အသက် ၂၉ နှစ်အရွယ်ရှိ ဟီဆိုလက်နက် (Hi-so Luk Nat) ဟု အများက ခေါ်ကြသော သာနပ်သနကာကီတာ ငွေး(Tanat Thanakitamnuay) သည် ဩဂုတ် ၁၃ ရက်က ဘန်ကောက်မြို့ ဆန္ဒပြပွဲတစ်ခုအတွင်း မျက်စိ တဖက်ဆုံးရှုံးသွားခဲ့ရသည်။
၎င်း၏ညာဘက်မျက်စိရှိ မျက်ကြည်လွှာပေါက်ပြဲသွားခဲ့ပြီး ယင်းမျက်လုံးမှာ အမြင်အာရုံလုံးဝ မရတော့သည့် အခြေအနေသို့ ရောက်ရှိသွားပြီး ဆရာဝန်များက ယင်းညာဘက်မျက်လုံးသည် အမြင်အာရုံ ဆုံးရှုံးလိုက်ရပြီ ဖြစ်ကြောင်း ကောက်ချက်ချကြသည်။
ထိုသို့ တရားဥပဒေနည်းလမ်းအလုံးစုံသုံး၍ စွဲချက်တင်အရေးယူလိုသည့်ကိစ္စကို ထိခိုက်နစ်နာသူမိသားစုက ဩဂုတ် ၁၉ ရက် ညပိုင်းက ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ် လွှင့်တင်ကြေညာခဲ့ပြီး ထိပ်ဖျားတုံးသည့် လက်နက် ကိရိယာတစ်ခုခုဖြင့် မျက်စိထိခိုက်ခဲ့ရပုံရကြောင်း ၎င်းမိသားစုက ရေးသားထားသည်။
Photo - AP
ထိခိုက်နစ်နာသူမိသားစုက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားရာ၌ သာနပ်သနကာကီတာငွေးသည် ဩဂုတ် ၁၃ ရက် ဆန္ဒပြရင်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆန္ဒပြမှုကို အင်အားသုံးဖြိုခွင်းရာတွင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသည် အထိ အကြမ်းဖက်ခံရခြင်းကို အပြစ်တင်ခဲ့ပြီး ထိုင်းအာဏာပိုင်များအနေဖြင့် နိုင်ငံတကာ နည်းလမ်းအတိုင်း မျက်ရည်ယိုဗုံးသုံးခြင်းကို လိုက်နာရန်ပျက်ကွက်ခဲ့ကြောင်း ဖွင့်ချဝေဖန်ထားသည်။
မစ္စတာသာနပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြစုဝေးမှုအလေ့အထကို အမြဲလိုက်နာကြောင်း၊ ၎င်း၏ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ရန်သာ ရည်ရွယ်ကြောင်း၊ ၎င်းသည် အကြမ်းဖက်သည့် မည်သည့် လုပ်ရပ်မဆို ရှောင်ကြဉ်ကြောင်း၊ ဩဂုတ် ၁၃ ရက် ဆန္ဒပြပွဲတွင် အာဏာပိုင်များအနေဖြင့် အကြမ်းဖက် ဖြိုခွင်းတုံ့ပြန်ရန် လုံလောက်သောအကြောင်းပြချက်မရှိကြောင်း ၎င်းမိသားစုက ဆိုထားသည်။
Photo - Rueters
ထို့အတွက် ၎င်းမိသားစုသည် ရာဇဝတ်ကြောင်းနှင့်တကွ တာဝန်ရှိသူဟု ယူဆသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအားလုံးကို စွဲချက်တင် အရေးယူသွားရန် ကြိုးပမ်းမည်ဟု ဖေ့စ်ဘွတ်ပို့စ်တွင် ဆက်လက် ရေးသားထားသည်။
၎င်းမိသားစုသည် ဘန်ကောက် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများ တည်ဆောက်လုပ်ကိုင်နေသော Noble Development Plc လုပ်ငန်းပိုင်ရှင်များဖြစ်ကြပြီး ၎င်းတို့လုပ်ငန်းသည် အိမ်ခြံမြေဝန်ဆောင်မှုအပိုင်းတွင် အထူးထင်ရှားသည်။ မစ္စတာသာနပ်သည် ဒီမိုကရက်တစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး စူသက်သောင်စုဗန်၏ ဘန်ကောက်ပိတ်ဆို့ရေး (Bangkok Shutdown) လမ်းပေါ် စည်းရုံးရေးတွင်လည်း ပါဝင်ခဲ့ဖူးသည်။ ၎င်းသည် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပလန်းပရာချက်ပါတီက ညွန့်ပေါင်းအစိုးရဖွဲ့ချိန်တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။
Source: Bangkok Post
#ဘန်ကောက်
#ဆန္ဒပြပွဲ
#မျက်ကြည်လွှာ
#အစိုးရဆန့်ကျင်ရေး
#တရားဥပဒေ
#ဆန္ဒပြ
#cninews
#CNIMyanmar
#ChannelNewsIndependent