၂၀၂၁ခုနှစ်၊ သြဂုတ် ၂၈
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အနေဖြင့် PDF များအား အားပေးသည့် လုပ်ရပ်များ မလုပ်ကြရန်နှင့် ၎င်းတို့ လှုပ်ရှား သည့် နယ်မြေအတွင်း အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်နေခြင်းများသည် ငြိမ်းချမ်းရေးနှင့် လုံးဝမအပ်စပ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုအကြောင်းအရာအား သြဂုတ် ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နစက-သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “PDF အမည်ခံတွေကို လက်နက်ထောက်ပံ့နေ တာ၊ အကြမ်းဖက် သင်တန်းပေးနေတာ၊ EAO အဖွဲ့တွေထဲမှာ တာဝန်ထမ်းဆောင်ခိုင်းနေတာ၊ တာဝန် မထမ်းဆောင်ချင်လို့ ထွက်ပြေးနေသူတွေကို ဖမ်းဆီးနှိပ်စက်နေတာတွေ၊ သူတို့လှုပ်ရှားနေတဲ့ နယ်မြေအတွင်းမှာ အပြစ်မဲ့ပြည်သူလူထုကို သတ် ဖြတ်နေတာတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံးဝမအပ်စပ်တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လွှမ်းခြုံမှသာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ အဓိပ္ပါယ်ပြည့်စုံမှာဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုဟာ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲဆိုတဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေနဲ့ PDF များကို အားပေး နေတဲ့ လုပ်ရပ်တွေကို မလုပ်ကြဖို့ သတိပေးလိုပါတယ်” ဟု ပြောသည်။
EAO များအနေဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ လက်မှတ်ရေးထိုးမထားသည်ဖြစ်စေ၊ နိုင်ငံတော်နှင့် ပြည်သူလူထု သွားနေသည့် ပါတီစုံဒီမိုကရေစီစနစ်၌ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
G-Z များကို လက်ခံကာ စစ်သင်တန်းနှင့် ဖောက်ခွဲရေး သင်တန်းများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(TNLA)၊ KNU တို့မှ ပေးနေကြောင်း၊ ထိုအဖွဲ့များသည် အားလုံးကို မဆိုလိုဘဲ ဉပမာ- KIA ဆိုလျှင် တပ်မဟာ(၃)နှင့် (၈) က ပေးနေပြီး KNU ဆို တပ်မဟာ (၅)က ပေးနေကြောင်း နစက-သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့အနက် KNU သည် NCA ထိုးထားသည့် လက်နက်ကိုင်ဖြစ်ပြီး KIA နှင့် TNLA တို့ ကတော့ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဖေဖော်ရီလ ၁ ရက် စစ်တပ်မှ အာဏာ ရယူ ပြီးနောက် ဆန့်ကျင်ဆန္ဒပြခဲ့သည့်သူများကို နိုင်ငံ တကာ လူသားချင်း စာနာထောက်ထားမှုအရ KNU မှ လက်ခံထားခြင်း ဖြစ် ကြောင်းနှင့် ထိုသို့ လက်ခံထားခြင်းမှာ ဝန်ထုပ်ဝန်ပိုး ရှိနေသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တတ်နိုင်သည့်ဘက်က ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် CNI သတင်းဌာနသို့ သြဂုတ် ၂၇ ရက်နေ့ က ပြောထားသည်။
ပဒိုစောတောနီးက “နောက်ထပ် စစ်ရေးစစ်ရာနဲ့ လာပြီး ဖိအားပေးတာတွေ ရှိမယ်။ အမျိုးမျိုး ဝေဖန်ကြတာပေါ့။ Generation Z တွေကို လက်ခံလို့ CDM တွေကို လက်ခံလို့ ဘာပဲပြောပြော ကျနော်တို့ ပြောချင်တာက ပြဿနာ တစ်ခုကို တကယ်တမ်း အဖြေရှာချင်တယ်ဆိုရင် ဒါမျိုးလုပ်လို့ မရဘူးလေ။ အဖြေရှာချင်တယ်ဆိုရင်တော့ နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုတယ်လေ။ သတ် တာ ဖြတ်တာတွေက မလုပ်တော့ဘူးဆိုတာက ကျနော်တို့ ပြောထားတာ အဲတာကို အရင်ပြပါ။ အရင်မပြပဲနဲ့ စစ်ရေးစစ်ရာနဲ့ ထိုးတက်လာပြီး ကျနော်တို့ကတော့ ခုခံကာကွယ် ပိုင်ခွင့်ကတော့ ကျနော်တို့ နယ်မြေထဲရောက်လာပြီဆိုရင် ကျနော်တို့က တော့ လုပ်သင့်တာ လုပ်ရမှာပဲ” ဟု ပြောသည်။
KNU အနေဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ စစ်အာဏာရှင်မှမဟုတ် မည်သည့် အာဏာရှင်မှ လက်ခံမည် မဟုတ် ကြောင်း၊ စစ်တပ်က ကရင်ပြည်နယ်တွင် NUG နှင့် PDF အဖွဲ့ဝင်များကို နေထိုင်ခွင့်မပြုရန် KNU သို့ စာပို့တောင်းဆို ထား ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း KNU ၏ တပ်မဟာ နယ်မြေတချို့တွင် စစ်တပ်မှ တပ်အင်အားတိုး ချဲ့ခြင်း၊ ထောက် လှမ်းခြင်းများရှိ နေ ခြင်းကြောင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာနိုင်သည့် အခြေအနေမှာ ရှိနေကြောင်း ဆိုကြသည်။