CNI News
ဝါရှင်တန် ဩဂုတ် ၂၇
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်လေဆိပ်ရှိ လူစည်ကားသည့် ဂိတ်ပေါက်များတွင် ဩဂုတ် ၂၆ ရက် ညပိုင်းက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အရပ်သား အများအပြားနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး သောင်းနှင့်ချီသော အာဖဂန်နိုင်ငံသားများ လေယာဉ်ဖြင့် ထွက်ပြေးရန်ကြိုးစားနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကဘူးလ်မြို့၌ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့သော အသေခံ ဗုံးခွဲမှု ကျူးလွန် သူများကို လိုက်လံရှာဖွေရန် အမိန့်ပေးလိုက်ပြီး အာဖဂန်နစ္စတန်မှ ထောင်နှင့်ချီသော အရပ်သားများကို ကယ်တင်နိုင်ရေး အတွက် ၎င်း၏မစ်ရှင်ကို အဟန့်အတားမရှိကြောင်း ပြောကြားခဲ့သည်။
ကဘူးလ်လေဆိပ် အသေခံ ဗုံးခွဲမှုနှစ်ခုအတွင်း ဗုံးခွဲမှုတစ်ခုသည် အမေရိကန်စကားပြန်များ၊ အမေရိကန်တပ်နှင့် ပူးပေါင်း သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စလာမ္မစ်နိုင်ငံတော် (IS-Islamic State) က ထုတ်ဖော်ပြောထားသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူများက အဆိုပါ IS အဖွဲ့ကို အပြစ်တင်ခဲ့သည်။
ဩဂုတ်လ ၂၆ ရက်၊ ကြာသပတေးနေ့ နှောင်းပိုင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးမှုသည် ၁၂ ဦးမှ ၁၃ ဦးအထိ တိုးလာ ခြင်းကြောင့် ၂၀၁၁ ခုနှစ်၊ ဩဂုတ်က ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကြောင့် အမေရိကန်တပ်သား ၃၀ သေဆုံးရပြီး နောက်ပိုင်း ယခုဗုံးခွဲမှုသည် အမေရိကန်တပ်ဖွဲ့ဝင် အများဆုံး သေဆုံးရမှုဖြစ်သည်ဟု ယုံကြည်ရကြောင်း သတင်း အေဂျင်စီ များက သုံးသပ်သည်။
ဂျိုးဘိုင်ဒန်က “ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ လူတွေအပြင် အမေရိကန်ကို ထိခိုက်နစ်နာစေလိုတဲ့ ဘယ်သူမဆို သိထားရ မှာ က ကျနော် တို့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ မေ့သွားမှာလည်း မဟုတ်ဘူး။ လိုက်ရှာပြီး သူ့ဆီက ပြန်လည်ပေးဆပ်မှုတစ်ခု တောင်းမှာ ဖြစ်တယ်” ဟု ပြောသည်။
Photo - AP
အသေခံ ဗုံးခွဲသူများ၏ နောက်ကြောင်း ခြေရာခံရှာဖွေရန် ဘိုင်ဒန်က ကတိပြုခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံတော်(ISIS-K) အဖွဲ့ကို တိုက်ခိုက်ရေး အဆောတလျင်
စီစဉ်ရန် ပင်တဂွန်စစ်ဌာနချုပ်ကို သမ္မတက အမိန့်ပေးခဲ့သည်။
နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ယန်းစတောတင်းဘက်ဂ်က ယခု အသေခံ ဗုံးခွဲတိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ကြောင်းနှင့် ထိရှလွယ်သူများကို နေတိုး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ကဘူးလ်မှ တတ် နိုင်သမျှ ကယ်ထုတ်ရန် တိုက်တွန်းကြောင်း ပြောခဲ့သည်။
ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးမှ ၂၀ အထိ သေဆုံးကြောင်း တာလီဘန်အုပ်စုက ကြေညာထားပြီး သေဆုံးအရေ အတွက် ၆၀ အထိ တိုးလာနိုင်ဖွယ်ရှိကြောင်း ယခင် အာဖဂန်အစိုးရ ကျန်းမာရေးအရာရှိတစ်ဦးက ပြောခဲ့သည်။
သေဆုံးသွားသော အမေရိကန် စစ်သားများကို သူရဲကောင်းများဟု အိမ်ဖြူတော် မိန့်ခွန်းထဲတွင် ဘိုင်ဒန်က ထည့်သွင်း ချီး ကျူး သွားခဲ့ပြီး ကဘူးလ်မှ ကယ်ထုတ်ရေး အစီအစဉ်ကို အမေရိကန်အပြီးသတ် ဆုတ်ခွာမည့် ဩဂုတ် ၃၁ ရက်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ကျနော်တို့အတွက် အကြမ်းဖက်သမားတွေ အနှောင့်အယှက် ပေးနိုင်တာမျိုး မရှိစေရဘူး။ သူတို့ကြောင့် ကျနော်တို့ မစ်ရှင် ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဘေးလွတ်ရာ ကယ်ထုတ်ရေး ဆက်လုပ်သွားမယ်” ဟု ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။