးရုံးတို့ကနေတဆင့် သူတို့ ကူညီတာလည်း ရှိပါတယ်။ သို့သော် လည်းပဲ ဥပမာ ကရင်နီလိုမျိုးကြတော့ မရတော့ဘူး၊ ဘာလို့လဲဆိုရင် ဆက်ဆံရေးရုံးတွေက မရှိတော့ဘူး။ သူတို့ လုပ်နိုင်တာ အခုလောလောဆယ်က မကျယ်ပြန့်သေးဘူးပေါ့၊ လောလောဆယ်က မကျယ်ပြန့်သေးပေမယ့် ဒီကိစ္စ ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ ဆိုပြီးတော့မှ အခုလောလောဆယ် ဆွေးနွေးနေတာ ရှိပါတယ်၊ ဒီလိုမျိုး ဆွေးနွေးတဲ့ အခါကြတော့ ရတဲ့နယ်မှာ အကုန်လုံး လုပ်ရမှာပဲ၊ ဖြစ်နိုင်လို့ ရှိရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါလူသား ချင်း စာနာမှု အကူအညီ ပေးတယ်ဆိုတော့ SAC ဘက်ကပဲ မကဘူး NUG တို့၊ PDF တို့ ဘာတို့ကလည်း လူသား ချင်းစာနာမှု ကိုယ့်ရဲ့ ပြည်သူကို ကူညီနိုင်ဖို့ ဆိုပြီးတော့မှ နိုင်ငံရေးကို မတွက်ဘဲနဲ့ ကူညီနိုင်ရင် အကောင်းဆုံး ပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကောလင်းမြို့အတွင်း PDF တစ်ဦး သွားနေသလို တိုက်ပွဲရှောင်ရန်ထွက်ခွာနေသော ဒေသခံများကိုလည်း တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး အပြောင်းအလဲများကြောင့် တိုင်းပြည်တစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလာခဲ့ပြီး ပြည်သူလူထု အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့နောက် တိုက်ပွဲများကြောင့် ကုန်းလမ်းနှင့်ရေလမ်း ပိတ်ဆို့မှုများ ဖြစ်လာပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုများ၊ နယ်မြေမလုံခြုံမှုများကို ပြည်သူများ ကြုံတွေ့နေကြရသည်။
လက်ရှိ နယ်မြေများကို စိုးမိုးထားသည့် အဖွဲ့အစည်းအနေဖြင့် တိုက်ပွဲရှောင်များကို အကူအညီပေးနိုင်ရေး ခွင့်ပြုပေးသင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထွက်ပြေးနေကြတာတော့ အွန်လိုင်းမှာလည်း ပေါ်နေတာပဲ၊ မီဒီယာ အချင်းချင်း ပြောကြဆိုကြ အကုန်လုံး သိနေကြတာပဲ။ ပြည်သူတွေကို အကူအညီပေးဖို့ ဘယ်သူတွေက ဘယ်လို ကူညီပေးရမလဲဆိုတာ အခုက ပဋိပက္ခဖြစ်သွားတဲ့ နယ်မြေမှာ နယ်မြေကို ဘယ်သူက စိုးမိုးထားသလဲ၊ စိုးမိုးထားတဲ့ လူက မင်းတို့ ဒါလာလုပ်ကြ၊ မင်းတို့ လုပ်ကြလို့၊ အဲဒီလို လုပ်ခွင့် ကိုင်ခွင့်ပေးရင်တော့ ကူညီမယ့်သူတွေ ပေါ်လာမှာပေါ့။ အခုကတော့ လုပ်ချင်ကိုင်ချင်တဲ့ လူတွေ၊ ကူညီပေးချင်တဲ့ လူတွေက ရှိနေမှာပါ။ အန်ကယ်တို့လည်း စိတ် မကောင်းပါဘူး။ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ကြည့်ရတာ စိတ်မကောင်းပါဘူး” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့နောက် မြို့ခံ ၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများ လိုအပ်ကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1433
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွား နေသည်။

သီပေါမြို့ပေါ်မှာ တိုက်ပွဲရှောင်နေရသူများ လူဦးရေစာရင်းကို တွေ့ရစဉ်
ထို့နောက် သီပေါမြို့နယ်အတွင်းရှိ ကျေးလက် ဒေသများမှ ဒေသခံ ၁၁၁၀ ဦး သီပေါမြို့ရှိ ဘုန်ကြီးကျောင်းများ နှင့် စာသင်ကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် ဆောင်းရာသီဖြစ်၍ အနွေးထည်များ၊ စောင်များနှင့် စားနပ်ရိက္ခာများ အကူအညီ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 954
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံအတွင်းရှိ တရုတ်-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာနယ်စပ်အနီးမှာ လက်နက်ကိုင်အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး၊ ကွမ်းလုံ၊ နမ့်ခမ်း၊ သီပေါ၊ ချင်းရွှေဟော် စသည့် မြို့နယ် များအတွင်း AA၊ TNLA၊ MNDAA၊ BPLA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက် က စတင်၍ ဖော်ဆောင်ကာ မြန်မာ့တပ်မတော် စစ်စခန်းများအား တိုက်ခိုက်လျက်ရှိနေသည်။

ထို့နောက် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသည်။
အလားတူ ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှာလည်း KNDF၊ KNU၊ PDF တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်၊ တမူး၊ ခမ်းပတ်၊ ရွှေပြည်အေး၊ ဟုမ္မလင်း၊ ဗန်းမောက် စသည့် မြို့နယ်များ အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KIA၊ AA၊ ABSDF၊ PDF၊ KNA Burma၊ CNF တို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသလို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့ကြားမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1289
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်(နောင်ပိုအောင်)စံပြကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ တိုက်ပွဲရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
နောင်ပူအောင်ကျေးရွာအနီးရှိ လွှစင်ကုန်းကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေကြောင်း သိရသည်။
နောင်ပူအောင်နှင့် လွှစင်ကုန်းဒေသခံများ အနေဖြင့် နီးစပ်ရာ ကျေးရွာများရှိ ဆွေမျိုးများထံ တိမ်းရှောင်နေကြ ရကြောင်း နောင်ပူအောင်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောင်ပူအောင်ကတွေလည်း ဒီဖက် နမ့်စကားတို့၊ နားမော်တို့ဖက်မှာ တိမ်းခဲ့ကြတာလေ၊ နောင်ပူအောင် နားမှာ ဘယ်သူမှ မရှိတော့ဘူး။ တော်တော်များများ ထွက်ခဲ့ကြပြီ။ နောင်ပူအောင်အထိတော့ မရောက်ဘူး။ ဒါပေမဲ့ ဘယ်လိုပြောမလဲ ဝင်မယ်လို့ ထင်လို့ပါ့အေး။ နောင်ပူအောင်ကို ဝင်မယ်လို့ ထင်တဲ့သူက အကုန်လုံး နမ့်စကား ဖက် ရွေ့ခဲ့ကြပြီ။ ရွာခံတွေ မရှိတော့ဘူး၊ နောင်ပူအောင်မှာတော့ နည်းနည်းပါးပါး ရှိသေးတယ်၊ လွှစင်ကုန်းမှာ တော့ တစ်ယောက်မှ မရှိတော့ဘူး” ဟု ပြောသည်။

ဟုမ္မလင်းမြို့ကို တွေ့ရစဉ်
လက်ရှိကာလမှာ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသောကြောင့် စပါးများ မရိတ်သိမ်းရဘဲ ထားခဲ့ရကြောင်း အထက်ပါ နောင်ပူအောင်ဒေသခံက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က လွှစင်ကုန်းကျေးရွာ၊ ဖါနိုင်းကျေးရွာနှင့် ရွှေပြည်အေးမြို့တို့ကို KIA၊ PDF ပူးပေါင်းတပ်တို့က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာလျက် ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရွှေပြည်အေးမြို့ခံ အများအပြား ဟုမ္မလင်းမြို့သို့ တိုက်ပွဲတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
KIA၊ PDF များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းထက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ SNA ကို တိုက်ခိုက်ခြင်းမှာ တိုင်းရင်းသား လူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်ပွားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၂ ရက် ညပိုင်းက သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
၎င်းက “စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဖက် နေရာမှာ နောင်ပိုအောင်မှာ SNA ရှမ်းနီအဖွဲ့နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်။ ဒါတွေသည် အစိုးရကို လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်နေတာ ဆိုတာထက် တိုင်းရင်းသားလူမျိုးစု အချင်းချင်း ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အဓိက သူတို့ ကြွေးကြော်နေတဲ့ အလုံးစုံပျက်သုန်းရေးကို ဦးတည်နေတာ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက သတိရှိရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံတော် ပြန်လည် တည်ငြိမ်အေးချမ်းဖို့ လုံခြုံမှု ရှိစေဖို့အတွက် ဒီလို အဖျက်သမား စိတ်ဓါတ်မျိုးရှိတဲ့ သောင်းကျန်းသူများကို ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အမြစ်ပြတ် ချေမှုန်းသွားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။
ဟုမ္မလင်းမြို့နယ် နောင်ပူအောင်(နောင်ပိုအောင်)စံပြကျေးရွာအနီး လွှစင်ကုန်းနှင့် အောင်ပင်ကျေးရွာတို့တွင် SNA နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ကာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွား လျက် ရှိနေသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2083
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်လာပြီး ဒေသတွင်းနေ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။
ထို့ကြောင့် ကျန်းမာရေးကိစ္စအတွက် အသွားအလာများတွင် အခက်အခဲဖြစ်ရကြောင်း၊ ကုန်စည်စီးဆင်းမှုမှာလည်း ရပ်တန့်သွားကြောင်း ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု စစ်ပွဲတွေက ပြင်းထန်လာတော့ ဒေသခံကနေပြီးတော့ ကျန်းမာရေးရော၊ နောက်ပြီးတော့ ကျနော်တို့ ကျန်းမာရေးအတွက် တော်တော်လေး အခက်အခဲဖြစ်နေတာ ရှိတယ်၊ ခွဲစိတ်မယ့် လူနာတွေ၊ အရေးပေါ် လူနာတွေ ပို့ဆောင်ရမယ်ဆိုရင် ရေလမ်းခရီးကို အသုံးပြုရတဲ့ ဒေသတွေရော နောက်ပြီး ကုန်းလမ်းခရီးကို အသုံးပြုရတဲ့ ဒေသတွေရော တော်တော်လေး လမ်းတွေ ပိတ်ထားတော့ အခက်အခဲ ဖြစ်နေကြတယ်၊ နောက်ပြီး ရေလမ်းခရီးတို့ ကုန်းလမ်းခရီးတို့ ပိတ်လိုက်တော့ ဒီဖက်မှာက ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာက တစ်ကြောင်း၊ နောက်ပြီးတော့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်တန့်သွားတော့ ဒီမှာ ကုန်စည်တွေ ပြတ်လုနီးပါး ဖြစ်နေတာတွေ လည်း အခက်အခဲ ဖြစ်နေပါတယ်၊ ဒီမှာ” ဟု ပြောသည်။

မြန်မာ့တပ်မတော် အမြောက်တပ်ကို တွေ့ရစဉ်
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့တို့တွင် မြန်မာ့ တပ်မတော်နှင့် AA တို့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။
လက်ရှိမှာ ကုန်သွယ်မှုများအားလုံး ရပ်တန့်သွားကြောင်း၊ စစ်တွေမြို့ကို ကျော်ပြီး ပေါက်တောမြို့အား လက်နက် ကြီးဖြင့် ပစ်ခတ်နေကြောင်း စစ်တွေ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေသခံတွေက အခက်အခဲကတော့ အစုံပဲပေါ့။ လမ်းပန်းဆက်သွယ်ရေး မရှိတော့ ကူးလူးဆက်ဆံမှုလည်း မရတော့ဘူးပေါ့၊ ကုန်သွယ်ရောင်းဝယ်မှုလည်း မရှိတော့ဘူး။ ဆေးကုဖို့လည်း အဆင်မပြေဘူး။ အဲဒီလိုမျိုးတော့ ရှိတာပေါ့။ စစ်တွေကလည်း မနေ့ကတည်းက အချိန်တိုင်းလိုလို ဒီလက်နက်ကြီးနဲ့ ပေါက်တောကို စစ်တွေမြို့ကို ကျော်ပြီး ပစ်နေတာ မြင်နေရတာပေါ့။ အဲဒီတော့ တစ်မြို့လုံးကလည်း တိတ်ဆိတ် ငြိမ်သက်နေတာပေါ့။ အားလုံး လူတိုင်းရဲ့ ရင်ထဲမှာတော့ စိုးရိမ်ထိတ်လန့်မှုကတော့ ရှိနေကြတာပဲပေါ့။ လက်နက်ကြီးတွေက ကိုယ့်အပေါ် ကျော် ပစ်နေတဲ့ နေရာထက်စာရင် ကိုယ့်စီလည်း မရောက်လာဘူးလို့ ပြောလို့ မရဘူးလေ” ဟု ပြောသည်။
လက်ရှိ ပေါက်တောမြို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး မြို့ခံလူထုများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ မပြု လုပ်စေလိုကြောင်း ရသေ့တောင် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲရှောင်များကို တွေ့ရစဉ်
၎င်းက “လက်ရှိ အခြေအနေမှာတော့ တိုက်ပွဲဖြစ်တဲ့ ဒေသ ဥပမာအားဖြင့် အဲဒီ ရွာနားမှာပဲဖြစ်ဖြစ်၊ မြို့ပေါ်နားမှာ ပဲဖြစ်ဖြစ်၊ ဖြစ်တဲ့နေရာဘေးမှာပဲ တိုက်ပွဲဆင်တာ မဟုတ်ဘဲနဲ့ အခြား တိုက်ပွဲမရှိတဲ့ ဒေသကိုနေပြီး လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေက တော်တော်လေးကို ဆိုးဆိုးရွားရွား အနေအထားမှာ ရှိတယ်၊ ဒါတွေကြောင့် လည်း ဒီလို တိုက်ပွဲမဖြစ်တဲ့ ဒေသတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာကြောင့်လည်း ပြည်သူလူထုတွေ ကနေ ပြီးတော့ မလိုအပ်ဘဲနဲ့ စစ်ရှောင်တဲ့ အနေအထား နောက်ပြီး ပြေးလွှားနေရတဲ့ အနေအထားတွေ ဖြစ်နေတာ တွေ့ ရတယ်၊ ဒါမျိုးတွေ မဖြစ်ဘဲနဲ့ နေပြီးတော့ စစ်ပွဲဖြစ်တဲ့ ဒေသမှာပဲ စစ်ဆင်ရေးတွေ လုပ်ကြဖို့ လုပ်ကြမယ်ဆိုရင် တော့ အခြားမဆိုင်တဲ့ ဒေသတွေတော့ ဒီလောက်အထိ ထိထိခိုက်ခိုက် ရှိမှာ မဟုတ်ဘူးလို့ မြင်တယ်” ဟု ပြော သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
တခြားတစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA သည် တခြားသော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1584
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအား မထိန်းသိမ်းနိုင်ပါက တိုင်းပြည်ပြိုကွဲ သွားနိုင်သလား ဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေသည်။
လက်ရှိ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများကိစ္စကို မြန်မာ့တပ်မတော်က စွမ်းစွမ်း တမံ မဆောက်ရွက်နိုင်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ၎င်းကိစ္စအား သေသေချာချာ ကိုင်တွယ်သွားရန် လိုအပ်ကြောင်း နစက၏ ယာယီသမ္မတ ဦးမြင့်ဆွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပသော ကာ/လုံ အစည်းအဝေးတွင် ပြောကြားထားသည်။
တိုင်းပြည်ပြိုကွဲသည့် အခြေအနေအထိ ဖြစ်ပွားနိုင်ရန် မရှိကြောင်း သို့သော်လည်း ဆီးရီးယားနိုင်ငံကဲ့သို့ ဖြစ်သွား နိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

ဦးမြင့်ဆွေကို တွေ့ရစဉ်
၎င်းက “တိုင်းပြည် ပြိုကွဲသွားနိုင်တဲ့ အခြေအနေတော့ မရှိလောက်ပါဘူး။ ဒါပေမဲ့ ဘယ်လို ဖြစ်လာနိုင်သလဲဆိုလို့ ရှိရင် ဟိုဖက်မှာ ဆီးရီးယားတို့မှာ ဖြစ်နေတဲ့ ပြဿနာမျိုး အဲဒါမျိုး ခပ်ဆင်ဆင်တွေ သက်ရောက်သွားနိုင်တဲ့ အနေ အထားတော့ စဉ်းစားမိတာပေါ့လေ၊ ဒါပေမဲ့ အဓိက အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဗမာပြည် နိုင်ငံရေးအပေါ်မှာ ဘယ်လို စိတ်ဝင်စားမှုရှိပြီးတော့ ဘယ်လို အဆင်ပြေအောင် ကူညီမလဲဆိုတဲ့ အခြေအနေ ကလည်း သိပ်အရေးကြီးတယ်၊ အိန္ဒိယနိုင်ငံရဲ့ အကူအညီကလည်း သိပ်အရေးကြီးတယ်လို့ အန်ကယ်တော့ အဲဒီ လို သုံးသပ်တာပေါ့လေ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယတို့တွင်လည်း ခွဲထွက်ရေး လှုပ်ရှားမှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ ပြိုကွဲသွားမည်ကို လိုလားမည်မဟုတ်ကြောင်း ပြည်တွင်းနိုင်ငံရေးသမားများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် မတ်လမှာပဲ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက်ခဲ့သည်။
အဆိုပါ လက်နက်ကိုင်ပဋိပက္ခများသည် လက်ရှိ အချိန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ နိုင်ငံရေး အပြောင်းအလဲများဖြစ်ကာ တိုင်းပြည် တစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။

ကောလင်းမြို့ခံများနဲ့ PDF တစ်ဦးကိုတွေ့ရစဉ်
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။ အလားတူ တော်လှန်ရေး အင်အားစုများလည်း နိုင်ငံတစ်ဝှမ်း မြို့သိမ်းတိုက်ပွဲ များ လိုက်ပါဆင်နွဲခဲ့သည်။
တိုင်းပြည်မှာ အစိတ်စိတ် အမွှာမွှာဖြစ်နိုင်သော်လည်း တော်လှန်ရေးအင်အားစုများ တစ်စုတစ်စည်း တည်း မဖြစ်သေးကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိတ်စိတ် အမွှာမွှာဖြစ်တာတွေကတော့ သေချာပေါက် ဖြစ်နိုင်ပါတယ်။ ပြိုကွဲဖို့လည်း ဖြစ်နိုင်တယ်၊ မပြိုကွဲဘဲနဲ့ ပြန်လည်စုစည်းတာလည်း ဖြစ်နိုင်ပါတယ်။ အခုလောလောဆယ်မှာဆိုလို့ရှိရင် အားလုံးက ဝိုင်း တိုက်နေတဲ့ အခါကြတော့ SAC ဘက်က ဩဇာက၊ တပ်မတော်ဘက်က ဩဇာက ကျနေတာတော့ မှန်တယ်၊ နောက်ပြီးတော့ အင်အားလည်း ထိခိုက်နေတာလည်း မှန်တယ်၊ သို့သော်လည်းပဲ သူက အခုထိက တစ်စုတစ်စည်း တည်း ရှိနေတယ်၊ နံပါတ်တစ်က ဒီဝိုင်းဝန်းတိုက်နေတဲ့ အဖွဲ့တွေကြတော့ တစ်စုတစ်စည်းတည်း မဖြစ်သေးဘူး။ ကိုယ့်ရဲ့နည်း ကိုယ့်ရဲ့ဟန် ကိုယ့်အင်အားနဲ့ပဲ တိုက်နေတဲ့ ပုံစံဖြစ်တယ်၊ အဲဒီအခါကြတော့ အနိုင်တိုက်နိုင်ဖို့ဆိုတာ စုစည်းတဲ့ ဦးဆောင်မှုတွေ ရှိဖို့လိုတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ တော်လှန်ရေး အင်အားစုများ နှင့် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမီးလောင်မှု၊ ပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာ ရေးနှင့် ပညာရေးများမှာလည်း ယိုယွင်းကျဆင်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1086
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပြင်ဦးလွင်- နောင်ချို- ကျောက်မဲလမ်းပိုင်းအား TNLA-PDF ပူးပေါင်းအဖွဲ့က ဖျက်စီးထားခဲ့ရာကို ပြန်လည် ပြုပြင်ထိန်းသိမ်း ထားပြီးဖြစ်၍ ပုံမှန်အတိုင်း သွားလာနိုင်ပြီဟု နစကမှ သတင်းထုတ်ပြန်ခဲ့သည်။
TNLA – PDF ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ- လားရှိုး ပြည်ထောင်စုကားလမ်းမကြီး တစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် ၁ နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီး၌ ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးမှာ ၁ နေရာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပတ်လမ်းခွဲတွင် ၁ နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြား နေရာတစ်ဝိုက်တွင် ၇ နေရာတို့မှာ မြေဖြတ်ကျင်းများတူး၍ လမ်းအား ဖြတ် တောက်ပိတ်ဆို့ ထားသည်။
အလားတူ သစ်ပင်များ ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ကာ မော်တော်ယာဉ်များ သွားလာနိုင်မှုများ မရှိစေရန် လုပ်ဆောင်ထားသည်။

TNLA-PDF ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ လမ်းကို ဖျက်ဆီးထားစဉ်
ထို့နောက် လမ်းပိတ်ဆို့ဖျက်ဆီးထားသော နေရာများအားလုံးကို နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ နစကဘက်က လုံခြုံရေးဆောင်ရွက်၍ လမ်းများ ပြုပြင်ပြီး ပုံမှန်အတိုင်း ပြန်လည် သွားနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲမြို့အထိ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်သည်။
ကျောက်မဲမြို့ဒေသခံ တစ်ဦးက “အခု လမ်းက ပုံမှန်အတိုင်းသွားနိုင်ပြီး၊ အခုလို ပြန်ပြီး သွားလို့ လာလို့ရတော့ ကျနော်တို့ ဒေသခံတွေအတွက် အဆင်ပြေသွားတာပေါ့။ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြန်ပြီးထိန်းနိုင်တော့ မှာပေါ့။ နောက်တစ်ခုက ကုန်သွယ်မှု ပြန်လုပ်နိုင်တော့ စီးပွားရေးကျပ်တည်းနေတဲ့အချိန်မှာ အနည်းငယ်ပြန် ပြီးတော့ အသက်ရှုချောင်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
TNLA-PDF ပူးပေါင်းအဖွဲ့သည် ကိုးကန့်တပ်ဖွဲ့(MNDAA)ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်း၊ လားရှိုး မြို့နယ်များမှာ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။
ထို့နောက် မန္တလေးဘက်ကနေ မြန်မာ့တပ်မတော်မှ စစ်ကူများ မပေးနိုင်အောင် လမ်းများဖျက်ဆီးကာ ပိတ်ဆို့ ထားခဲ့သည်။
သို့သော် ယခုအခါမှာတော့ ပြင်ဦးလွင်- နောင်ချို- ကျောက်မဲ ကြားပိုင်းကို မြန်မာ့တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ပိတ်ဆို့ထားသော လမ်းများရှိ အတားအဆီးများ ဖယ်ရှားထား၍ ပုံမှန်အတိုင်းသွားလာနိုင်ပြီ ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1325
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကို မြန်မာ့တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက် ခဲ့ခြင်း မရှိကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မြန်မာ့တပ်မတော်၏ စခန်းသစ် လက်နက်ကြီး ကုန်းအား TNLA က ရယူစိုးမိုးထားစဉ် တပ်မတော်မှ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၄ ရက်က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ အဆိပ်ငွေ့ဗုံးကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

TNLA တပ်ဖွဲ့များကို တွေ့ရစဉ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ မနေ့တုန်းက ပြောခဲ့တဲ့ နမ့်ခမ်း၊ နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်က ပြန်လည်တိုက်ခိုက်တယ်၊ ပြန်လည်တိုက်ခိုက်တာမှာ TNLA အနေနဲ့ အကျ အဆုံး များစွာရှိခဲ့တယ်၊ ထုံးစံအတိုင်းပါပဲ သူတို့အကျအဆုံးရှိပြီဆိုရင် တော်တော်လေး အကျအဆုံးများတယ်၊ TNLA အနေနဲ့ သူတို့အကျအဆုံးရှိပြီ ယခင်တုန်းကတိုင်း သုံးနေကျအသံပေါ့ ထွက်လာတယ်၊ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တယ်တို့၊ ဘာတို့ ဒါတွေ တွေ့ရတာ ဖြစ်ပါတယ်၊ နစလမှာ ရှိနေတဲ့ တပ်ရင်း၊ တပ်ခွဲတွေအနေနဲ့ နမ့်ခမ်း မှာ ရှိနေတဲ့ ရှေ့တန်းလုံခြုံရေး စခန်းအနေနဲ့ ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် တန်ပြန်ချေမှုန်းခဲ့တဲ့အတွက် ရန်သူ အကျအဆုံးများစွာ ရှိပါတယ်။ ဒီအတွက်လည်း ကြံ့ကြံ့ခံ ခုခံ တန်ပြန်တိုက်စစ် ဆောင်ရွက်ခဲ့တဲ့ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲများ အားလုံးက အသိအမှတ်ပြု ဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် ကျူးကျော်သူများကို ချေမှုန်းသွားမည်ဖြစ်သလို နယ်မြေတည်ငြိမ်ရေး လုပ်ဆောင် သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားထားသည်။
နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သော တပ်မတော်ကို အိမ်နီးချင်းနိုင်ငံ အပါအဝင် နိုင်ငံတကာမှ အရေးယူရန် TNLA က တောင်းဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် TNLA ရဲဘော်အချို့သည် ပုံစံတူ အဆိပ်သင့်ပြီး ခန္ဓာကိုယ်တွင် ထိရှဒဏ်ရာ တစ်စုံတစ်ရာ မရရှိဘဲ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင် ကျခြင်းများကို ပြင်းထန်စွာ ခံစားနေကြရကြောင်း၊ ထိုရဲဘော်များကို TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှု ပေးနေကြောင်း ဖော်ပြထားသည်။

TNLA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
အဆိပ်ငွေ့ဗုံး အသုံးပြုသည်ဟု ပြောဆိုချက်နှင့် ပတ်သက်၍ သက်သေပြနိုင်ရန် ခက်ခဲကြောင်း၊ သို့သော်လည်း တပ်မတော်အနေဖြင့် အသုံးပြု၍ရသော လက်နက်မှန်သမျှ အသုံးပြုတိုက်ခိုက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဟာနဲ့ ပတ်သက်လို့ကတော့ ပြောဖို့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ သုံးလို့ ရသမျှ လက်နက်မှန်သမျှ သုံးမှာပါပဲ၊ ဟိုတလောကလည်း ကလပ်စတာဗုံးတွေ သုံးတယ်လို့တော့ ပြောတာပေါ့ဗျာ၊ ဒါပေမဲ့ အဲဒီဟာက နည်းပညာနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက်အထား မတွေ့ရှိရပါဘူး။ သက်ရောက်မှု အပေါ်မှာ ကျနော်တို့ ထင်ကြေးပေးနိုင်တာပဲရှိပါတယ်။ KIA ဒုက္ခသည်စခန်းကို ပစ်ချလိုက်တဲ့ ဗုံးကိုလည်း ဒီနေ့ အထိ ကျနော်တို့ ဘာဗုံးလဲဆိုတာ ဖော်ထုတ်လို့ မရသေးပါဘူး။ ဒါကြောင့် အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျနော် ထင်မြင်ချက်ပေးဖို့ အခက်အခဲရှိတဲ့အကြောင်း ရှင်းပြတာပါ”ဟု ပြောသည်။
TNLA သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ရက္ခိုင့်တပ်တော်(ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) တို့ဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်လျက်ရှိပြီး မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1071
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA)တို့၏ ၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်၌ တရုတ်ရှိနေကြောင်း အမျိုးသားရေး အင်အားစုများက ယုံကြည်နေကြပြီး ပြည်တွင်း ရေး ဝင်ရောက်စွက်ဖက်မှု ရပ်တန့်ရန် နိုဝင်ဘာ ၁၉ ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့နှင့် ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ အမျိုးသားရေး အင်အားစုများက ဆန္ဒပြခဲ့ကြ ခြင်း ဖြစသည်။
“ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှယ်သူများအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ ဒါ ငါတို့တိုင်းပြည်- ငါတို့ပြည်ထောင်စု- ငါတို့ပြည်တွင်းရေး၊ ငါတို့ရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေတာ ဘယ်သူလဲ၊ အမိမြေကို ကာကွယ်ကြ၊ ပြည်ထောင်စုကို စုပေါင်းကာကွယ်ကြ”ဆိုသော ကြွေးကြော်သံများကို ကိုင်ဆောင် ကာ တရုတ်အား ဆန္ဒပြခဲ့ကြသည်။
ထို့နောက် တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည် မြောက်ပိုင်းမှ အကြမ်းဖက်များကို ကူညီပံ့ပိုးနေမှုများ ရပ်တန့်ရန် ဆိုသော ကြွေးကြော်သံများကိုလည်း ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်ကို ဆန္ဒပြနေကြသော အမျိုးသားရေးအင်အားစုများကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ ချင်းရွှေဟော် စသည့် မြို့နယ်များတွင် AA၊ TNLA၊ MNDAA တို့သည် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)၊ ဗိုလ်နဂါးတို့အဖွဲ့၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)တို့နှင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်က စတင် ဖော်ဆောင်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးသည် မြို့သိမ်း တိုက်ပွဲများနှင့် တပ်မတော် စစ်စခန်းများ တိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည်။
ထိုစစ်ဆင်ရေးသည် မည်သည့်အချိန်မှာ ပြီးဆုံးမည်၊ မည်သည့် အနေအထားကို ရောက်ရှိပါက ရပ်တန့်မည်ကို တရုတ် အစိုးရအနေဖြင့် သိရှိထားပြီး ဖြစ်နိုင်ကြောင်း၊ တရုတ်အစိုးရ၏ မီးစိမ်ပြမှု မရှိပါက မြောက်ပိုင်းမဟာမိတ် အဖွဲ့များ စစ်ဆင်ရေးကို ဖော်ဆောင်မည် မဟုတ်ကြောင်း၊ တရုတ်အစိုးရ၏ ထောက်ခံ ကူညီမှု ရှိနေကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမားများနှင့် စစ်ရေးကျွမ်းကျင်သူများက ပြောကြသည်။
ထို့ကြောင့် အမျိုးသားရေး အင်အားစုများသည် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း နိုဝင်ဘာလ တတိယအပတ် ထဲမှာ ခပ်စိပ်စိပ် ရန်ကုန်နှင့် နေပြည်တော်မြို့များမှာ ဆန္ဒပြလာကြသည်။
