၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၉

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ လှုပ်ရှားနယ်မြေအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်းကြားနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးစင်တာကို ဖွင့်လှစ်ထားသည်ဟု TNLA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော်က CNI သတင်းဌာနကို ပြောသည်။

“အဓိကတော့ ကျနော်တို့ ဖွင့်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ဒေသမှာ ရှိနေတဲ့ လူထုတွေအတွက် အဲမှာ ရှိနေတဲ့ လက်နက်ကိုင်တပ်တွေရဲ့ ဖိနှိပ်မှုကို တိုင်းကြားနိုင်ဖို့ ဖွင့်လှစ်ထားတာပါ။ ဖွင့်လှစ်ထားတာတော့ ကြာပြီ ။ မြေပြင်မှာလည်း ဆက်သွယ်ပြီး တိုင်ကြားလာတာလည်း ရှိတယ်။ တချို့ကလည်း မတိုင်ကြားပေမယ့် လိုက်လံဆောင်ရွက်ပေးတဲ့ အပိုင်းတော့ ရှိတာပေါ့နော်။ ဒါဟာ သူတို့ရဲ့ လုပ်ငန်းပေါ့။ မြေပြင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ လူထုအတွက် နစ်နာမဲ့ လုပ်ငန်းတွေ၊ ဒေသကို ကူညီဖို့ ကျနော်တို့ လုပ်ငန်းတွေ ဖြစ်တယ်။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ပြည်သူ့ဆက်ဆံရေးစင်တာ (PRC) ကို ၂၀၁၅ ခုနှစ်တွင် PSLF/TNLA ၏ ဗဟိုအလုပ်အမှုဆောင်အောက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗဟိုရုံးသို့ တိုက်ရိုက်တင်ပြနိုင်သည်ဟု ဆိုသည်။

လက်ရှိအချိန်အထိ ပြည်သူ့ဆက်ဆံရေးစင်တာ (PRC) ကို လာရောက်တိုင်ကြားသည့် အမှုပေါင်း ရာချီရှိနေပြီဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

G-Z များကို လက်ခံကာ စစ်သင်တန်းနှင့် ဖောက်ခွဲရေးသင်တန်းများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ ပေးနေကြောင်း၊ ထိုအဖွဲ့များသည် အားလုံးကို မဆိုလိုဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ‌‌ပြောဆိုချက်နှင့် ပတ်သက်ပြီး ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

“အမှန်တော့ ကျနော်ထင်ပါတယ်။ သူက ခန့်မှန်းပြီးမှ ပြောတာပါ။ အထောက်အထားမရှိဘဲ ပြောကြတာပေါ့နော်။ တကယ့်တကယ် ကျနော်တို့ဆီမှာ နယ်မြေလည်း မရှိဘူး။ သင်တန်းပေးနိုင်တဲ့ အဆင့်လည်း မရှိဘူးပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ အရင်ကတည်းကလည်း ကျနော်တို့ အထိုင်တပ်မရှိဘူး။ လှုပ်ရှားနယ်မြေပဲ ရှိတယ်။ လှုပ်ရှားတပ်ဖွဲ့ပဲ ရှိတယ်။ အဲလို သင်တန်းပေးနိုင်တဲ့ နေရာလည်း မရှိပါဘူး” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ကျေးရွာအလိုက် မြို့နယ်အလိုက် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခွင့်အရေးချိုးဖောက်မှု ရှိ/ မရှိ ဖုန်းဆက်မေးမြန်းခြင်း၊ လက်ခံဖြေကြားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ရွာသားများ၏ အချက်အလက်နှင့် ကျူးလွန်သည့် လက်နက်ကိုင်အဖွဲ့များ၏ အချက်အလက်တို့အား၊ ကောက်ယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် ဖြေရှင်းခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ထို့အပြင် စစ်လက်နက်နှင့် မိုင်းများကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသွားသည့် ရွာသူ/သားများနှင့် ပြည်သူပိုင် တိရိစ္ဆာန်များတို့၏ စားရင်းအား ကောက်ယူခြင်း၊ မှတ်တမ်းတင်ပြုစုခြင်းနှင့် ကူညီပေးဆောင်ရွက်သွားမည်ဟု သိရသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသော ပလောင်လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

လက်ရှိမှာလည်း အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း လျက်ရှိနေသော အဖွဲ့လည်း ဖြစ်သည်။