ဟောင်ကောင် ဩဂုတ် ၂၉
ဗြိတိန်ဗီဇာအစီအစဉ်၏ ပထမ ၅ လစာအတွက် ဗြိတိန်နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းသစ်အဖြစ် ဟောင်ကောင်သူ၊ ဟောင်ကောင်သား ၆၄,၉၀၀ တို့က အပြိုင်အဆိုင်လျှောက်ထားခဲ့ကြရာ ၎င်းတို့အနက်မှ ၄၇,၃၀၀ ဦးကို လက်ခံခဲ့ကြောင်း၊ ဟောင်ကောင်တွင် တရုတ်ပြည်မကြီး၏ အမျိုးသားလုံခြုံရေးကို ကျောခိုင်း၍ ရွှေ့ပြောင်းအခြေချမှု လှိုင်းတံပိုး ရိုက်ခတ်နေဆဲဖြစ်ကြောင်း South China Morning Post သတင်းစာကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။
ဗြိတိန်ဗီဇာလျှောက်ထားသည့်အစီအစဉ်၌ လျှောက်လွှာများ၏ ၇၁ ရခိုင်နှုန်းခန့်မှာ ဗြိတိန်နိုင်ငံ၏ပြည်ပမှ လက်ခံခဲ့ပြီး ကျန်လျှောက်လွှာများကို ပြည်တွင်း၌ လက်ခံခဲ့ကြောင်း ဩဂုတ် ၂၆ ရက်က ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။
ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ဘေဂျင်းအနေဖြင့် ပြဋ္ဌာန်းခဲ့သည့်အပေါ် ဗြိတိန်က တုံ့ပြန်သည့်အနေဖြင့် အဆိုပါဗီဇာအစီအစဉ်ကို စတင်ခဲ့ပြီး လူ့အခွင့်အရေးစိုးရိမ်မှုရေချိန်ကို မြှင့်တင်ပေးခဲ့သည်။ ယင်းသို့ ဗြိတိန်၏လုပ်ရပ်သည် ဟောင်ကောင်ကျွန်းအား တရုတ်လက်ဝယ် ပြန်ပေးသည့်သဘောတူညီချက်ကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်သံများ ကျယ်လောင်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ခန့်မှန်းခြေ ဟောင်ကောင်တွင် နေထိုင်သူ ၇.၅ သန်းအနက် ၅.၄ သန်းအပေါ် အဆိုပါဗြိတိန်ဗီဇာအစီအစဉ် လျှောက်ထားခွင့်ရှိစေခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အရ British National (Overseas) အဆင့်ရှိသူများနှင့် ၎င်းတို့ကိုမှီခိုသူများအား ဗြိတိန်တွင် ၅ နှစ် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နှင့် ပညာသင်ခွင့်ပြုပြီး ၆ နှစ်အကြာတွင် အရည်အချင်းပြည့်မီပါက နိုင်ငံသားလျှောက်ခွင့်အထိ ရရှိမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက အွန်လိုင်းလျှောက်လွှာများကို ဖွင့်ဖောက်စစ်ဆေးကြည့်အခါ စုံစမ်းမေးမြန်းမှုများ အလွန့်အလွန်များပြားနေသည်ကို တွေ့ရကြောင်း ဟောင်ကောင်ရှိ Goldmax မိတ်ဖက်များအဖွဲ့မှ အကြီးတန်းလူဝင်ကြီးကြပ်ရေးအကြံပေးပုဂ္ဂိုလ် ဝီးလစ်စ်ဖူယောင်ဝေက ပြောသည်။
“BN (O) ဗီဇာလျှောက်ထားမှုဟာ နောက် ၆ လဆို ပြန်ကျလာမယ်လို့ ကျနော် ခန့်မှန်းပါတယ်” ဟု ဝီးလစ်စ်ဖူယောင်ဝေက ပြောသည်။
အလားတူ ကနေဒါနိုင်ငံကလည်း ဟောင်ကောင်ဘက်မှ ပြောင်းရွှေ့နေထိုင်နိုင်ရန် လမ်းကြောင်းသစ်များ ဖွင့်ပေးခဲ့သဖြင့် လျှောက်လွှာစုံစမ်းကြသူအချို့မှာ ကနေဒါဘက်သို့ ခြေဦးလှည့်သွားပြန်ကြောင်း ဖူယောင်ဝေက ရှင်းပြသည်။ စိတ်ပါဝင်စားအချို့က ၎င်းတို့သားသမီးများ အလယ်တန်းပညာ ပြီးဆုံးမှသာ အပြောင်းအရွှေ့ စီစဉ်ကြကြောင်း သိရသည်။
အလုပ်အကိုင်ရော ငွေကြေးပါ မပြည့်စုံသည့် ဟောင်ကောင်သူ၊ ဟောင်ကောင်သားအချို့သည် ဗြိတိန်သို့ ရောက်ရှိလာသည့်အခါ အိမ်ယာအငှားဈေးကွက် အခက်အခဲနှင့် ရင်ဆိုင်ရကြောင်း၊ အိမ်ငှားများ၏အခြေအနေကို အိမ်ရှင်များက အတိအကျစစ်ဆေးကြောင်း၊ အလုပ်အကိုင်ရှာဖွေရေးမှာ လန်ဒန်တွင် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဆက်လက်ဖော်ပြထားသည်။