CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၇

မိမိတို့ အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကနေ ဘယ်တော့မှ သွေးဖယ်သွားမှာ မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို တည် ဆောက်ရေး ခိုင်ခိုင်မာမာ အာမခံကြောင်း နစက၏ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်သူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကျနော်နိုင်ငံဟာ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်မှန် သော ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံတော်အစိုးရက ခိုင်ခိုင်မာမာ အာမခံထားပြီဖြစ်ပါတယ်။ ကျနော်တို့ ဒီလမ်းကြောင်း ကနေ ဘယ်တော့မှ သွေးဖယ်သွားမှာ မဟုတ်ပါဘူး၊ ဒီမိုကရေစီစနစ်အပေါ်မှာ လိမ်လည် မသမာမှု လုပ်ခဲ့တဲ့ မဲမသမာမှု များကြောင့်သာ အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်ကို ရယူခဲ့ခြင်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ် ကို ကျင်းပပေးဖို့ အာမခံပြီဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ အတိုင်းသာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်(EAO)များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ လက်မှတ်ထိုးမထားသည်ဖြစ်စေ နိုင်ငံတော်နှင့်ပြည်သူလူထုက သွားနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းဆိုသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “PDF တွေကို လက်နက်ထောက်ပံ့နေတာ၊ သင်တန်းပေးနေတာ EAO အဖွဲ့တွေထဲမှာ တာဝန် ထမ်းဆောင်ခိုင်းနေတာ တာဝန်မထမ်းဆောင်ချင်လို့ ထွက် ပြေး နေတဲ့လူတွေကို ဖမ်းဆီးနှိပ်စက်နေတာတွေ၊ သူတို့ လှုပ်ရှား နေတဲ့ နယ်မြေအတွင်း မှာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံးဝ မအပ်စပ်တဲ့ လုပ်ငန်း တွေ ဖြစ်ပါတယ်၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလွှမ်းခြုံနေမှသာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ အဓိပ္ပာယ် ပြည့်စုံမှာဖြစ်ပါတယ်၊ လက်နက်ကိုင်ခြင်းဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်”ဟု ပြောသည်။

တပ်မတော်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က မဲအငြင်းပွားမှုများကို ဖြေရှင်းပေးခြင်းမရှိဘဲ အစိုးရဖွဲ့စည်းရေး လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် အာဏာကို ရယူလိုက်သည်။

ထို့နောက် မြန်မာနိုင်ငံအတွင်း ဆန့်ကျင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်၍ လက်နက်ကိုင် လမ်း ကြောင်းဖြင့် တပ်မတော်က ရယူထားသည့် နိုင်ငံတော်အာဏာကို ပြန်လည်ရယူရေး ကြိုးပမ်းမှုများရှိလာခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ကြေ ညာထားပြီး ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ ရွေးကောက်ပွဲပြန်လည် ကျင်းပပေးမည်ဟု နစက-ကလည်း ကြေညာထား သည်။

သို့သော် နိုင်ငံရေးပါတီတချို့နှင့် ပြည်သူလူထုတချို့ကတော့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပမည်ကို လက်မခံနိုင်ကြောင်း ဆိုသည်။