CNI News
၂၀၂၁ ခုနှစ်၊သြဂုတ် ၂၇
ဖမ်းဆီးခံရမည်ကို စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူများကို အမှုများ ပြန်လည်ရုပ်သိမ်းပေးမည် ဟုကြေညာထားရာ ကျန်းမာရေးနှင့်ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ ၅၉၁ ဦး ဆက်သွယ်လာ ပြီး ၂၀၀ ဦးကို အမှုရုပ်သိမ်းပေးလိုက်ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ (သြဂုတ် ၂၇ ရက်) ထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့များထံ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များသို့ စိုးရိမ် စိတ်ဖြင့် တိမ်းရှောင်နေကြသူ ကာယကံရှင်များ ကိုယ်တိုင်သော်လည်း ကောင်း၊ ကာယကံရှင်၏ မိဘဆွေမျိုး သားချင်းများမှ တစ်ဆင့် သော်လည်းကောင်း ယုံကြည်စွာဖြင့် ဆက်သွယ်လာကြရာတွင် အသိပေးထုတ်ပြန် ကြေညာခဲ့သည့် သြဂုတ် ၄ ရက်မှ ၂၆ ရက်အထိ ကျန်းမာရေးနှင့်ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင် နေသူ ၅၉၁ ဦး ဆက်သွယ် လာခဲ့ပါကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆက်သွယ်လာသူ ၅၉၁ ဦးနှင့် ပတ်သက်သည့် မှုခင်းများအား တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ သြဂုတ် ၃ ရက်နေ့ ထုတ်ပြန် ကြေညာချက်ပါ အမှုပိတ် သိမ်းခြင်း၊ ရုတ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်ပြီး ဖြေလျော့ပေးရန် ကိုက်ညီမှုရှိသည့် အတွက် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူ ၂၀၀ ဦးတို့၏ အမှုများအား ပိတ်သိမ်းပေးပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိသော အမှုများနှင့်ပတ်သက်၍ အမြန်ပိတ်သိမ်းနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နစက “လာရောက်ဆက်သွယ်သူများကိုလည်း ရဲစခန်းတွင် လိုအပ်သော ရုံးလုပ်ငန်းစာရွက်စာတမ်းပိုင်းဆိုင်ရာ များကိုသာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်ခြင်းဖြစ် ပြီး ဆက်သွယ်လာသူများကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းစစ်ဆေးခြင်းများ လုံးဝပြုလုပ်ခြင်းမရှိပါကြောင်းနှင့် စိုးရိမ် စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ စေတနာအပေါ် ယုံကြည် စိတ်ချစွာဖြင့် ထိပ်မံ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်”ဟု ဆိုသည်။
ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦးများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ် စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီး သီးမှ ပုဂ္ဂိုလ် များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေဖွင့်ထား သည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သြဂုတ် ၃ ရက်က ထုတ်ပြန်ထားခဲ့ရာ ယခုလထဲတွင် ၅၉၁ ဦးဆက်သွယ်လာခြင်းဖြစ်သည်ဟုလည်း နစကမှ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ် ၈ ရက်ကလည်း နစကမှ ကျန်းမာရေးနှင့်ပညာရေး အစရှိသည့်အလွှာစုံမှ တိမ်းရှောင်နေသူ အမှုပိတ်သိမ်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။