အဘူဂျာ၊ ဩဂုတ် ၂၈
နိုက်ဂျီးရီးယားအဆင့်မြင့်စစ်သင်တန်းကျောင်းသို့ သေနတ်သမားများဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိနှစ်ဦး သေဆုံးပြီး လက်နက်ကိုင်တပ်ဖွဲ့အမှတ်တံဆိပ်ဖြင့် နောက်ထပ်အရာရှိတစ်ဦးကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်အရ သိရသည်။
အဆိုပါ စီးနင်းတိုက်ခိုက်မှုသည် ဩဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့ပြီး အဆိုပါစစ်သင်တန်းကျောင်းသည် နိုက်ဂျီးရီးယားနိုင်ငံ၏ စစ်အရာရှိများ အဓိကမွေးဖွားပေးရာကျောင်းဖြစ်ကြောင်း၊ လက်နက်အုံကြွမှုများ၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရာဇဝတ်ဂိုဏ်းများစွာတို့နှင့် ရင်ဆိုင်နေရသည့် နိုက်ဂျီးရီးယား စစ်တပ်အတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက သတင်းဆက်လက်ဖော်ပြသည်။
နိုက်ဂျီးရီးယားကာကွယ်ရေးတက္ကသိုလ်၏ လုံခြုံရေးစနစ်ကို ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်း၌ အမျိုးအမည်မသိ သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကာဒူနာပြည်နယ် အနောက်မြောက်ပိုင်းရှိ အဆိုပါတက္ကသိုလ်မှ ပြောခွင့်ရသူ ဗိုလ်မှူး ဘာရှာမိုဟာမက်ဂျာဂျီရာက ပြောသည်။
“ကျနော်တို့ အရာရှိနှစ်ဦး သေဆုံးပြီး တစ်ဦး ပြန်ပေးဆွဲခံရပါတယ်” ဟု ၎င်းက အတည်ပြုပြောကြားသည်။
စစ်တပ်မှ တပ်စိတ်များနှင့် လုံခြုံရေးအဖွဲ့အစည်းများက ယင်းသို့ စီးနင်းတိုက်ခိုက်ခဲ့သူများကို လိုက်လံရှာဖွေနေပြီး ပြန်ပေးဆွဲခံရသူကို ကယ်တင်ရန် ကြိုးစားနေကြောင်း ဘာရှာမိုဟာမက်ဂျာဂျီရာက ဆက်လက်ပြောကြားသည်။
ကာဒူနာပြည်နယ်၏မြို့တော်အပြင်ဘက်တွင် တည်ရှိသော အဆိုပါ အဆင့်မြင့်စစ်သင်တန်းကျောင်းသည် နိုက်ဂျီးရီးယားတပ်အရာရှိများနှင့် အခြား အာဖရိကဗိုလ်လောင်းများကို လေ့ကျင့်ပေးလျက်ရှိသည်။
အဆိုပါဖြစ်စဉ်အပေါ် မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မကြေညာသေးသော်လည်း နိုက်ဂျီးရီးယားပြည်တွင်းလက်နက်ကိုင်အဖွဲ့များနှင့် ရာဇဝတ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှုကို စစ်တပ်က ရင်ဆိုင် နေရဆဲဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ရေးသားဖော်ပြထားသည်။