၂၀၂၁ခုနှစ်၊ သြဂုတ် ၂၉
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်အုပ်စုတွင် သြဂုတ် ၂၇ရက်နေ့က စားနပ်ရိက္ခာ ကူညီထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့အား အမ်းမြို့နယ်ရှိ ခမရ (၃၇၃) တပ်ရင်း စစ်ဆေးရေးဂိတ်မှ ဖြတ်သွားခွင့်မပြုဘဲ တားမြစ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် (သို့မဟုတ်) နယ်လုံဝန်ကြီး၏ ခွင့်ပြုချက်ပါမှသာ သွားခွင့်ရမည်ဖြစ်ကြောင်း ထိုစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သြဂုတ် ၂၈ရက်နေ့တွင် ခွင့်ပြုရန် စာတင်ထားသော်လည်း ယနေ့အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက ဆိုသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါပဲ မသွားရဘူးတဲ့။ အဲလိုပြောတယ်။ နယ်လုံဝန်ကြီးခွင့်ပြုချက်လိုတယ်။ အဲလိုဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကိုလည်း ကျနော်တို့ မနေ့က စာတင်ပြီးပြီဗျ။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး။ ဒီစစ်တပ်က လူကြီးတွေကိုလည်း ဖုန်းတွေနဲ့ လှမ်းလို့ဆက်တယ်။ ဘာမှပြန်မပြောဘူး။ ကျနော်တို့ အကုန်သိုလှောင်ထားရတာပေါ့ အမ်းမြို့ထဲမှာပဲ” ဟု ဆိုသည်။
(၃၇၃) တပ်ရင်းသည် အမ်းမြို့နယ်ရှိ စစ်တွေ-ရန်ကုန်ကားလမ်းဘေးတွင်ရှိကာ ဒါးလက်ချောင်းအုပ်စုသို့ ကိုဗစ်ကာလ၌ စားဝတ်နေရေးမပြေလည်သည့်အတွက် အခက်အခဲဖြစ်နေကြောင်း အကူအညီလှမ်းတောင်းသည့်အတွက် အိမ်ထောင်စု (၂၀၀) ကျော်စာ ဆန်၊ ဆား၊ ငပိ၊ ဟင်းချိုမုန့်များကို ကူညီထောက်ပံ့ရန်သွားရာတွင် ယခုကဲ့သို့ ဖြတ်သွားခွင့်မပြုကြောင်း တားမြစ်ခံရခြင်းဖြစ်သည်။
အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အား CNIမှ ဆက်သွယ်မေးမြန်းသည့်အခါတွင် ဖုန်းအသံမကြားရဘူးဟု ပြောဆိုကာ ဖုန်းချသွားခဲ့ပြီး ထပ်မံခေါ်ဆိုရာတွင် လက်ခံဖြေကြားခြင်းမရှိတော့ပေ။
မေတ္တာရှင် ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက “ကျနော်တို့က တော်တော်လေးစိတ်မကောင်းဘူးဗျ။ တော်တော်လေး ဒုက္ခခက်ခဲနေလို့ ပြည်သူတွေက ကူညီပေးတာ။ လူသားတွေရဲ့ အခက်အခဲကို လူသားတွေက ကူညီပေးတာ။ ပြီးတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ရမှာ အုပ်ချုပ်သူ လူတန်းစား အစိုးရတစ်ရပ်ဖြစ်တယ်။ အဲ့ဒီအစိုးရရဲ့ကိုယ်စား အရပ်သားလူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာ ကူညီပေးတာ။ အဲ့လို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေကို လမ်းပန်းဆက်သွယ်ရေးတွေပိတ်တယ်။ သွားခွင့်မပေးဘူးဆိုတော့ ကျနော်တို့တွေက ဘယ်လိုမှ မပြောတတ်တော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၁ရက်နေ့ခန့်ကလည်း ရခိုင်ပြည်နယ်အစိုးရမှ စည်းကမ်းများတင်းကျပ်လိုက်သောကြောင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသည့် ICRC အနေဖြင့် စစ်ဘေးရှောင်များကိုထောက်ပံ့ပေးရန် ရိက္ခာများအလုံအလောက်ရှိသော်လည်း ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်မရရှိသည့်အတွက် ရိက္ခာထောက်ပံ့မှုရပ်တန့်လိုက်သည့် ဖြစ်ရပ်ဖြစ်ခဲ့သေးသည်။
သို့သော် ပြည်နယ်အစိုးရနှင့် ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ရာတွင် ပြည်နယ်အစိုးရဘက်မှ ဖြေလျှော့ပေးခဲ့သည့်အတွက် ICRCအနေဖြင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာပြန်လည်ထောက်ပံ့မည်ဖြစ်ကြောင်း ICRC မှ သိရသည်။