၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၈

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ထံမှ ထွက်ပြေးသွားသည့် တပ်သားနှစ်ဦး၏ မိသားစုဝင်များကို ငွေသိန်း ၄၀ ပေးရန် KIA မှ တောင်းဆိုထားသည်ဟု သိရသည်။

ဩဂုတ် ၁၉ ရက်က KIA တပ်ဖွဲ့ကနေ တပ်သားနှစ်ဉီးသည် သေနတ် ၂ လက်ဖြင့် ထွက်ပြေးသွားခဲ့ရာ သေနတ် ၂ လက်ပါသွားသည့်အတွက် မိသားစု၀င်များကို ခေါ်ယူ၍ သေနတ်တန်ဖိုး သိန်း ၅၀ ပေးရန်တောင်းရာ ထွက်ပြေး သွားသည့် တပ်သားနှစ်ဉီး၏ မိသားစုဝင်များ သွားရောက် ညှိနှိုင်းခဲ့စဉ် သိန်း ၄၀ ပေးရန် ဩဂုတ် ၂၇ ရက်က သဘောတူ လက်မှတ်ထိုးခဲ့ရသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြေသည်။

“သူတို့က (KIA) သိန်း ၅၀ တောင်းတာ။ သူတို့ ထွက်ပြေးသွားတဲ့အခါ ပစ္စည်းပါသွားတာပေါ့လေ။ ပစ္စည်းပါသွား တဲ့ အခါကြတော့ သေနတ်တစ်လက်ကို ၂၅ သိန်းနဲ့ နှစ်လက်စာ ၅၀ ပေးပါလို့ အဲလိုတောင်းတယ်လို့ ပြောတယ်။ ထွက်ပြေးသွားတာ နှစ်ခုတောင်းဆိုတာပေါ့လေ။ တစ်ခုက လူနဲ့ ပစ္စည်းနဲ့ လာအပ်လာ။ မအပ်နိုင်ရင် အဲဒီငွေပေး ရမယ်ဆိုပြီး ပြောတဲ့အခါကြတော့ ဘယ်လို သွားရှာမလဲ၊ လူကလည်း ထွက်ပြေးသွားတယ်ဆိုတော့။ အဲဒီသိန်း ၅၀ ကိစ္စညှိနှိုင်းလိုက်တော့ သိန်း ၄၀ နဲ့ အဆင်ပြေသွားပြီးမှ လက်မှတ်ထိုးခဲ့ရတယ်လို့ပြောတယ်။အဲမိသားစုတွေ က ပိုက်ဆံတော့ မပေးနိုင်ကြဘူး” ဟု စိုင်းဌေးအောင်က ပြောသည်။

ထွက်ပြေးလာသည့် လူငယ်များမှာ အင်းတော်ကြီးဒေသမှ ရှမ်းနီလူငယ်များဖြစ်ပြီး KIA မှ မူးယစ်ဆေးဝါး ဖြတ် ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် KIA တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခိုင်းခံရသူများ ဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် KIA ကို ပေးဆောင်ရန် မိသားစုဝင်များက ငွေကြေးလိုအပ်နေပြီး ကျွဲ၊ နွား၊ လယ်များ ရောင်းချကာ ပေးဆောင်ရန်မှာလည်း လက်ရှိကာလ၌ ဝယ်သူမရှိဘဲ ငွေပေးဆောင်ရန် အခက်အခဲဖြစ်နေကြောင်း စိုင်းဌေးအောင်က ဆိုသည်။

“ကျနော်တို့က သူတို့ကို မကူညီပေးနိုင်ဘူး ငွေကြေးကိစ္စက ပြောပေးရုံပဲ။ ကလေးမိဘတွေက KIA စခန်းနဲ့လည်း အရမ်းနီးနေတယ်။ ကြောက်လည်း ကြောက်နေတယ် သူတို့။ ပေးဖို့လောက်ပဲပေါ့နော်။ ပေးဖို့ဆိုလည်း ခု လော လောဆယ်က ငွေမရှိဘူး။ ဒါပေမယ့် ကျွဲတွေ၊ နွားတွေတော့ ရှိတာပေါ့။ အမျိုးတွေမှာ ပိုက်ဆံ လိုက်ချေးနေတယ် လို့တော့ သတင်းကြားရတယ်။ နောက်တစ်ယောက်ဆိုရင်လည်း ကျနော်ကြားရတာဆိုရင်တော့ အိမ်ပြန်ပြီးတော့ မှ လယ်ရောင်းရမယ့်အဆင့်ကို ရောက်နေတာပေါ့။ လယ်ရောင်းပြီးမှ ပေးနိုင်မှာပေါ့လေ။ လယ်ရောင်း မယ်ဆို ရင်လည်း ခုလောလောဆယ် အခြေအနေက စီးပွားရေးကျပ်တာနဲ့ ဘယ်သူက ဝယ်နိုင်မှာလဲ” ဟု စိုင်းဌေးအောင် က ပြောသည်။

KIA တွင် ဥပဒေရှိပါက ဥပဒေအတိုင်း လုပ်ဆောင်ရမှာဖြစ်ပြီး KIA မှ ထွက်ပြေးလာခြင်း ဖြစ်သည့်အတွက် ၎င်းတို့တွင် တာဝန်ရှိပြီး ယခုကဲ့သို့ မိဘများထံ အကျပ်ကိုင် ငွေတောင်းဆိုခြင်းမှာ သဘာဝမကျကြောင်း စိုင်းဌေးအောင်က ပြောသည်။

အဆိုပါ ငွေတောင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ CNI သတင်း ဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

KIA အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအားလုံး တန်းတူရေးအတွက် ဦးဆောင်တိုက်နေသည့် အဖွဲ့အစည်းဟု တစ်နိုင်ငံလုံးက သတ်မှတ်ထားပြီး ယခုကိစ္စမှာ ဌာနေတိုင်းရင်းသား အချင်းချင်း၊ အတူနေ တိုင်းရင်းသားအချင်းချင်းအပေါ် နှိပ်စက်သလို ဖြစ်နေသည်ဟု စိုင်းဌေးအောင်က ဆိုသည်။

ကချင်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲသည့် သူများကို KIA မှ ဖမ်းဆီးကာ မူးယစ်ဆေးဝါးဖြတ်ပေးပြီး စစ်မှုထမ်းဆောင်ခိုင်းသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။