CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော် (ULA/AA) အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ရက္ခိတ လမ်း စဉ်ကို ရရှိရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ထံ အခွင့်အရေး တောင်းဆိုနေမှာ မဟုတ်ဘဲ ကိုယ့်စွမ်းအားဖြင့်သာ တည်ဆောက်သွားမည်ဟု AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က CNI သတင်းဌာသို့ ပြောသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အတွေးအခေါ်ပေါ့။ သူ့ရဲ့ လမ်းကြောင်းအရဆိုရင် ဖက်ဒရယ်ဒီမိုကရေစီလို့ပဲ ပြောနေကြတာ။ ကျနော်တို့က ရခိုင်အမျိုးသားရေး လက္ခဏာနဲ့ သမိုင်းကြောင်းနဲ့ သူ့ရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေး အဆင့်အတန်းကို ကျနော်တို့က ပြောနေတာ ဖြစ်တယ်။ သူတို့ ပြောနေတာ နဲ့ ကျနော်တို့ လိုချင်တဲ့ဟာက အံဝင်ဂွင်ကျတော့ မဖြစ်ဘူးပေါ့။ ဒီအပေါ်မှာ မြန်မာ့တပ်မတော်ဘက်ကလည်း ဒါကို ပေးလာမှာလည်း မဟုတ်ဘူး။ ပေးလည်းမပေးနိုင်ပါဘူး” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “NUG ဘက်ကလည်း တကယ်တမ်းသာ သူအစိုးရနေရာမှာ အာဏာရနေဦးမယ်ဆိုရင် ဒီ Position မှာပဲ ပြောပါလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စက ကျနော်တို့ကလည်း ဘယ်သူ့ဆီကမှ တောင်းနေမှာ မဟုတ် ပါဘူး၊ ကိုယ့်ဘာသာ ကိုယ့်စွမ်းအားနဲ့ကိုယ် တည်ဆောက်ပြီးသွားမှာပါ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ရက္ခိတလမ်းစဉ်ကို လူ့သဘော သဘာဝအရ အတွေးခေါ်အသစ်ဟု ထင်မြင်ကြမည်သာဖြစ်ပြီး လက်ခံနိုင်ကြမှာ မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် ရသင့်ရထိုက်သည့် နေရာမှန်ကို ရရှိရန် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ မိမိ တို့ လုပ်ဆောင်ရမည့်အလုပ်ဟု မှတ်ယူထားကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က AA အနေဖြင့် သီးခြားရပ်တည်၍ မရဘဲ မြန်မာနိုင်ငံ၏ ပထဝီ နိုင်ငံ ရေး၊ စစ်ရေးအရ မဖြစ်နိုင်ကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေအရ စစ်တပ်က အချိန်တစ်ခု နားလည်မှုပေး ထားခြင်းဖြစ်ပြီး ၎င်းအကန့်အသတ် ကျော်လွန်သွားပါက AA နှင့် စစ်တပ်အကြား တိုက်ပွဲများ ပြန်လည် ဖြစ်လာ နိုင်သည်ဟု ဆိုသည်။

“NUG က တိုက်နေတာက စစ်အာဏာရှင်စနစ် မြေမြုပ်သင်္ဂြိုလ်ပစ်ရေး၊ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ကို ဖျက် သိမ်းရေးကို တိုက်နေတာပါ။ အဲလို တိုက်နေတဲ့ ကိစ္စမှာ AA အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စထဲမှာ မပါဝင်ဘဲနဲ့ သီးခြား သူ့ ကွန်ဖက်ဒရိတ် ပြည်နယ်တစ်ရပ်အနေနဲ့ ရပ်တည်ဖို့ဆိုတာ ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေး၊ ပထဝီစစ်ရေး အခြေ အနေအရ မဖြစ်နိုင်ပါဘူး။ ခုရနေတယ်ဆိုတဲ့ အခွင့်အရေးက တစ်ပြည်လုံးမှာ အကျပ်အတည်းတွေ စစ်ပွဲတွေ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နိုင်နေရတဲ့ အခြေအနေအရ စကစ-က အချိန်တစ်ခု ရခိုင်ပြည်နယ်ကို နားလည်မှုပေးနေ တာ အဲတာ အကန့်အသတ်ရှိပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

NUG အနေဖြင့် အစိုးရဖြစ်လာလျှင် အခြားပြည်နယ်များကဲ့သို့ ရခိုင်လူထု ရယူလိုသည့် ဖက်ဒရယ်အခွင့်အရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ရရှိရန်အတွက် အသိအမှတ်ပြုရမှာဖြစ်ပြီး ရခိုင်ပြည် သီးခြားရပ်တည်ရန်မှာ ဖြစ် နိုင်ခြေနည်းပါးသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နစက နှင့် NUG သည် ကုလသမဂ္ဂမှာ ကိုယ်စားလှယ်ခန့်အပ်ခွင့် ရရှိနိုင်ရေးနှင့် ပတ်သက်ပြီး အကြိတ်အနယ် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ အားပြိုင်မှုမှာ စိတ်ဝင်စားစရာ နိုင်ငံတကာ အခင်းအကျင်းဖြစ်ကြောင်း၊ သို့သော်လည်း အရေးကြုံလာ သည့် အချိန်တိုင်းတွင် ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း၊ ရှုံ့ချပါသည်ဆိုသည့် ကြေညာချက် တစ်စောင် ဖြင့် နိဂုံးချုပ်သွားခြင်းက များသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA)တို့ တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ (၂) သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC) မှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော် (ULA/AA)နှင့် မြန်မာ့ တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ခုနှစ်၊ မတ် ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA က ထုတ်ဖော် ပြောကြားဖူးသည်။

 

#ဗိုလ်ချုပ်ထွန်းမြတ်နိုင်

#ULA/AA

#ရက္ခိတလမ်းစဉ်

#ရခိုင်ပြည်နယ်

#တိုက်ပွဲ

#ဦးသန်းစိုးနိုင်

#ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

#တပ်မတော်

#NUG

#CNImyanmar

#cninews

#ChannelNewsIndependent