လတ်တလောတွင် အိမ်ဖြူတော်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ မငြိမ်မသက် ဖြစ်ပေါ်နေမှုများအပေါ် မိန့်ခွန်းများ၊ အင်တာဗျူးမှ တစ်ဆင့် ရှင်းပြရန် ကြိုးစားနေကြောင်း စီအင်န်အင်န်က သတင်းသုံးသပ်ချက်အဖြစ် ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် COVID-19 ကာကွယ်ဆေးထိုးရန် အချိန်ဇယားကို အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက ရေးဆွဲနေ ပြီး ဘိုင်ဒန်သည် သူ့ပြည်တွင်းရေး မျက်ခြေအပြတ်ခံ၍ မရဘဲ အာရုံစိုက်နေရသည်။ ဩဂုတ် ၁၉ ရက်က ဘိုင်ဒန်သည် ဒီမိုကရက်တစ်အမတ်များနှင့် အာဖဂန်နစ္စတန်အကြောင်း မဟုတ်ဘဲ နှီးနှောပြောဆိုခဲ့ပြီး သမ္မတလုပ်ငန်းဆောင်တာအနေဖြင့် အခြေခံ အဆောက်အဦ အစီအစဉ်များအတွက် အဆုံးအဖြတ်ပေးရသည်။ ကဘူးလ်မြို့အခြေအနေ ဆိုးရွားနေသော်လည်း အမေရိကန်သမ္မတအနေဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ထိန်းထားရန် ရည်ရွယ်ထားပုံရသည်။

အာဖဂန်နစ္စတန်မှ တပ်များဆုတ်ခွာရေးကို လူထုအများစုက ထောက်ခံနေဆဲဖြစ်သည်ဟု ဘိုင်ဒန်၏လက်ထောက်များက ယုံကြည်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ကဘူးလ်မြို့တွင် ကမောက်ကမဖြစ်ခဲ့မှုများအပြီး “အာဖဂန်စစ်ပွဲ အဆုံးသတ် ရန် အချိန်ကောင်းကောင်း မရလိုက်ဘူး” ဆိုသည့် သမ္မတ၏ ရှင်းလင်းချက်များသာ တွေ့မြင်နေရသည်။

အာဖဂန် အကျပ်အတည်းအပြင် ကပ်ရောဂါကြောင့် အမေရိကန်ပြည်တွင်း အလုပ်လက်မဲ့ များပြားလာမှုနှင့် ကာကွယ်ဆေး ပြည်လုံးကျွတ် မထိုးနှံရသေးသည့် အရေးကိစ္စများကလည်း အပူတပြင်း ဖြစ်နေသည်။ အဆိုပါ အကျပ်အတည်းများကို ရှင်းပြ ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ဘိုင်ဒန် ကြိုးစားနေခဲ့သလို သူ့အစိုးရအပေါ် ယုံကြည်စိတ်ချမှု ပြန်လည်အရယူရန် လိုအပ်နေပြီ ဖြစ်ကြောင်းကိုလည်း အိမ်ဖြူတော်က ကောင်းစွာသိမြင်သည်။

ယခုအချိန်အထိ တာလီဘန်များ အာဏာသိမ်းမှုအတွက် အမေရိကန်သမ္မတက စနစ်တကျ ကြိုတင် ပြင်ဆင် ထားရဲ့လား ဆိုသည့် မေးခွန်းအပေါ် ၎င်း၏တုံ့ပြန့်မှု အတန်ငယ် ငြိမ်သက်နေသည်က အမှန်ပင်ဖြစ်သည်။

ကဘူးလ်မြို့ထဲတွင် ကျန်ရှိနေသေးသော အမေရိကန်နိုင်ငံသားများနှင့် ဝန်ထမ်းများကို ဘေးလွတ်ရာ ရွှေ့ပေးသည့် အစီအစဉ် မှာ ယခု ရက်သတ္တပတ် အစောပိုင်းမှစ၍ သိသိသာသာ တိုးတက်မှုရှိခဲ့သည်။ သို့သော် တာလီဘန်များ ကဘူးလ်ရှိ သမ္မတ နန်းတော်ကို ဝင်ရောက်စီးနင်းပြီးနောက် အမေရိကန်တို့ စနစ်တကျ ဆုတ်ခွာရေးမှာ ပြီးခဲ့သည့်လက ဘိုင်ဒန်၏ ကိုယ်ပိုင် ခန့်မှန်းချက်များနှင့် လွဲချော်နေကြောင်း သိသာထင်ရှားလာသည်ဟု စီအင်န်အင်န်က သုံးသပ်ပြသည်။

Source: CNN

#ဘိုင်ဒန်
#အမေရိကန်
#သမ္မတ
#အာဖဂန်စစ်ပွဲ
#တာလီဘန်
#အာဖဂန်စစ်ပွဲ
#အခက်အခဲဆုံးအချိန်
#CNImyanmar
#cninews
#ChannelNewsIndependent

https://edition.cnn.com/2021/08/19/politics/joe-biden-afghanistan-dire-days-of-presidency/index.html?fbclid=IwAR1Bvq0ZbWP0LZ_nypGzQlXYZMEbOzbjb4yXZgxpXynH73SKal1X7zMVGiI